Connect with us

Hi, what are you looking for?

ဆောင်းပါး

အရင်လည်း သူ၊ အခုလည်း သူ

“အစိုးရသစ်” ဆိုတာ ဘာကို ဆိုလိုသနည်း?

(စစ်တပ်က ရခိုင်ပြည်နယ် ​ကျောက်​တော်မြို့နယ်၊ သရက်တပင်ရွာကို ၂၀၂၅ စက်တင်ဘာ၁၈ ရက်ကဗုံးကြဲလို့ ​သေဆုံးခဲ့သူ​တွေရဲ့ရုပ်အ​လောင်း​တွေနဲ့ မိသားစု​ဝင်​တွေကို နာ​ရေးမှာ​တွေ့ရစဥ်။ စစ်တပ်ရဲ့အဆိုပါဗုံးကြဲမှု​ကြောင့် ပြည်သူအနည်းဆုံး ၁၈ ဦး​သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ပါတယ်။ ဓါတ်ပုံ-AP)

ခါကာဘို ရေးသားသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဆန်က မြန်မာနိုင်ငံရဲ့ “အစိုးရသစ်” ဟာ အရင်ထက် အကြံပြုချက်တွေကို ပိုပြီး လက်ခံနားထောင်လာတဲ့ ပုံရှိတယ်လို့ မကြာ‌သေးမီက ပြောပါတယ်။

ဒါပေမဲ့ မြန်မာပြည်သူအများစု စိတ်ထဲက မေးခွန်းက

ဘယ်အရာက အသစ်ဖြစ်သွားတာပါလဲ ?

Public Service Announcement

Public Service Announcement

စစ်တပ်ရွေးကောက်ပွဲ မတိုင်ခင်ကလည်း အာဏာကို ကိုင်ထားသူက အာဏာလုထားတဲ့ မင်းအောင်လှိုင်ပဲ။

စစ်တပ်ရွေးကောက်ပွဲပြီးတဲ့ ဒီနေ့မှာလည်း အာဏာကို ကိုင်ထားသူက မင်းအောင်လှိုင်ပဲ။

စစ်တပ်ရဲ့ အကြီးအကဲလည်း သူပဲ။ နိုင်ငံရဲ့ အမြင့်ဆုံး အာဏာပိုင်လည်း သူပဲ။ အစိုးရအဖွဲ့ကို ဖွဲ့တဲ့သူလည်း သူပဲ။ အရေးကြီးဆုံး ဆုံးဖြတ်ချက်တွေ ချတဲ့သူလည်း သူပဲ။

ဒါဆိုရင် “အစိုးရသစ်” ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်က ဘာပါလဲ။

မြန်မာပြည်သူတွေအတွက်တော့ အဖြေက ရှင်းပါတယ်။

အရင်လည်း သူ၊ အခုလည်း သူပါပဲ။

ဒီမိုကရေစီကို တကယ် ယုံကြည်တယ်ဆိုရင် နောက်ထပ် မေးခွန်းတစ်ခု ရှိပါတယ်။

ပြည်သူတွေ ရွေးချယ်ထားတဲ့ ခေါင်းဆောင်တွေ ဘယ်မှာလဲ။

၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးပြီး ရွေးချယ်ခဲ့တဲ့ ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးသမားတွေ အများကြီးဟာ ဒီနေ့အထိ ထောင်ထဲမှာ ရှိနေကြတုန်းပဲ။

ပြည်သူ့ဆန္ဒကို ကိုယ်စားပြုတဲ့သူတွေကို ထောင်ချထားပြီး ပြည်သူမရွေးချယ်ထားတဲ့သူတွေက အာဏာကို ဆက်ကိုင်ထားတဲ့ အခြေအနေကို မမေ့ထားစေချင်ပါဘူး။

လက်ရှိမှာ မြေပြင်က ဆေးရုံနဲ့ စာသင်ကျောင်းတွေပါမကျန် မင်းအောင်လှိုင်ရဲ့ အရပ်သားပစ်မှတ်တွေအပေါ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေဟာ နိုင်ငံတကာကို သူပြောနေတဲ့ ငြိမ်းချမ်းရေးစကားတွေရဲ့ အတုအယောင်ဖြစ်မှုကို ခါးသီးစွာ အော်ဟစ်သက်သေပြနေတယ်ဆိုတာ ကမ္ဘာကသိပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးရဲ့ ၂၀၂၆ ခုနှစ် ဇွန်လ အစီရင်ခံစာအရ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ ခြောက်လတာ ကာလအတွင်း အရပ်သား အနည်းဆုံး ၇၀၂ ဦး သေဆုံးခဲ့တယ်။ အဲဒီထဲမှာ အမျိုးသမီး ၂၂၄ ဦးနဲ့ ကလေး ၁၅၃ ဦး ပါဝင်တယ်။

ဒီကိန်းဂဏန်းတွေက စာရွက်ပေါ်က ဂဏန်းတွေ မဟုတ်ဘူး။

မိဘကို ဆုံးရှုံးသွားတဲ့ ကလေးတွေ ရှိတယ်။

သားသမီးကို ဆုံးရှုံးသွားတဲ့ မိဘတွေ ရှိတယ်။

အိမ်ကို စွန့်ခွာထွက်ပြေးရတဲ့ မိသားစုတွေ ရှိတယ်။

ဒီနေ့ မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၃.၆ သန်းကျော် ရှိနေပြီး လူပေါင်း ၂၂ သန်းနီးပါးဟာလူသားချင်းစာနာမှု အကူအညီ လိုအပ်နေကြပါတယ်။

ဒါတွေဟာ ငြိမ်းချမ်းရေးရဲ့ လက္ခဏာတွေပါလား။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အဖြေကို “အစိုးရသစ်” ဆိုတဲ့ စကားလုံးထဲမှာ ရှာမတွေ့နိုင်ပါဘူး။

အဖြေက ပြည်သူ့ဆန္ဒထဲမှာဘဲ ရှိပါတယ်။

ပြည်သူတွေ လွတ်လပ်စွာ ရွေးချယ်နိုင်တဲ့ အခွင့်အရေးထဲမှာ ရှိတယ်။

ပြည်သူတွေ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေ ပြန်ပြီးအုပ်ချုပ်ခွင့်ရရှိတဲ့နေ့မှာရှိတယ်။

အာဏာဟာ သေနတ်ပြောင်းကနေ မဟုတ်ဘဲ မဲပုံးကနေ ဆင်းသက်လာတဲ့နေ့မှာဘဲ ရှိပါတယ်။

အဲဒီနေ့ မရောက်သေးသရွေ့တော့—

“အစိုးရသစ်” ဆိုတဲ့ စကားလုံးဟာ မမှန်ကန်သလို၊ မြန်မာပြည်သူတွေ နေ့စဉ် ကြုံတွေ့နေရတဲ့ အမှန်တရားကိုလည်း ဘယ်လိုမှ ဖုံး

ကွယ်ထားနိုင်မှာ မဟုတ်ပါဘူး။

ကိုးကား- Reuters

ဆက်စပ်သတင်းများ