-ကိုပါဝဲလ်ရေးသားသည်။
ဘောလုံးလောက၏ အကြီးမားဆုံးပွဲတော်ကြီးတခုကို ကမ္ဘာက အာရုံစိုက်ကြည့်ရှုနေချိန်တွင် တောက်ပသော ကွင်းကြီးများ၊ ကြယ်ပွင့်ကစားသမားများ၏ အရိပ်အောက်တွင် မေ့လျော့ကျန်ရစ်နေသည့် နောက်ထပ်ကမ္ဘာတခုရှိနေသည်။
၎င်းမှာအိမ်ယာမဲ့များနှင့် ဘဝ၏ အဖက်ဖက်မှ စွန့်ပစ်ခြင်းခံလိုက်ရသူများ၏ ကမ္ဘာပင်ဖြစ်သည်။ကမ္ဘာ့ဖလားပွဲစဉ်များ၏ ဆူညံသံများကြားတွင် မကြားလိုက်ရသော သူတို့၏ အော်ဟစ်သံများကိုဘောလုံးတလုံးကတဆင့် ကမ္ဘာကို ပဲ့တင်ရိုက်ခတ်ပေးနေသည်မှာ ‘Homeless World Cup’ အိမ်ယာမဲ့တို့၏ကမ္ဘာ့ဖလား ဖြစ်သည်။
ဤပြိုင်ပွဲသည်ရွှေတံဆိပ်များအတွက် မဟုတ်ဘဲ ဘဝများကိုပြန်လည်တည်ဆောက်ရန် တိုက်ပွဲဝင်နေကြသည့် လူသားများ၏ ဇာတ်လမ်းကို ဖော်ထုတ်ပေးနေသော နေရာတခုဖြစ်သည်။သာမန်အားကစားပွဲများသည် ပျော်ရွှင်မှုသက်သက်ကိုသာ ဖန်တီးပေးနိုင်သော်လည်း၊ ဤပြိုင်ပွဲကမူ အိမ်ယာမဲ့ဟူသော တံဆိပ်ကပ်ခံထားရသူများ၏ တန်ဖိုးကို ပြန်လည်ရှာဖွေခွင့်ပေးလိုက်ခြင်းဖြစ်သည်။

Public Service Announcement
Homeless World Cup အဖွဲ့ကို ၂၀၀၁ ခုနှစ်တွင် Mel Young နှင့် Harald Schmied တို့က စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာတဝန်းရှိ အိမ်ယာမဲ့ပြဿနာကို ဘောလုံးအားကစားမှတဆင့် ကမ္ဘာ့အာရုံစိုက်မှု ရရှိစေရန် ရည်ရွယ်ခဲ့သည်။
ကမ္ဘာပေါ်တွင် အိမ်ယာမဲ့သူပေါင်း သန်းရာချီရှိပါတယ်။ ကမ္ဘာ့ဘောလုံးလောက၏ အသိအမှတ်ပြုမှုကို ရရှိထားသည့် အိမ်ယာမဲ့တို့၏ ကမ္ဘာ့ဖလား ပထမဆုံးပြိုင်ပွဲကို ၂၀၀၃ ခုနှစ်တွင် ဩစတြီးယားနိုင်ငံ၊ ဂရက်ဇ်မြို့၌ ကျင်းပခဲ့ပြီးနောက်ပိုင်း နှစ်စဉ်ကမ္ဘာ့မြို့ကြီးအသီးသီးတွင်ကျင်းပလာခဲ့ရာယခုဆိုလျှင် နှစ်ပေါင်းနှစ်ဆယ်ကျော်သက်တမ်းရှိပြီ ဖြစ်သည်။
လာမည့်ပြိုင်ပွဲကို ၂၀၂၇ ခု ဇန်နဝါရီလထဲတွင် ကျင်းပသွားမည်ဖြစ်သည်။ပြိုင်ပွဲတွင် ပါဝင်သူများသည် အမြဲတမ်း အိမ်ယာမဲ့ ဖြစ်နေရမည့်သူများ မဟုတ်ဘဲ၊ ပြိုင်ပွဲကတဆင့် ဘဝအပြောင်းအလဲများ ဖော်ဆောင်ကာ လူမှုအသိုင်းအဝိုင်းထဲသို့ ပြန်လည်ဝင်ဆံ့လာနိုင်ရန် တွန်းအားပေးခြင်းဖြစ်သည်။
