Connect with us

Hi, what are you looking for?

ကဗျာ

“ငါဟာ နောက်ဆုံးမှ အိမ်ပြန်တဲ့သူဖြစ်တယ်”

◾️ မေရီသော်

ဘယ်မှာနေနေ ငါအိမ်ပြန်နောက်ကျခဲ့တာချည်း
လမ်းအတိုင်း ဆက်လျှောက်သွားဖြစ်
ပွဲတော်က လူတွေကို ရပ်တန့်ငေးမော
ငါ့နောက်က သည်းကြီးမည်းကြီးလိုက်နေတဲ့ ခွေးတအုပ်ကိုတောင်
တခါတလေ ငါဟာ မေ့လျော့နေတယ်
ကြိုတင်စဥ်းစားထားခြင်းမရှိဘဲ ချိုးကွေ့လိုက်တဲ့ ဝိရောဓိတွေ
မြောက်အရပ်ပျောက်ဆုံးသွားလို့ ကြောင်တောင်ကန်းရတာနဲ့
သီချင်းသံသဲ့သဲ့နောက်ကိုပဲ ငါလိုက်ခဲ့
အိမ်ပြန်လမ်းက တခုတည်း
ဒါပေမယ့် ဘယ်သူမှ ဘယ်သူနဲ့မှ မဆုံခဲ့ကြ
ငါတို့ထဲက တဝက်က ကဗျာရေးနေပြီး
ကျန်တဝက်က တစုံတယောက်ကို ပွေ့ဖက်နည်းအား ပြန်သင်ယူနေရ
မီးတောက်က သေးငယ်လာပေမယ့် အနားတိုးပြီး မထိုင်ဖြစ်ကြလို့ ငါတို့ကြားမှာ အေးစက်တဲ့လေထုကြီး
မပြောပေမယ့် ခံစားသိကြရဲ့ မဟုတ်လား
*ဘယ်အမှောင် ဘယ်လိုမှောင်လဲ
နေပွင့်လာဖို့ ဆုမတောင်းရဲကြတော့ဘူး
ဘုရင်ဖြစ်ဖို့ ဘယ်သူမှ အိပ်မက်မမက်ကြဘူး
ငါကတော့ မျက်စိလည်ရင်း မြေပုံစာရွက်ရဲ့အပြင်ဖက်ကို ရောက်နေခဲ့
ကြီးမြတ်တဲ့ စီရင်ချက် ချမှတ်လိုက်ချိန်မှာ ငါ့ကို သူတို့ရှာမတွေ့ကြတော့
အားလုံး တိတ်တိတ်ဆိတ်ဆိတ်နဲ့ အိမ်ပြန်ရောက်သွားကြတဲ့အခါ
နောက်ဆုံးမှာ တံခါးပိတ်ပြီး သော့ခတ်ခဲ့ရမယ့်သူက ငါပဲဖြစ်နေပြန်တယ်

(ဘယ်အမှောင် ဘယ်လိုမှောင်လဲ – ခိုင်ထူး၏ အားလုံးကို ကျော်ဖြတ်ရမယ်)

Public Service Announcement

Public Service Announcement

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​​မေရီ​သော်’ရေးဖွဲ့တဲ့ “ငါဟာ နောက်ဆုံးမှ အိမ်ပြန်တဲ့သူဖြစ်တယ်” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

အေးစက်စက်ရာသီဥတုထဲ တယောက်တည်းလျှောက်သွားမိတိုင်း အမလက်ဖဝါးနွေးနွေးကိုသတိရတယ်။ အမကြိုက်တဲ့ မြက်ရိုင်းပန်းဖြူတွေ၊ အမ မကြိုက်တဲ့စစ်ပွဲတွေ။

ဝတ္ထုတို

■ နွေဦးနေ (၁) အခါတိုင်းဆို ဘွားဆယ်မိက နံနက်ငါးနာရီလောက်ထပြီး ဆွမ်းချက်နေကျ။ ဆွမ်းကျက်ပြီဆိုတာနဲ့ ဘုရားဆွမ်းတော်ကပ်၊ မေတ္တာပို့ဆုတောင်း၊ အမျှဝေလိုက်ရမှာ သူ့တနေ့တာလုံး စိတ်ချမ်းသာတတ်တာ။ ဒီအကျင့်က ကိုယ့်တိုင်းကိုယ့်ပြည်မှာကတည်းက အရိုးစွဲနေတဲ့အဖြစ်ရယ်။ ထိုင်းကိုရောက်တော့လည်း ဝတ်မပျက်အောင် အားထုတ်ခဲ့တယ်။ လှေဟောင်းတွေပြင်ပြီး အသစ်ပြန်ဆောက်တဲ့လှေကျင်း(လှေဒေါက်)က အလုပ်သမားတွေဆို ဘွားဆယ်မိ မေတ္တာပို့သံလေးကို...

ဝတ္ထုတို

ရာမွန် “မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ” ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။ အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို...

ကဗျာ

အခုတလော ဖတ်ဖြစ်တဲ့စာတွေထဲမှာ ကျော်ကြားတဲ့ အစ္စရေးကဗျာဆရာကြီး ရဟူဒါ အမိခီး (Yehuda Amichai (1924-2000)) ရဲ့ ကဗျာတချို့လည်းပါပါတယ်။ အစ္စရေးလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ကဗျာတွေမှာစစ်ရဲ့ အငွေ့အသက်တွေရယ် ဘာသာရေး အငွေ့အသက်တွေရယ် လွှမ်းခြုံနေမယ်ဆိုတာ ခန့်မှန်းလို့ ရမယ် ထင်ပါရဲ့။ဟီးဘရူးဘာသာစကားနဲ့ ရေးခဲ့တဲ့ သူ့ကဗျာတွေဟာ အံ့သြစရာကောင်းအောင်...