ဇွန်-၂၅၊၂၀၂၆။စိုင်းနောင်/ People’s Spring
ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲမှာရှေ့တန်းစခန်းတွေ လက်လွတ်ဆုံးရှုံးနေရတဲ့အာဏာသိမ်းစစ်တပ်က အသုတ်မြို့ ၊ဆတ်ဒေါင့်ကြီးရွာကို ဝင်ရောက်တပ်ဆွဲထားတာကြောင့် ဒေသခံတွေ ရွာကနေ တိမ်း ရှောင်နေရပါတယ်။
အသုတ်မြို့နယ်ဟာ ရေကြည်မြို့နယ်မှာပါဝင်ပြီးစစ်တပ်ကငဝန်မြစ်ကြောင်းကနေတဆင့် မော်တော်တွေနဲ့ ဝင်ရောက်လာတာလို့ ဒေသခံတွေကပြောပါတယ်။
“ပုသိမ်ကနေလာတဲ့စစ်ခွေးမော်တော်တွေက ဆတ်ဒေါင့်ကြီးရွာမှာကပ်တာ။သူတို့အတွက် ရိက္ခာတွေပို့ခိုင်းတယ်။ရွာမှာလက်နက်ကြီးဆင်ပြီးပစ်နေတယ်။ ဘယ်လိုမှ မနေရဲကြတော့ ပုသိမ်တို့၊ရေကြည်တို့၊ ဟင်္သာတတို့ကို ရှောင်ကြတာ”လို့ အသုတ်မြို့ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement
လက်ရှိမှာရေကြည်မြို့နယ်ထဲကအမြောက်တပ်(၃၄၄) နဲ့ လေးမျက်နှာမြို့နယ်ထဲက စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကိုလည်း အာရက္ခတပ်တော်( AA)နဲ့မဟာမိတ်တပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။ ဇွန်လအတွင်းတိုက်ပွဲတွေမှာရေကြည်မြို့နယ်ထဲကစခန်းနှစ်ခုကို AAနဲ့ ပူးပေါင်းတပ်တွေကသိမ်းယူနိုင်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။
စစ်တပ် တပ်စွဲထားတဲ့ ကြောင်ရှာတောက ဆင်စခန်း နဲ့ ၁၈၈ ကုန်းလို့ ခေါ်တဲ့ စစ်တပ်စခန်းကုန်းကို ဇွန်လ ၉ ရက်နဲ့ ဇွန်လ၂၀ရက်နေ့တွေမှာသိမ်းယူနိုင်ခဲ့တာလို့ သတင်းရရှိပါတယ်။
လက်ရှိမှာ ရေကြည်မြို့နယ်ထဲကကမ်းနီရွာနဲ့ ကြို့ကုန်းရွာပတ်ဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။စစ်တပ်ကသောင်တန်းရွာမှာလည်း လက်နက်ကြီးတွေတပ်ဆင်ထားပြီး ရခိုင်ရိုးမတောင်အခြေကကျေးရွာတွေဘက်ကို နေ့ရော၊ညပါပစ်ခတ်နေတယ်လို့ စုံစမ်းသိရပါတယ်။
ကမ်းနီရွာကဒေသခံအများစုဟာလည်း ရေကြည်မြို့ပေါ်နဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်လာကြရတယ်လို့ စစ်ရှောင်တွေကိုအကူအညီ ပေးနေသူတစ်ဦးကပြောပါတယ်။
အသုတ်မြို့ဟာအနောက်တောင်တိုင်းစစ်ဌာနချုပ်အခြေစိုက်တဲ့ ပုသိမ်မြို့နဲ့ ကားလမ်းရောရေလမ်းအပြင်ရထားလမ်းပါဆက်စပ်နေတယ်။ရေကြည်နဲ့ လေးမျက်နှာမြို့နယ်မှာ အထိနာနေတဲ့စစ်တပ်က နည်းလမ်းပေါင်းစုံသုံး အင်အားဖြည့်တင်းနေပါတယ်။
စစ်တပ်က ဧရာဝတီတိုင်းကစစ်မျက်နာတွေဆီကို ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့အခြေစိုက် စစ်ဆင်ရေးကိုကွပ်ကဲမှုဌာနချုပ် စကခ(၁၇) လက်အောက်ခံတပ်ရင်းတွေနဲ့ မွန်ပြည်နယ်ကတပ်ရင်းအချို့ကို ပို့ဆောင်ထားပါတယ်။ ဒါ့အပြင် တပ်မ (၆၆) လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀) နဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ပုသိမ်လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခလရ (၆၃)၊ ခလရ (၂၇၁) တို့လည်း စစ်မြေပြင်မှာ ရှိနေတယ်လို့ AAက သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။
တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှုများပြားနေတဲ့စစ်တပ်က လေကြောင်းကနေလည်းနေ့စဉ်လိုလိုဗုံးကြဲနေပါတယ်။ ရေကြည်၊လေးမျက်နှာမြို့နယ်နဲ့ဆက်စပ်တည်ရှိနေတဲ့ ကျုံပျော်၊ ဓနုဖြူ၊ ငါးသိုင်းချောင်း၊ ကွင်းကောက်၊ အင်္ဂပူ၊ ဟင်္သာတနဲ့ ဇလွန်မြို့နယ်တွေကို နေ့စဉ် ဖြတ်ပျံနေပါတယ်။
ဧရာဝတီတိုင်းနဲ့ရခိုင်ပြည်နယ်ထိစပ်နယ်မြေတွေကိုလည်းစစ်တပ်က ရိက္ခာဖြတ်တောက်နေပြီး ကုန်သည်တွေကိုလည်း စားသောက်ကုန်တွေ လှောင်မထားဖို့ ဖိအားပေးနေပါတယ်။ရေကြည်၊သာပေါင်းနဲ့ လေးမျက်နှာမြို့နယ်တွေက ရခိုင်ရိုးမနဲ့ဆက်စပ်တဲ့ဒေသတွေကို ဇွန်လဆန်းပိုင်းကစတင်ပြီး စစ်တပ်ကရိက္ခာဖြတ်တောက်နေတာဖြစ်ပါတယ်။


















































