Connect with us

Hi, what are you looking for?

အတွေးအမြင်

နယ်စပ်စည်းရိုးများကြားက မြန်မာ့အချုပ်အခြာအာဏာ

စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့ ပထဝီနိုင်ငံရေး အကျပ်အတည်း

-ခါကာဘို ရေးသားသည်။

နိုင်ငံတနိုင်ငံရဲ့နယ်စပ်မျဥ်းဆိုတဲ့မြေပုံပေါ်က မျဉ်းတစ်ကြောင်းဟာ“ဒီမျဉ်းကစငါတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာ စပြီဟေ့” လို့ ကြေညာထားတဲ့ နယ်နမိတ်ဖြစ်သလို နိုင်ငံရဲ့ လုံခြုံရေး၊ ဂုဏ်သိက္ခာနဲ့ အမျိုးသားအကျိုးစီးပွားကို အဦးဆုံး ကိုယ်စားပြုတဲ့ ရှေ့တန်းစည်းလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းစစ်မီး တောက်လောင်နေတဲ့ ကာလအတွင်းမှာပဲ အိမ်နီးချင်းနိုင်ငံတွေက နယ်စပ်ခြံစည်းရိုးတွေကိုအလုအယက်တိုးချဲ့ကာရံလာတဲ့ ပထဝီနိုင်ငံရေးဖိအားတွေကို ရင်ဆိုင်လာရပါတယ်။ အထူးသဖြင့် နိုင်ငံရဲ့ အရှည်ဆုံးနယ်နိမိတ်ဖြစ်တဲ့ ၂,၁၇၀ ကီလိုမီတာကို ထိစပ်နေတဲ့ တရုတ်နိုင်ငံရဲ့ လှုပ်ရှားမှုတွေက ဒီအခြေအနေကို ပိုပြီးထင်ရှားစွာ ပြသနေပါတယ်။

COVID-19 ကပ်ရောဂါ အရှိန်အဟုန်ပြင်းပြင်းနဲ့ ကူးစက်နေတဲ့ကာလအတွင်းမှာပဲ တရုတ်အစိုးရဟာ တရားမဝင် လူဝင်လူထွက်တွေနဲ့ ရောဂါပိုးကူးစက်နိုင်တဲ့ အခြေအနေတွေကို တားဆီးရန် ယာယီသာ ဆိုတဲ့ အကြောင်းပြချက်နဲ့ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်တွေမှာ နယ်စပ်စည်းရိုးတွေကို စတင်ကာရံ လာပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီထဲမှာ အခိုင်မာဆုံးတည်ဆောက်မှုကတော့ KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်ဒေသပါပဲ။ သံဆူးကြိုးသုံးဆင့်အထိ ချထားတဲ့ အခိုင်အမာခြံစည်းရိုးကို CCTV နဲ့ အလိုအလျောက် အာရုံခံစနစ်တွေပါ တပ်ဆင်ပြီး အာဏာသိမ်းခါနီး ၂၀၂၁ ခုနှစ်အစောပိုင်းမှာ အပြီး တည်ဆောက် ခဲ့ကြပါတယ်။

တဘက်မှာလည်းတရုတ်နိုင်ငံရောက် ကချင်မိသားစု ၂ သိန်းနီးပါးအနက် အများစုဟာ နယ်စပ်နဲ့ အနီးကပ်ဆုံး ယူနန်ပြည်နယ်မှာ နေထိုင်ကြတာမို့ ဒီစည်းရိုးကြောင့် မိသားစုတွေ ကွဲကွာကြရပြီး လူမှုစီးပွားရေး အထွေထွေအတွက် အခက်အခဲများစွာနဲ့ ကြုံတွေ့ကြရပါတယ်။

