Connect with us

Hi, what are you looking for?

ကဗျာ

“မငြိမ်းချမ်းနိုင်သော နေ့စွဲများ”

◼️အာကာဘုန်းဝေ

၁ ။

လက်နက်တွေထမ်းပြီး

ငြိမ်းချမ်းရေးဆွေးနွေးကြတဲ့အခါ

Public Service Announcement

Public Service Announcement

ကမ္ဘာကြီးက ထထရယ်ပါတယ် ။

၂ ။

ကမ္ဘာကြီး မငြိမ်းချမ်းတော့တဲ့အခါ

ခင်ဗျားခံစားနေရတဲ့ အပူက

ကျနော့်ကို လာလာဟပ်တယ် ။

၃ ။

ကမ္ဘာပေါ်က ဒုက္ခစစ်စစ်တွေကို

လူသားစစ်စစ်တွေကသာ

သိမြင်ခံစားနိုင်လိမ့်မယ် ။

၄ ။

ဖုန်းတွေဆက်တယ် ၊

မက်ဆေ့တွေပို့တယ် ၊

စကားတွေ ဝိုင်းဖွဲ့ပြောတယ် ၊

ရုပ်ရှင်တွေကြည့်တယ် ၊

သီချင်းတွေနားထောင်တယ် ၊

အသစ်အဆန်းတွေ ဖန်တီးတယ် ။

တယောက်နှလုံးသားထဲတယောက်

မဝင်ရောက်ဖြစ်ခဲ့ကြတာကလွဲလို့ ၊

၂၁ရာစုမှာ အရာအားလုံးက

ကျနော်တို့နဲ့ ရင်းနှီးပါတယ် ။

၅ ။

ခင်ဗျား နိုင်ပါတယ် ၊

ကျနော် ရှုံးပါတယ် ။

အဲ့ဒီလိုဖြစ်ဖို့အတွက်လည်း

ကျနော့်မှာ အများကြီးကြိုးစားခဲ့ရပါတယ် ။

၆ ။

လူငယ်ဆိုတာ အချစ်ကြောင့်ချည်း

အသည်းကွဲရတာ မဟုတ်ပါဘူး ။

နိုင်ငံတော်နှင့်ကမ္ဘာမြေကို

ချစ်တတ်သွားတဲ့အခါမှာလည်း

သေချာပေါက် အသည်းကွဲရပါတယ် ။

၇ ။

ငါအမြဲဆုတောင်းပါတယ်

ဒီကမ္ဘာမှာ ” ငါ့အသံကို မင်းကြားနိုင်ပါစေ ၊

မင်းအသံကိုလည်း ငါကြားနိုင်ပါစေ ” လို့ ။

၈ ။

အသံ

ကျယ်ဖို့ မလိုဘူး

ရင်ထဲရောက်ဖို့ပဲလိုတယ် ။

ကဗျာဆရာတွေဆို

အသံတောင်မထွက်ဘူး ။

၉ ။

လူဟာ လူနဲ့ အသက်ရှင်ရတဲ့အတွက်ကြောင့်

ငါ့ဒုက္ခကို မင်းဒုက္ခလို့ ရှုမြင်ပါ ။

ဒါဆိုရင် ခုလက်ရှိကမ္ဘာကြီးဟာ

တမျိုးတဖုံ ပြောင်းလဲသွားနိုင်တယ် ။

၁၀ ။

ပညာတတ်လို့တော့ပြောတာပဲ

ဒါပေမယ့်

နိုင်ငံတော်မှာ ဖွင့်ဆိုနေတဲ့

အသံကို သူမကြားဘူး ။

နိုင်ငံတော်မှာ လွှင့်ကြိုနေတဲ့

အလံကို သူမမြင်ဘူး ။

၁၁ ။

ပညာရှင်များခင်ဗျာ

ကိုယ်ချင်းစာတရားကိုသာ

လူတိုင်းဝယ်ယူသုံးစွဲနိုင်အောင်

များများတီထွင်ပေးကြပါ ။

ကမ္ဘာကြီးခမျာ

စက်ပစ္စည်းအသစ်တွေကို

မလိုအပ်တော့ရှာပါဘူး ။

၁၂ ။

လူတိုင်းလူတိုင်း နိုင်ငံရေးလုပ်ပါ ။

အဲ့ဒီလိုမှမဟုတ်ရင်

နိုင်ငံရေးက လူတိုင်းလူတိုင်းကို

