Connect with us

Hi, what are you looking for?

ကဗျာ

“မငြိမ်းချမ်းနိုင်သော နေ့စွဲများ”

◼️အာကာဘုန်းဝေ

၁ ။

လက်နက်တွေထမ်းပြီး

ငြိမ်းချမ်းရေးဆွေးနွေးကြတဲ့အခါ

Public Service Announcement

Public Service Announcement

ကမ္ဘာကြီးက ထထရယ်ပါတယ် ။

၂ ။

ကမ္ဘာကြီး မငြိမ်းချမ်းတော့တဲ့အခါ

ခင်ဗျားခံစားနေရတဲ့ အပူက

ကျနော့်ကို လာလာဟပ်တယ် ။

၃ ။

ကမ္ဘာပေါ်က ဒုက္ခစစ်စစ်တွေကို

လူသားစစ်စစ်တွေကသာ

သိမြင်ခံစားနိုင်လိမ့်မယ် ။

၄ ။

ဖုန်းတွေဆက်တယ် ၊

မက်ဆေ့တွေပို့တယ် ၊

စကားတွေ ဝိုင်းဖွဲ့ပြောတယ် ၊

ရုပ်ရှင်တွေကြည့်တယ် ၊

သီချင်းတွေနားထောင်တယ် ၊

အသစ်အဆန်းတွေ ဖန်တီးတယ် ။

တယောက်နှလုံးသားထဲတယောက်

မဝင်ရောက်ဖြစ်ခဲ့ကြတာကလွဲလို့ ၊

၂၁ရာစုမှာ အရာအားလုံးက

ကျနော်တို့နဲ့ ရင်းနှီးပါတယ် ။

၅ ။

ခင်ဗျား နိုင်ပါတယ် ၊

ကျနော် ရှုံးပါတယ် ။

အဲ့ဒီလိုဖြစ်ဖို့အတွက်လည်း

ကျနော့်မှာ အများကြီးကြိုးစားခဲ့ရပါတယ် ။

၆ ။

လူငယ်ဆိုတာ အချစ်ကြောင့်ချည်း

အသည်းကွဲရတာ မဟုတ်ပါဘူး ။

နိုင်ငံတော်နှင့်ကမ္ဘာမြေကို

ချစ်တတ်သွားတဲ့အခါမှာလည်း

သေချာပေါက် အသည်းကွဲရပါတယ် ။

၇ ။

ငါအမြဲဆုတောင်းပါတယ်

ဒီကမ္ဘာမှာ ” ငါ့အသံကို မင်းကြားနိုင်ပါစေ ၊

မင်းအသံကိုလည်း ငါကြားနိုင်ပါစေ ” လို့ ။

၈ ။

အသံ

ကျယ်ဖို့ မလိုဘူး

ရင်ထဲရောက်ဖို့ပဲလိုတယ် ။

ကဗျာဆရာတွေဆို

အသံတောင်မထွက်ဘူး ။

၉ ။

လူဟာ လူနဲ့ အသက်ရှင်ရတဲ့အတွက်ကြောင့်

ငါ့ဒုက္ခကို မင်းဒုက္ခလို့ ရှုမြင်ပါ ။

ဒါဆိုရင် ခုလက်ရှိကမ္ဘာကြီးဟာ

တမျိုးတဖုံ ပြောင်းလဲသွားနိုင်တယ် ။

၁၀ ။

ပညာတတ်လို့တော့ပြောတာပဲ

ဒါပေမယ့်

နိုင်ငံတော်မှာ ဖွင့်ဆိုနေတဲ့

အသံကို သူမကြားဘူး ။

နိုင်ငံတော်မှာ လွှင့်ကြိုနေတဲ့

အလံကို သူမမြင်ဘူး ။

၁၁ ။

ပညာရှင်များခင်ဗျာ

ကိုယ်ချင်းစာတရားကိုသာ

လူတိုင်းဝယ်ယူသုံးစွဲနိုင်အောင်

များများတီထွင်ပေးကြပါ ။

ကမ္ဘာကြီးခမျာ

စက်ပစ္စည်းအသစ်တွေကို

မလိုအပ်တော့ရှာပါဘူး ။