အလားတူ ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ် BP-131 နယ်စပ်ကျောက်တိုင်အနီးမှာလည်း ၂၀၂၀ ခု ဒီဇင်ဘာလက ယာယီခြံစည်းရိုးကို တည်ဆောက်ခဲ့ပြီး နောက်ပိုင်းမှာတော့ ပြန်မဖယ်ရှားတော့တဲ့ အပြင် ၂၀၂၁ ခုနှစ် အောက်တိုဘာမှာ မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာဘက်ကို ပေ ၅၀ ကျော်အထိ စည်းရိုးတွေ ထပ်မံတိုးချဲ့တည်ဆောက်ခဲ့ပါတယ်။

ဒေသခံတွေက ကန့်ကွက်မှုတွေ လုပ်ခဲ့ပေမဲ့လည်း ထိရောက်တဲ့ အစိုးရတုံ့ပြန်မှု မရှိခဲ့တဲ့အဆုံးဒေသခံတွေကိုယ်တိုင် အဲဒီစည်းရိုးတွေကို ပြန်ဖြုတ်ခဲ့ရတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။

၂၀၂၅ ခုနှစ်နှောင်းပိုင်းမှာတော့ ကိုးကန့်နဲ့ ဝဒေသအနီးတစ်ဝိုက် ချင်းရွှေဟော်၊ ပန်ဆိုင်း၊ ရွှေလီနယ်စပ်နဲ့ နမ့်တစ်ဂိတ်အနီးဒေသတွေမှာပါ နယ်စပ်စည်းရိုးအသစ်တွေ ထပ်မံတိုးချဲ့လာပြီး အချို့နေရာ များမှာတော့ မြန်မာနယ်နမိတ်အတွင်း မီတာ ၁၅ မှ ၁၀၀ ကျော်အထိ တိုးချဲ့ဝင်ရောက် လာတာတွေ ရှိကြောင်း သိပါတယ်။ချင်းရွှေဟော်ဒေသမှနေအိမ်အချို့လည်းတရုတ်ဘက်သို့ရောက်ရှိသွားတဲ့ အခြေအနေအထိ ရှိလာခဲ့ပါတယ်။

ယခင်က နယ်နိမိတ်အဖြစ်သတ်မှတ်ထားတဲ့ ချောင်း၊ မြောင်းတွေပါ စည်းရိုးရဲ့တရုတ်ဖက်ခြမ်းထဲ ပါသွားတဲ့အခြေအနေတွေကဒေသခံတွေအတွက်အထူးစိုးရိမ်စရာဖြစ်လာပါတယ်။

အခြားအိမ်နီးချင်းနိုင်ငံတွေဘက်ကို ကြည့်ရင်လည်း အိန္ဒိယနိုင်ငံက မြန်မာနယ်စပ်တစ်လျှောက်ကို အမေရိကန်ဒေါ်လာ ၃.၇ ဘီလျံအကုန်အကျခံပြီး ၁၀ နှစ်စီမံကိန်းနဲ့ ခြံစည်းရိုးတည်ဆောက်မယ်လို့ ကြေညာထားပြီး၊ စတင်တည်ဆောက်နေချိန် အတွင်းမှာဘဲ ဆယ်စုနှစ်များစွာ ကျင့်သုံးခဲ့တဲ့ လွတ်လပ်စွာ သွားလာခွင့်စနစ် Free Movement Regime(FMR) ကို ရုပ်သိမ်းခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကလည်း မြန်မာနယ်စပ်တစ်လျှောက် ခြံစည်းရိုး တည်ဆောက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းဟာ ရခိုင်ဒေသအတွက် သာမန်နယ်စပ်လုံခြုံရေး ကိစ္စတစ်ခုထက် ပိုပြီး အရေးကြီးပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်က ဒေသအများစုကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားတဲ့ အခြေအနေမှာ ဒီစည်းရိုးဟာ နယ်စပ်တစ်လျှောက် ရာစုနှစ်များစွာ နှစ်ဖက် ကူးလူးနေထိုင်ခဲ့ကြတဲ့ ဒေသခံတွေရဲ့ လူမှုဘဝ၊ ကုန်သွယ်ရေးနဲ့ ဆွေမျိုးဆက်နွယ်မှုတွေကို အတားအဆီးဖြစ်စေနိုင်သလို၊ အနာဂတ်မှာ ဒေသဆိုင်ရာ ပထဝီနိုင်ငံရေးအခန်းကဏ္ဍကို တည်ဆောက်လိုနေတဲ့ ရခိုင်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်တွေအပေါ်လည်း တိုက်ရိုက် ရိုက်ခတ်လာနိုင်တဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်ပါတယ်။