ပြိုင်ပွဲဝင်အသင်းအရေအတွက်မှာနှစ်စဉ် ပျမ်းမျှ အသင်းပေါင်း ၇၀ ကျော်အထိ ရှိပြီး ၎င်းတို့သည် ‘Street Soccer’ ဟုခေါ်သော ကစားသမားလေးဦးစီပါဝင်သည့်ပုံစံဖြင့် ကစားကြသည်။ပြိုင်ပွဲသမိုင်းတလျှောက် ဘရာဇီး၊ မက္ကဆီကို၊ ရုရှားနှင့် ချီလီကဲ့သို့သော နိုင်ငံများမှာ ဗိုလ်စွဲခြင်း သို့မဟုတ် ထိပ်ဆုံးနေရာများတွင် အကြိမ်ကြိမ် ရပ်တည်နိုင်ခဲ့ကြသည်။
အာရှတိုက်မှ နိုင်ငံပေါင်း ၁၃ နိုင်ငံသည် ဤအဖွဲ့၏ အဖွဲ့ဝင်များဖြစ်ကြပြီး၊ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် အာဆီယံဒေသတွင်းမှ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့လည်း ပါဝင်ကြသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းစစ်ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများ၊စစ်ဘေးရှောင်များ၊ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးနေရသူများ သန်းနှင့်ချီ ရှိနေသော်လည်း ယခုအချိန်ထိ အဖွဲ့ဝင်နိုင်ငံအဖြစ် မပါနိုင်သေးချေ။ အိမ်ယာမဲ့တို့၏ ကမ္ဘာ့ဖလား (Homeless World Cup)တွင် တရားဝင်ယှဉ်ပြိုင်ရန်အတွက် လက်ရှိနိုင်ငံကိုအုပ်ချုပ်နေသူ သို့မဟုတ်နိုင်ငံအတွင်းနေထိုင်သူသာ ဖြစ်ရမည်ဟု သတ်မှတ်ချက်မရှိပါ။
HWC သည် လူသားချင်းစာနာမှုအခြေခံဖြင့် အိမ်ယာမဲ့များနှင့်လူမှုရေးအခက်အခဲရှိသူများကိုသာ အဓိကထားသည့်အတွက်၊ မြန်မာနိုင်ငံသား စစ်ဘေးရှောင်များအနေဖြင့် နယ်စပ်ဒေသ သို့မဟုတ် အခြားနိုင်ငံတခုခုတွင် ရောက်ရှိနေလျှင်ပင် အသင်းဖွဲ့စည်းပါဝင်နိုင်ပါသည်။
အဓိက လိုအပ်ချက်မှာ သက်ဆိုင်ရာဒေသတွင်တရားဝင်မှတ်ပုံတင်ထားသောNGO သို့မဟုတ် လူမှုရေးအဖွဲ့အစည်းတစ်ခုခုက “National Partner” အဖြစ် ဦးဆောင်၍ HWC နှင့်တရားဝင်ချိတ်ဆက်ပေးရန်သာဖြစ်သည်။
ထိုသို့ချိတ်ဆက်နိုင်ပါက အဖွဲ့အစည်းမှတဆင့် အသင်းကို စနစ်တကျ ဖွဲ့စည်းပြီး နိုင်ငံတကာပြိုင်ပွဲသို့ တင်သွင်းနိုင်မည်ဖြစ်သည်။
National Partner အဖြစ် အသိအမှတ်ပြုခံရရန်နှင့် အသင်းကို ပြိုင်ပွဲသို့ စေလွှတ်ခွင့်ရရှိရန်မှာ(၁)နှစ်ခန့်အချိန်ယူရလေ့ရှိသည်။
ပထမဦးဆုံး လျှောက်ထားပြီးနောက် (၁၂) လတာ ကာလအတွင်း “Provisional Partner” အဖြစ်ယာယီတာဝန်ယူရမည်ဖြစ်ပြီး၊ထိုကာလအတွင်းအဖွဲ့အစည်း၏လုပ်ငန်းစွမ်းဆောင်ရည်နှင့် အသင်းစီမံခန့်ခွဲမှုများကို HWC က စောင့်ကြည့်စစ်ဆေးမည် ဖြစ်သည်။