၁၂ ။

လူတိုင်းလူတိုင်း နိုင်ငံရေးလုပ်ပါ ။

အဲ့ဒီလိုမှမဟုတ်ရင်

နိုင်ငံရေးက လူတိုင်းလူတိုင်းကို

ရက်ရက်စက်စက် လာလုပ်ပါလိမ့်မယ် ။

၁၃ ။

ကျနော့်အနေနဲ့ လူတွေကို

တခုလောက်တောင်းဆိုချင်ပါတယ်

“ငရဲကိုခေါင်းငိုက်စိုက်အနေအထားနဲ့

နိဗ္ဗာန်ကို မြင်ရဲ့လား မမေးကြပါနဲ့” လို့ ။

၁၄ ။

ကျနော်လိုချင်တဲ့ တရားမျှတမှုကိုပေးပါ

ခင်ဗျားလိုချင်တဲ့ ငြိမ်းချမ်းရေးကို ရပါလိမ့်မယ် ။

၁၅ ။

နိုင်ငံတော်ရဲ့ အဆင့်အတန်းကို သိချင်တဲ့အခါ

ရွာထဲက အခြေအနေတွေကို

သေချာလေးကြည့်လိုက်ပါ အတူတူပါပဲ ။

၁၆ ။

အမှိုက်တွေရှိနေတာ ပြသာနာမဟုတ်ဘူး

အမှိုက်တောင်းထဲ ရောက်မနေတာက ပြသာနာ ။

လူယုတ်မာတွေရှိနေတာ ပြသာနာမဟုတ်ဘူး

ထောင်ထဲ ရောက်မနေတာက ပြသာနာ ။

၁၇ ။

ကိုယ်နဲ့ ထိုက်တန်တဲ့ နေရာကိုသိပါ ၊

ကိုယ်နဲ့ ထိုက်တန်တဲ့ နေရာကိုနေပါ ။

နေရာလုတာပဲဖြစ်ဖြစ် ၊ နေရာမှားတာပဲဖြစ်ဖြစ်

ကိုယ့်နေရာမဟုတ်ရင် အမှိုက်ပါပဲ ။

ကမ္ဘာကြီး မငြိမ်းချမ်းတော့ဘူးဆိုတာ

တကယ်တော့ အမှိုက်တွေ များလာတဲ့သဘော ။

၁၈ ။

စစ်မှန်တဲ့ငြိမ်းချမ်းခြင်းကို

ဘာသာတရားတွေဆီကနေ ထိုင်ပြီးဆုမတောင်းပါနဲ့ ။

နိုင်ငံ့ခေါင်းဆောင်ကောင်းတွေကိုသာ

သေချာရွေးချယ်ပြီး ကိုးကွယ်လိုက်ပါ ။

အဲ့ဒါဟာ ပိုပြီးယုတ္တိရှိပါတယ် ။

၁၉ ။

ပြည်သူတွေ ဘယ်လိုရှင်သန်နေကြလည်း မြင်တတ်ရုံနဲ့

နိုင်ငံ့ခေါင်းဆောင်ကောင်းတယောက် လုံးဝမဖြစ်ပါဘူး ။

ပြည်သူတွေ ဘယ်လိုသေဆုံး​သွားကြလည်း မြင်တတ်မှသာ

နိုင်ငံ့ခေါင်းဆောင်ကောင်းတယောက် လုံးဝဖြစ်တာပါ ။

၂၀ ။

ငြိမ်းချမ်းရေးအတွက် ကမ္ဘာကြီးဆီက

စာတစောင်ကို ငါရခဲ့တယ် ။

“အချစ်ပဲ ဖြစ်ဖြစ် ၊ စစ်ပဲ ဖြစ်ဖြစ်

စာသင်ခန်းထဲက လာပါတယ် ၊

စာသင်ခန်းကိုသာ ဂရုစိုက်ပါ” တဲ့ ။

၂၁ ။

သဘာဝပတ်ဝန်းကျင်နဲ့

လိုက်လျောညီထွေဖြစ်​​အောင်

ပြောင်းလဲနေထိုင်ခဲ့ကြပြီး

လူ့ပတ်ဝန်းကျင်နဲ့

လိုက်လျောညီထွေဖြစ်ဖို့

မေ့လျော့ခဲ့ကြတဲ့အခါ

စစ်ပွဲတွေဟာ ငါတို့ကမ္ဘာထဲ

ဝင်ရောက်လာခဲ့တယ် ။

၂၂ ။

စစ်အကြီးကြီးတွေပြီးဆုံးသွားတဲ့အခါ

စစ်သေးသေးလေးတွေ ကျန်နေခဲ့တတ်တယ် ။

စစ်သေးသေးလေးတွေအစပြုလာတဲ့အခါ

စစ်အကြီးကြီးတွေ ပြန်လည်မွေးဖွားလာတတ်တယ် ။

မည်မျှပင်တရားသောစစ်ဖြစ်နေပါစေ

စစ်မှာ ကောင်းကျိုးဆိုတာ တကယ်မရှိဘူး ။

၂၃ ။

စစ်တွေဖြစ်ကြရတဲ့အခါ

မျိုးဆက်သစ်ရင်သွေးငယ်များရဲ့

ပညာရေးအသိဉာဏ်ကို

စစ်မီးတောက်ထဲလုံးဝမလောင်ကျွမ်းမိစေနဲ့ ။

စစ်မှာ သိက္ခာရှိပါ ၊

စစ်မှာ ကိုယ်ကျင့်တရားရှိပါ ၊

စစ်မှာ အမြော်အမြင်ရှိပါ ။

အဲ့ဒီလိုမှမဟုတ်ရင် စစ်ဟာ

ကိုယ့်အိမ်ကို ပြန်ရှို့တဲ့မီးနဲ့ အတူတူပါပဲ ။

၂၄ ။

လူ့ကျင့်ဝတ်တွေ ၊ လူ့အသိဉာဏ်တွေ

ပျောက်ဆုံးလာတဲ့အတွက်ကြောင့်

စစ်ဖြစ်ရတယ် ။

စစ်ကြောင့်

လူ့ကျင့်ဝတ်တွေ ၊ လူ့အသိဉာဏ်တွေ

ထပ်မပျောက်ဆုံးမိစေနဲ့ ။

၂၅ ။

သေနတ်ကိုင်ထားတဲ့လက်ဟာ

မညစ်ပတ်ရပါဘူး ၊

မကြောက်ရွံ့ရပါဘူး ၊

မတုံးအ ရပါဘူး ။

သေနတ်ကိုင်ထားတဲ့လက်ဟာ

သန့်ရှင်းရပါတယ် ၊

ရဲဝံ့ရပါတယ် ၊

ထက်မြက်ရပါတယ် ။

၂၆ ။

စစ်မှာ ငါတို့နိုင်တယ်

မင်းတို့ရှုံးတယ်ဆိုတာမျိုး မရှိပါဘူး ။

စစ်ကို အစပြုလိုက်တာနဲ့

ငါတို့အားလုံး ဆုံးရှုံးပြီးသားဖြစ်သွားရတာပါ ။

ဘာတွေဆုံးရှုံးရလည်း ဆိုရင်

နောက်မျိုးဆက်အတွက်

ချစ်ခြင်း​မေတ္တာနဲ့ ဉာဏ်ပညာတွေ ဆုံးရှုံးလိုက်ရတာပါ ။

၂၇ ။

စာသင်ခန်းထဲတုန်းကတော့

ပညာဆိုပြီး သင်ယူခဲ့ကြတာပဲ ။

နှလုံးသားမေ့ကျန်နေခဲ့တဲ့အခါ

လက်နက်တွေ ဖြစ်သွားရော ။

အဲ့ဒီလိုနဲ့ပဲ

ပန်းသင်းသင်းတွေဟာ

အဆိပ်ပြင်းပြင်းတွေ ဖြစ်သွားခဲ့ရရှာတယ် ။

၂၈ ။

အဖြစ်အပျက်ကို

သင်ခန်းစာမယူကြသ၍

အစုအဖွဲ့ကို

မျက်နှာမမူကြသ၍

ရှင်သန်မှုကို

လွယ်လွယ်တွေးထင်နေကြသ၍

ငြိမ်းချမ်းရေးဟာ ခက်ခဲပြီး

ဒဏ်ရာတွေသာ အဓွန့်ရှည်တည်တံ့လိမ့်အုံးမယ် ။

၂၉ ။

ကမ္ဘာမှာ ဘာက ကြောက်စရာ

အကောင်းဆုံးလဲ မေးရင်

ဉာဏ်ပညာမဲ့တာလို့ ဖြေရမယ် ။

ဘာလို့လဲ ဆိုရင်

ကြေမွပျက်စီးသွားခဲ့ပုံတွေဟာ

ဒီနှစ်ကာလတွေရဲ့ သက်သေပါပဲ ။

၃၀ ။

ဒီတခေါက် ကမ္ဘာကြီးပြန်လည်ငြိမ်းချမ်းလာခဲ့ရင်