ရက်ရက်စက်စက် လာလုပ်ပါလိမ့်မယ် ။

၁၃ ။

ကျနော့်အနေနဲ့ လူတွေကို

တခုလောက်တောင်းဆိုချင်ပါတယ်

“ငရဲကိုခေါင်းငိုက်စိုက်အနေအထားနဲ့

နိဗ္ဗာန်ကို မြင်ရဲ့လား မမေးကြပါနဲ့” လို့ ။

၁၄ ။

ကျနော်လိုချင်တဲ့ တရားမျှတမှုကိုပေးပါ

ခင်ဗျားလိုချင်တဲ့ ငြိမ်းချမ်းရေးကို ရပါလိမ့်မယ် ။

၁၅ ။

နိုင်ငံတော်ရဲ့ အဆင့်အတန်းကို သိချင်တဲ့အခါ

ရွာထဲက အခြေအနေတွေကို

သေချာလေးကြည့်လိုက်ပါ အတူတူပါပဲ ။

၁၆ ။

အမှိုက်တွေရှိနေတာ ပြသာနာမဟုတ်ဘူး

အမှိုက်တောင်းထဲ ရောက်မနေတာက ပြသာနာ ။

လူယုတ်မာတွေရှိနေတာ ပြသာနာမဟုတ်ဘူး

ထောင်ထဲ ရောက်မနေတာက ပြသာနာ ။

၁၇ ။

ကိုယ်နဲ့ ထိုက်တန်တဲ့ နေရာကိုသိပါ ၊

ကိုယ်နဲ့ ထိုက်တန်တဲ့ နေရာကိုနေပါ ။

နေရာလုတာပဲဖြစ်ဖြစ် ၊ နေရာမှားတာပဲဖြစ်ဖြစ်

ကိုယ့်နေရာမဟုတ်ရင် အမှိုက်ပါပဲ ။

ကမ္ဘာကြီး မငြိမ်းချမ်းတော့ဘူးဆိုတာ

တကယ်တော့ အမှိုက်တွေ များလာတဲ့သဘော ။

၁၈ ။

စစ်မှန်တဲ့ငြိမ်းချမ်းခြင်းကို

ဘာသာတရားတွေဆီကနေ ထိုင်ပြီးဆုမတောင်းပါနဲ့ ။

နိုင်ငံ့ခေါင်းဆောင်ကောင်းတွေကိုသာ

သေချာရွေးချယ်ပြီး ကိုးကွယ်လိုက်ပါ ။

အဲ့ဒါဟာ ပိုပြီးယုတ္တိရှိပါတယ် ။

၁၉ ။

ပြည်သူတွေ ဘယ်လိုရှင်သန်နေကြလည်း မြင်တတ်ရုံနဲ့

နိုင်ငံ့ခေါင်းဆောင်ကောင်းတယောက် လုံးဝမဖြစ်ပါဘူး ။

ပြည်သူတွေ ဘယ်လိုသေဆုံး​သွားကြလည်း မြင်တတ်မှသာ

နိုင်ငံ့ခေါင်းဆောင်ကောင်းတယောက် လုံးဝဖြစ်တာပါ ။

၂၀ ။

ငြိမ်းချမ်းရေးအတွက် ကမ္ဘာကြီးဆီက

စာတစောင်ကို ငါရခဲ့တယ် ။

“အချစ်ပဲ ဖြစ်ဖြစ် ၊ စစ်ပဲ ဖြစ်ဖြစ်

စာသင်ခန်းထဲက လာပါတယ် ၊

စာသင်ခန်းကိုသာ ဂရုစိုက်ပါ” တဲ့ ။

၂၁ ။

သဘာဝပတ်ဝန်းကျင်နဲ့

လိုက်လျောညီထွေဖြစ်​​အောင်

ပြောင်းလဲနေထိုင်ခဲ့ကြပြီး

လူ့ပတ်ဝန်းကျင်နဲ့

လိုက်လျောညီထွေဖြစ်ဖို့

မေ့လျော့ခဲ့ကြတဲ့အခါ

စစ်ပွဲတွေဟာ ငါတို့ကမ္ဘာထဲ

ဝင်ရောက်လာခဲ့တယ် ။

၂၂ ။

စစ်အကြီးကြီးတွေပြီးဆုံးသွားတဲ့အခါ

စစ်သေးသေးလေးတွေ ကျန်နေခဲ့တတ်တယ် ။

စစ်သေးသေးလေးတွေအစပြုလာတဲ့အခါ

စစ်အကြီးကြီးတွေ ပြန်လည်မွေးဖွားလာတတ်တယ် ။

မည်မျှပင်တရားသောစစ်ဖြစ်နေပါစေ

စစ်မှာ ကောင်းကျိုးဆိုတာ တကယ်မရှိဘူး ။

၂၃ ။