အဆိုပါ(၁၂)လတာကာလအတွင်း အရည်အချင်းပြည့်မီမှသာ “Full Partner” အဖြစ် အဆင့်တိုးမြှင့်ခံရပြီး၊ ထိုအချိန်မှစ၍ နှစ်စဉ်ကျင်းပမည့် Homeless World Cup ပြိုင်ပွဲများသို့ မြန်မာနိုင်ငံကိုယ်စားပြု အသင်းကို တရားဝင် စေလွှတ်ခွင့် ရရှိမည် ဖြစ်သည်။
လက်ရှိမြန်မာ့အခြေအနေတွင် အာဏာသိမ်းစစ်တပ်ကြောင့် အိမ်ယာမဲ့နှင့် နိုင်ငံမဲ့သူများ အလွန်များပြားနေသည့်အတွက်အသင်းတသင်းတည်း နှင့် မလုံလောက်ဘဲ နိုင်ငံကိုယ်စားပြု အသင်းများစွာဖြင့် ယှဉ်ပြိုင်ရမည့် အခြေအနေမျိုး ဖြစ်နေသည်။
မြန်မာနိုင်ငံအနေဖြင့် Homeless World Cup တွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းသည် တချက်ခုတ် နှစ်ချက်ပြတ် အကျိုးရလဒ်များ ရရှိနိုင်ပါသည်။ ပထမအချက်မှာ စစ်အာဏာရှင်လက်အောက် မြန်မာ့မြေတွင် ဖြစ်ပျက်နေသော အိမ်ယာမဲ့များနှင့် နိုင်ငံမဲ့သူများ၏ ဆိုးရွားသော ဘဝအခြေအနေများကို ကမ္ဘာ့မျက်နှာစာသို့ တင်ပြနိုင်သောအခွင့်အလမ်း ဖြစ်သည်။
ဒုတိယအချက်မှာ သာမန်ဘောလုံးပြိုင်ပွဲများတွင် အာရှနှင့် အာဆီယံအဆင့်၌ပင် အခြေမဟန်သော မြန်မာ့ဘောလုံးလောကအတွက် ကမ္ဘာ့အဆင့်စင်မြင့်တွင် ခြေချနိုင်မည့် အခွင့်အရေးတခု ဖြစ်လာနိုင်ခြင်းဖြစ်သည်။
အိမ်ယာမဲ့နှင့် နိုင်ငံမဲ့ဖြစ်နေရသူများ၏ အသံကို ဘောလုံးကွင်းထဲမှတဆင့် ကမ္ဘာက ကြားသိလာသောအခါ မြန်မာ့အရေးနှင့် ပတ်သက်၍ ပိုမိုနက်ရှိုင်းသော စာနာမှုနှင့် မေးခွန်းထုတ်မှုများ ဖြစ်ပေါ်လာပါလိမ့်မည်။
ဤလုပ်ဆောင်ချက်သည်အားကစားကို အသုံးပြုကာ နိုင်ငံရေးအရ တရားမျှတမှုကို တောင်းဆိုခြင်းနှင့် လူသားတဦးချင်းစီ၏ ဂုဏ်သိက္ခာကို ပြန်လည်ဖော်ထုတ်ခြင်းပင် ဖြစ်သည်။
အိမ်ယာမဲ့ဘဝနှင့် နိုင်ငံမဲ့အဖြစ်ဆုံးရှုံးမှုများကြားတွင် ရပ်တည်နေရသူများအတွက် ဘောလုံးတလုံးသည် သူတို့၏ မျှော်လင့်ချက်ကို ပုံဖော်ပေးမည့် အရာတစ်ခု ဖြစ်သည်။ စစ်ဘေးရှောင်များ၊ နိုင်ငံမဲ့သူများနှင့် အိမ်ယာမဲ့များ၏ မျက်ရည်များဖြင့် ပေါင်းစပ်ထားသော မြန်မာ့ဘောလုံးအသင်းတသင်းသည် ကမ္ဘာ့ကွင်းပြင်တွင် ရောက်ရှိနေပြီဆိုပါက၊ မြန်မာ၏ ဆိုးရွားသော အခြေအနေများကို ကမ္ဘာ့မျက်နှာစာသို့ ယခုထက်ပိုမို တင်ပြနိုင်မည် ဖြစ်ပါသည်။ ။


















