နယ်စပ်စည်းရိုးတွေ တိုးလာခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ စစ်အာဏာသိမ်းမှုနောက်ပိုင်းမြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးယန္တရား ပျက်ပြားသွားပြီး၊ နယ်စပ်အနီး တိုက်ပွဲတွေ၊ လေကြောင်း တိုက်ခိုက်မှုတွေနဲ့အတူ စစ်ဘေးရှောင်ဒုက္ခသည်တွေအလုံးအရင်းနဲ့ဝင်ရောက်လာနိုင်ခြေ မြင့်တက်လာသလို၊ လက်နက်မှောင်ခိုမှုတွေကိုလည်း အိမ်နီးချင်းနိုင်ငံတွေက စိုးရိမ်လာကြပါတယ်။

တစ်ဖက်မှာလည်း ကျားဖြန့်ကဲ့သို့ အွန်လိုင်းလိမ်လည်မှုဂိုဏ်းကြီးတွေ၊ နိုင်ငံဖြတ်ကျော် လူကုန်ကူးမှု ကွန်ရက်တွေ၊ မူးယစ်ဆေးဝါးလှုပ်ရှားမှုတွေ ပိုမိုကျယ်ပြန့်လာနိုင်တဲ့ အခြေအနေကြောင့် နယ်စပ်ကို မိမိတို့ဘက်ကနေ တစ်ဖက်သတ် ပိုမိုတင်းကျပ်ကာ ထိန်းချုပ်လာကြတာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်တွေက နေပြည်တော်အခြေစိုက် အာဏာသိမ်းစစ်အုပ်စုရဲ့ နယ်စပ်ဒေသအပေါ် အာဏာသက်ရောက်မှု မရှိတော့ခြင်းကို ပြသနေပါတယ်။

​ရွေး​ကောက်ခံပြည်သူ့အစိုးရလက်ထက်မှာ အချုပ်အခြာအာဏာနဲ့ဆိုင်တဲ့ နယ်စပ်ခြံစည်းရိုးကိစ္စတွေကို တရုတ်ဘက်က လုပ်ဆောင်ချိန်တိုင်း ကန့်ကွက်မှုတွေ ရှိခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ “အချုပ်အခြာအာဏာကို ကာကွယ်သူ” လို့ ကြွေးကြော်နေတဲ့ စစ်အုပ်စုဟာ ဒီလိုကျူးကျော်မှု‌တွေ အပေါ် တရားဝင်ကန့်ကွက်မှု သို့မဟုတ် လူသိရှင်ကြားတုံ့ပြန်မှု ဘာတခုမျှ မလုပ်ဘဲ နှုတ်ဆိတ်နေခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံကို ဝေဖန်ထိခိုက်စေမည့် သတင်းများကို ပြည်တွင်းမီဒီယာများ လုံးဝ မရေးသားကြရန်လည်း ဖိအားပေးထားကြောင်း သိရပါတယ်။

တကယ်တော့ နယ်စပ်မျဉ်းတစ်လျှောက် ခြံစည်းရိုးတည်ဆောက်မှုဟာ နှစ်နိုင်ငံ သဘောတူညီချက် နဲ့သာ လုပ်ဆောင်ရမယ့်ကိစ္စဖြစ်ပြီး ၁၉၆၀ နယ်နိမိတ်သဘောတူညီချက် စာချုပ်အရလည်း တစ်ဖက်သတ် လုပ်ဆောင်ခွင့် မရှိပါဘူး။