စစ်တွေဖြစ်ကြရတဲ့အခါ

မျိုးဆက်သစ်ရင်သွေးငယ်များရဲ့

ပညာရေးအသိဉာဏ်ကို

စစ်မီးတောက်ထဲလုံးဝမလောင်ကျွမ်းမိစေနဲ့ ။

စစ်မှာ သိက္ခာရှိပါ ၊

စစ်မှာ ကိုယ်ကျင့်တရားရှိပါ ၊

စစ်မှာ အမြော်အမြင်ရှိပါ ။

အဲ့ဒီလိုမှမဟုတ်ရင် စစ်ဟာ

ကိုယ့်အိမ်ကို ပြန်ရှို့တဲ့မီးနဲ့ အတူတူပါပဲ ။

၂၄ ။

လူ့ကျင့်ဝတ်တွေ ၊ လူ့အသိဉာဏ်တွေ

ပျောက်ဆုံးလာတဲ့အတွက်ကြောင့်

စစ်ဖြစ်ရတယ် ။

စစ်ကြောင့်

လူ့ကျင့်ဝတ်တွေ ၊ လူ့အသိဉာဏ်တွေ

ထပ်မပျောက်ဆုံးမိစေနဲ့ ။

၂၅ ။

သေနတ်ကိုင်ထားတဲ့လက်ဟာ

မညစ်ပတ်ရပါဘူး ၊

မကြောက်ရွံ့ရပါဘူး ၊

မတုံးအ ရပါဘူး ။

သေနတ်ကိုင်ထားတဲ့လက်ဟာ

သန့်ရှင်းရပါတယ် ၊

ရဲဝံ့ရပါတယ် ၊

ထက်မြက်ရပါတယ် ။

၂၆ ။

စစ်မှာ ငါတို့နိုင်တယ်

မင်းတို့ရှုံးတယ်ဆိုတာမျိုး မရှိပါဘူး ။

စစ်ကို အစပြုလိုက်တာနဲ့

ငါတို့အားလုံး ဆုံးရှုံးပြီးသားဖြစ်သွားရတာပါ ။

ဘာတွေဆုံးရှုံးရလည်း ဆိုရင်

နောက်မျိုးဆက်အတွက်

ချစ်ခြင်း​မေတ္တာနဲ့ ဉာဏ်ပညာတွေ ဆုံးရှုံးလိုက်ရတာပါ ။

၂၇ ။

စာသင်ခန်းထဲတုန်းကတော့

ပညာဆိုပြီး သင်ယူခဲ့ကြတာပဲ ။

နှလုံးသားမေ့ကျန်နေခဲ့တဲ့အခါ

လက်နက်တွေ ဖြစ်သွားရော ။

အဲ့ဒီလိုနဲ့ပဲ

ပန်းသင်းသင်းတွေဟာ

အဆိပ်ပြင်းပြင်းတွေ ဖြစ်သွားခဲ့ရရှာတယ် ။

၂၈ ။

အဖြစ်အပျက်ကို

သင်ခန်းစာမယူကြသ၍

အစုအဖွဲ့ကို

မျက်နှာမမူကြသ၍

ရှင်သန်မှုကို

လွယ်လွယ်တွေးထင်နေကြသ၍

ငြိမ်းချမ်းရေးဟာ ခက်ခဲပြီး

ဒဏ်ရာတွေသာ အဓွန့်ရှည်တည်တံ့လိမ့်အုံးမယ် ။

၂၉ ။

ကမ္ဘာမှာ ဘာက ကြောက်စရာ

အကောင်းဆုံးလဲ မေးရင်

ဉာဏ်ပညာမဲ့တာလို့ ဖြေရမယ် ။

ဘာလို့လဲ ဆိုရင်

ကြေမွပျက်စီးသွားခဲ့ပုံတွေဟာ

ဒီနှစ်ကာလတွေရဲ့ သက်သေပါပဲ ။

၃၀ ။

ဒီတခေါက် ကမ္ဘာကြီးပြန်လည်ငြိမ်းချမ်းလာခဲ့ရင်

နှလုံးသားတွေကိုသာ ရှေ့တန်းတင်ကြရအောင် ။

ပြီးတော့ အဲ့ဒီနေ့ရက်တွေမှာ “ငါ” အမြဲရှုံးပါစေ ။

“ဉာဏ်ပညာ” နှင့် “ချစ်ခြင်းမေတ္တာ” ကသာ ထာဝရနိုင်ပါစေ ။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​​အာကာဘုန်းဝေ’ ​ရေးဖွဲ့ခဲ့တဲ့ “မငြိမ်းချမ်းနိုင်သော နေ့စွဲများ”ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …