လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့တဲ့ လေဆိပ် တိုက်ခိုက်မှုဟာ ဟိုသီ ပြောက်ကျားတွေရဲ့ စစ်ရာဇဝတ်မှု တစ်ခုဖြစ်ကြောင်း ဆော်ဒီအာရေးဘီးယားက စွပ်စွဲ ပြောကြားခဲ့ပါတယ်။
ဆော်ဒီရဲ့ ရီယတ်ဒ် မြို့တော်မှာရှိတဲ့ ဘုရင်ခါလစ်ဒ် နိုင်ငံတကာ လေဆိပ်ကို ယီမင်အခြေစိုက် ဟိုသီတွေက အောက်တိုဘာ ၁၀ ရက်နေ့မှာ ဒရုန်းနဲ့ ဒုံးကျည်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ တိုက်ခိုက်မှုအတွင်း လူ ၁၂ ဦးသေပြီး ၃၀၉ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆော်ဒီက ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေထဲမှာ ဆော်ဒီ ၄ ဦး၊ ဘင်္ဂလားဒေ့ရှ်က ၂ ဦး၊ အမေရိကန်၊ ဂျော်ဒန်၊ ပါလက်စတိုင်း၊ ဆီးရီးယား၊ ဆူဒန်နဲ့ အီဂျစ်နိုင်ငံသား ၁ ဦးစီ ပါဝင်တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှု အပြီးမှာတော့ လေဆိပ်ရဲ့ လုပ်ငန်း လည်ပတ်မှုတွေကို ယာယီ ရပ်နားထားရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဆော်ဒီနဲ့ ဟိုသီတွေကြားက စစ်ရေး ပဋိပက္ခတွေဟာ ပိုမို အရှိန်မြင့်တက်လာပါတယ်။ ယီမင်မှာ ဆော်ဒီက ကျောထောက်နောက်ခံ ပေးထားတဲ့ အစိုးရ တပ်တွေက ဟိုသီတွေအပေါ် အကြီးအကျယ် ထိုးစစ်ဆင်နေပြီး တစ်ဖက်မှာလည်း ဟိုသီတွေက ဆော်ဒီပိုင်နက်ထဲ တာဝေးတိုက်ခိုက်မှုတွေ ပိုမို လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
နိုင်ငံတကာ အသိအမှတ်ပြု ယီမင်စစ်တပ်ကို အကူအညီ ပေးနေပြီး ဆော်ဒီက ဦးဆောင်နေတဲ့ အာရပ် တပ်ပေါင်းစု ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် တာကီအယ်လ် မာလီကီက ဘုရင်ခါလစ်ဒ် လေဆိပ်ရဲ့ ခရီးတွေ ဝင်ထွက်ရာ terminal တစ်ခု တိုက်ခိုက်ခံရလို့ ခရီးသည်တွေနဲ့ လေဆိပ်ဝန်ထမ်းတွေ ထိခိုက်သေဆုံးခဲ့ကြတာလို့ ပြောပါတယ်။ ဒီလုပ်ရပ်ဟာ အပြည့်အဝ စစ်ရာဇဝတ်မှု မြောက်တယ်လို့လည်း သူက စွပ်စွဲခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီရိုကလည်း ဆော်ဒီပိုင်နက်ထဲမှာ ဟိုသီတွေရဲ့ လတ်တလော တိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပြီး သေဆုံးသူတွေထဲမှာ အမေရိကန် နိုင်ငံသား ၁ ဦး ပါဝင်ခဲ့ကြောင်း အတည်ပြုသွားပါတယ်။
အခုသီတင်းပတ်ထဲမှာတင် အဲဒီလေဆိပ်ဟာ အရင်ကလည်း တိုက်ခိုက်မှု ၂ ခု ကြုံတွေ့ထားပြီး လေယာဉ်မှူး ၁ ဦးအပါအဝင် စုစုပေါင်း ၃ ဦး သေဆုံးကြောင်း ဆော်ဒီ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာလည်း ဆော်ဒီရဲ့ တခြားလေဆိပ်တွေကို ဟိုသီတွေက တိုက်ခိုက်ခဲ့ပြန်တာကြောင့် နောက်ထပ် လူ ၃ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။
အောက်တိုဘာ ၁၀ ရက် တိုက်ခိုက်မှုမှာ ဒဏ်ရာရခဲ့သူတွေထဲက တချို့ဟာ အသက်လု ကုသမှု ခံယူရတဲ့ အခြေအနေ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ လေဆိပ်မှာ ထိခိုက်ပျက်စီးမှုတွေ ဘယ်လောက်ထိ များပြားခဲ့သလဲ ဆိုတာကိုတော့ ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ပါတယ်။
ကိုးကား: BBC



















