နှလုံးသားတွေကိုသာ ရှေ့တန်းတင်ကြရအောင် ။

ပြီးတော့ အဲ့ဒီနေ့ရက်တွေမှာ “ငါ” အမြဲရှုံးပါစေ ။

“ဉာဏ်ပညာ” နှင့် “ချစ်ခြင်းမေတ္တာ” ကသာ ထာဝရနိုင်ပါစေ ။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​​အာကာဘုန်းဝေ’ ​ရေးဖွဲ့ခဲ့တဲ့ “မငြိမ်းချမ်းနိုင်သော နေ့စွဲများ”ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

မောင်မိုးအေး နေညိုရင် ငါးမျှားမယ် ချိတ်မှာ ဘဝနဲ့ မျှော်လင့်ချက် Public Service Announcement တွဲလဲကြီး ဝေးဝေးကိုပစ်ကွာ ကြီးကြီးကိုဆွဲ ဘဝနဲ့ရင်းပြီးမျှားတာပဲ ကြီးကြီးရသင့်တယ်မလား ပန်းပွင့်တာတွေလှလား နေဝင်ချိန်လှလား မီးသင့်ဒဏ်ရာကို တက်တူးနဲ့ ဖုံးလိုက်တယ် လှသလား ဒီလိုပဲ တူရာစုကြ ဒဏ်ရာနဲ့လူ လေးငါးခြောက်ယောက်...

Short Story

တာပလု “အိမ်မရှိ ခွေးမွေး”တဲ့။ ခွေးပိုင်ရှင်က ဘယ်လိုစိတ်ကူးနဲ့ ပြောတာလဲတော့ မသိပါဘူး။ တကယ်လည်း ခွေးပိုင်ရှင်က ဒီနိုင်ငံမှာ လှည့်လည်သွားလာနေသူတွေ၊ တဘက်နိုင်ငံကနေ ထွက်ပြေးလာခဲ့ရသူတွေလို့ ပြောလို့ရတယ်။ ခွေးပိုင်ရှင်က မြန်မာနိုင်ငံသား၊ ခွေးတွေကတော့ ထိုင်းခွေးတွေပါ။ ခွေးပိုင်ရှင်နဲ့ ခွေးနှစ်ကောင်ဇာတ်လမ်းက မဲဆောက်က စခဲ့ကြတယ်။ လမ်းဘေးခွေးတကောင်ကို ကောက်ယူမွေးစားရာကနေ...

ကဗျာ

လူရောင်လွင် သေဆုံးသူရဲ့ သွေးနဲ့ စီးတဲ့ မြစ်ရေကို ဆယ်ယူပြီး ငါတို့အဖ လယ်ယာလုပ်ရတယ် Public Service Announcement ‘ပြန်မလာတော့ဘူးလို့ မပြောရဘူး’ လို့ ပြောနေတုန်း ပြန်မလာသူဟာ ရပ်တန့်သွားတယ် စစ်ကြီးက ကဗျာဆန်တယ် ငါ့သူငယ်ချင်းဟာ သူ့ရဲ့ ကွေးကောက်နေတဲ့ ကျောရိုးကို ထုတ်ပြပြီး...

Short Story

ရဲသူအောင် (၁) အနိုင်ဆိုတာက သူ့ကိုယ်သူ ပြောတဲ့နာမည်။ နာမည်အရင်းက ထွန်းအောင်နိုင်။ အသက်က (၂၁)နှစ်။ အသားအရည်က ဖြူဖြူသန့်သန့်၊ မျက်လုံးမျက်ခုံးကောင်းကောင်းနဲ့ ပြောရရင် သူ့ရုပ်ရည်က ရုပ်ရှင်မင်းသားတောင် လုပ်လို့ရတယ်။ ဒါပေမယ့် အနိုင့်မှာ ခြေထောက်တွေ မရှိတော့ပါဘူး။ Public Service Announcement (၂)...

Facebook