ဒါပေမဲ့ လက်တွေ့အခြေအနေမှာတော့ အိမ်နီးချင်းနိုင်ငံတွေဟာ ၎င်းတို့အကျိုးနဲ့ သံတမန်ရေးအရသာ စစ်အုပ်စုနဲ့ ဆက်ဆံနေပေမဲ့၊ လက်တွေ့မှာတော့ တရားဝင်အစိုးရတစ်ရပ်လို အလေးမထားဘဲ နယ်မြေထိန်းချုပ်နိုင်စွမ်းရှိသူ ဘယ်သူလဲဆိုတဲ့အပေါ် မူတည်ပြီး နယ်စပ်ရေးရာ ကိစ္စတွေကို လက်တွေ့အာဏာအခြေခံနဲ့ ဆုံးဖြတ်လာတဲ့ ပုံရိပ်တွေ တွေ့ရပါတယ်။

ရှေးဘိုးဘွားစဉ်ဆက်ကတည်းကနယ်စပ်မျဉ်းဟိုဘက် ဒီဘက် ကုန်သွယ်မှုပြုပြီး၊ ကူးလူးဆက်ဆံ၊ သွေးရင်းပမာ နေထိုင်ခဲ့ကြတဲ့ နာဂ၊ ကူကီး-ဇို၊ ရှမ်း၊ ကချင်နဲ့ ရခိုင် တိုင်းရင်းသားတွေဟာ အခုအခါမှာတော့ မိသားစုချင်း၊ ဆွေမျိုးချင်း အဆက်အသွယ် ပြတ်တောက်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါပြီ။

နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ အကန့်အသတ်ဖြစ်ကုန်လို့ ဒေသခံတွေရဲ့ လူမှုစီးပွားဘဝကို ထိခိုက်စေသလို၊ စစ်ဘေးဒဏ်ကြောင့် အသက်လုပြေးရမယ့် စစ်ဘေးရှောင်တွေအတွက်လည်း နယ်စပ်ဖြတ်ကျော် ခိုလှုံဖို့ ပိုပြီး ခက်ခဲကျပ်တည်းသွားစေပါတယ်။

မကြာသေးခင်က အိန္ဒိယ-မြန်မာနယ်စပ် ယူးဆမ်တယ် (New Somtal) ဖြစ်စဉ်မှာ တမူးခရိုင် ပကဖ ရဲဘော် (၁၀) ဦး သေဆုံးခဲ့ရမှုနဲ့ နာဂဒေသမှာ အာသံရိုင်ဖယ်တပ်ဖွဲ့ တိုက်ခိုက်ခံရမှုတွေဟာ နယ်စပ်ခြံစည်းရိုးနဲ့ လုံခြုံရေးတင်းကျပ်မှုတွေကြောင့် နယ်စပ်ဒေသက လက်နက်ကိုင်ပဋိပက္ခတွေ ပိုမိုရှုပ်ထွေးလာနေတာကို ပြသနေပါတယ်။

ဒီလိုစိန်ခေါ်မှုတွေကြားမှာ တော်လှန်ရေးအင်အားစုတွေဟာ နိုင်ငံတကာ အသိအမှတ်ပြုအစိုးရ မဟုတ်သေးတဲ့အတွက် သံတမန်ရေးအရ အကန့်အသတ်တွေ ရှိနေပေမဲ့ မိမိတို့ ထိန်းချုပ်ထားတဲ့ နယ်စပ်ဒေသတွေက သတိပြုဘွယ်ထိုအဖြစ်ပျက်တွေနဲ့ နယ်နမိတ် ကျူးကျော်မှု သက်သေ အထောက်အထားတွေကို စနစ်တကျ မှတ်တမ်းတင်ထားဖို့ လိုအပ်သလို၊ တဘက်မှာလည်း အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသအရပ်ဘက်လမ်းကြောင်း ဆွေးနွေးညှိနှိုင်းမှုတွေက တစ်ဆင့် လူမှုဆက်ဆံရေးတွေ မပြတ်တောက်အောင် ထိန်းသိမ်းရပါမယ်။

အာဏာရှင်အုပ်ချုပ်မှုအောက်မှာ တိုင်းပြည်ရဲ့ ပိုင်နက်နယ်မြေနဲ့ အချုပ်အခြာအာဏာတွေဟာ တဖြည်းဖြည်း ယိုယွင်းဆုံးရှုံးလာနေတဲ့ ဒီနေ့အခြေအနေကို ရပ်တန့်နိုင်ဖို့ဆိုရင် အာဏာရှင်စနစ်ကို အမြစ်ပြတ် အဆုံးသတ်နိုင်ခြင်းသာလျင် တစ်ခုတည်းသော အရေးပါသော လမ်းကြောင်းဖြစ်ပါတယ်။

ပြည်သူ့ဆန္ဒကို အခြေခံတဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရမျိုးကိုသာလျင် နိုင်ငံတကာကလေးစားအသိအမှတ်ပြုမှာဖြစ်ပြီး၊ ဒီလို အစိုးရတစ်ရပ်မှသာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်နိမိတ်ဆိုင်ရာကိစ္စတွေကို ဂုဏ်သိက္ခာရှိရှိ ငြိမ်းချမ်းစွာ ပြန်လည်ဆွေးနွေးနိုင်ပြီး ဆုံးရှုံးခဲ့ရတဲ့ နယ်မြေနဲ့ အချုပ်အခြာအာဏာတွေကိုလည်း ထိရောက်စွာ ပြန်လည်ကာကွယ်ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ထုတ်လွှင့်ခွင့်ရရှိထားတဲ့ စစ်တပ်ပိုင် စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Mytel က အွန်လိုင်းကနေ ကမ္ဘာ့ဖလားပွဲစဉ်တွေ ထုတ်လွှင့်ပြသတာမျိုးတွေရှိရင် တည်ဆဲဥပဒေတွေအပါအဝင် နိုင်ငံတကာဥပ‌ဒေတွေနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

သတင်း

ချင်းမိုင်မှာ ခွင့်ပြု လုပ်ငန်းလိုင်စင် မရှိဘဲ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေတယ်ဆိုပြီးမြန်မာ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အတွေးအမြင်

-Anynon ​ရေးသားသည်။ မြန်မာပြည်သူတိုင်းရဲ့ ရင်ထဲမှာ မျှော်လင့်ချက်တွေအများကြီးရှိနေပါတယ်။ဒါပေမဲ့မျှော်လင့်ချက်တွေကသာ များနေတာ ဘာမှရေရေရာရာ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်မလာကြပါဘူး။ ဟိုဟာလေးဖြစ်မလားဆိုပြီးမျှော်လိုက်ရ၊ဒီဟာလေး ဖြစ်မလားဆိုပြီး စောင့်လိုက်ရနဲ့၊ အဆုံးသတ်မှာတော့ ဘာတခုမှ လက်တွေ့မဖြစ်လာဘဲ လေဟာနယ်ထဲမှာပဲ ပျောက်ဆုံးသွားတတ်ကြပါတယ်။ တိုင်းပြည်တခုမှာ မျှော်လင့်ချက်တွေသာ ဒီလောက်များပြားပြီးတခုမှ ဖြစ်မလာဘူးဆိုရင်တော့ ဒီတိုင်းပြည်မှာ တခုခု အလွန်အမင်း...

နိုင်ငံတကာ

ကာကွယ်ရေးနဲ့ မြေရှားသတ္တု တူးဖော် ထုတ်လုပ်ရေးဆိုင်ရာ အမေရိကန် ကုမ္ပဏီ ၁၀ ခုဆီ ပို့ကုန်တွေ တင်ပို့မှုအပေါ် ကန့်သတ်ချက် အသစ်တွေ တရုတ်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။