Connect with us

Hi, what are you looking for?

ကဗျာ

‘ရွက်နုတရွက်ကြွေလွင့်ခဲ့တယ်’

◼️ခွန်းနီ

ခပ်သုန်သုန်တိုက်တဲ့လေရူးကို
အတ္တမဲ့စွာခံစားကြည့်လိုက်တယ်
ဘာပြန်ရလိုက်သလဲဆိုရင်
လွတ်လပ်စွာအထီးကျန်မှုပဲရှိမယ်။
တိုက်ချင်ရာတိုက်ခဲ့ပြီး
မိုက်ချင်ရာမိုက်ခဲ့ကြလို့လေ
လွတ်လပ်ပေါ့ပါးတယ်ထင်ရပေမဲ့
အထီးကျန်ခြင်းဟာလေးလံလွန်းပါတယ်။
မင်းမရှိရင်မဖြစ်ဘူးဆိုပြီး
မင်းမရှိလဲတစ်ဖွဖွဆိုမိနေတတ်တုံး
လက်ပံတွေပွင့်ရင်လဲပြန်လာမှာမဟုတ်တော့ဘူး
ဒီနွေဦးဟာမင်းနဲ့မဆိုင်တော့သလိုမျိုး။
ဒါဟာငါ့ထင်မြင်ယူဆချက်ပါပဲ
မင်းပြန်လာတာမျိုးလဲဖြစ်နိူင်တာပဲလေ
မသိစိတ်ရဲ့တောင်းတမှုကို
သိစိတ်ဟာမဖြည့်ဆည်းနိူင်မှတော့လွမ်းရတာပါပဲ။
နွေဦးရဲ့ရွက်ကြွေတွေဟာသစ္စာရှိတယ်
ရွက်နုဆိုတာတစ်ရွက်မှမပါဘူး
ကြွေသမျှရွက်ဟောင်းတွေလဲဘာကိုမှမဆန့်ကျင်ဘူး
အားလုံးဟာသူ့ဆင့်ကဲဖြစ်စဥ်တွေအတိုင်းပဲ။
ငါတို့နွေဦးမှာတော့ကြွေသမျှကရွက်နုတွေများတယ်
မင်းဟာလဲအချိန်အခါမဟုတ်ကြွေခဲ့ရတာ
နှမြောတသဖြစ်ခြင်းနဲ့ဂုဏ်ယူရခြင်းရဲ့ကြားမှာ
ငါရပ်နေခဲ့တာကြာပါပြီအမ်စောရယ်။
ငါတို့တွေမပြီးသေးဘူးဆို
အခုကျပြီးပြီလား
မင်းရဲ့အေးစက်စက်ခန္ဓာကိုယ်လေး
တိမ်တွေအဖြစ်ပြောင်းသွားတာငါမြင်ရတယ်။
အဲ့ဒီနေ့ကငါမငိုဖြစ်ခဲ့ဘူးရယ်
တစ်နေ့တည်း ကုန်မယ့် မျက်ရည်မှမဟုတ်တာ
ငါ့ကြေကွဲမှုဟာဒီတစ်ရက်နဲ့မလုံလောက်ခဲ့ဘူး
အချိန်တိုင်းမှာကြေကွဲစရာနိူင်ငံတော်ပဲလေ။
ငါ့အင်ပါယာမှာမင်းမရှိတော့ဘူး
ငါ့ကိုယ်ပိုင်နိူင်ငံတော်ကျဆုံးခဲ့ရတာ
ငါပြန်တိုက်ယူရမယ် အမ်စော
တကယ့်နိူင်ငံတော်ကြီးကိုလဲပြန်တိုက်ယူနေရတုံး။
ငါ့အိမ်မက်ထဲမှာဖီးလ်နစ်ငှက်တစ်ကောင်ကိုမြင်တယ်
နိုးထလာတော့ငါသိလိုက်တယ်အမ်စော
မင်းတစ်ဖန်ပြန်နိုးထလာမယ်ဆိုတာငါသိလိုက်တယ်
ငါ့သေနတ်ပြောင်းထဲမှာမင်းမြတ်နိုးတဲ့ပန်းတစ်ပွင့်
ဘယ်သူလာထိုးသွားတာလဲ။
ငါတို့လိုပုံစံတူဖြစ်ရပ်တွေအများကြီးပဲ
မေတ္တာဆိုတာသေသူရယ်ရှင်သူရယ်မခွဲခြားဘူးတဲ့
ထားနိူင်သမျှပိုတန်ဖိုးရှိတယ်လို့ငါကြားဖူးတယ်
မင်းကလဲတန်ဖိုးကြီးစွာနဲ့ငါ့ကိုထားခဲ့တာပါပဲ။
သတိရတယ်….
လွမ်းလဲလွမ်းရတယ်…
ငိုတော့မငိုဖြစ်သေးဘူး အမ်စောရယ်။

(ကျဆုံးခဲ့သူလက်တွဲဖော်မိန်းကလေးအားရည်စူးရေးသားခြင်း)

(The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ‘ခွန်းနီ’ရေးဖွဲ့ခဲ့တဲ့ “ ရွက်နုတရွက်ကြွေလွင့်ခဲ့တယ်” ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “ The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဝတ္ထုတို

တော်လှန်ရေးကြာရှည်လာပြီ။ အောက်ခြေရဲဘော်များမှာ ရိုးရှင်းသည်။ အာဏာရှင်ကိုတော်လှန်မည်။ ရာထူး မလိုချင်၊ အာဏာ မမက်မော၊ ငွေကြေးလောဘ မတက်ကြ။ သို့သော် မ,ကိစ္စ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကျခြင်း။ လူမှုရေး၊ အချစ်ရေး၊ မ,ကိစ္စ မည်သို့ဆိုစေ သွေးသားတောင့်တသောအရွယ်၏ အမူအကျင့်များကို ကြာရှည် ဖိနှိပ်ထားရန် မလွယ်ကူပါ။

ကဗျာ

လူတယောက် တွေ့ကြုံခံစားရသမျှဟာ သူ့ရဲ့ ကမ္ဘာအတုပဲ။ ဘုရားသခင်က စိတ်ကူးကိုဖန်ဆင်းတယ်။ လူသားက လွတ်လပ်မှုကို လိုက်ရှာတယ်။

ရသစာတမ်းငယ်

လူခြေတိတ်ဆိတ် ငှက်ကလေးတွေ အိပ်ပျော်နေဆဲ။ အိမ်ရှေ့က ခရေပင်ထိပ်မှာ လခြမ်းကွေးကွေးလေး လာချိတ်ချိန်။ အဲဒီ လခြမ်းကွေးကွေးလေးကို မျက်နှာမူပြီး ကျနော် ခရီးစထွက်ခဲ့ပါသည်။ လရောင်ရဲ့ အလင်းပုဝါပါးအောက်မှာ ရိုးတိုးရိပ်တိပ် မြင်ရတဲ့ မပန်းဝါရဲ့ ပန်းခင်းလေးကို ခေတ္တ ငေးမိပါသေးသည်။ ကျနော် ခရီးထွက်ရပါဦးမည်

ရသစာတမ်းငယ်

အရေးပေါ် ကိစ္စတခုနဲ့ တနေကုန် ခရီးသွားရတယ်။ အမြန်ပြင်ဆင်ရတော့ အချိတ်အဆက်တွေက သိပ်မမိ။ ရန်သူ့နေရာနဲ့ ကွင်းရမယ့်ရွာမှာ ကိုယ်တွေရောက်ခါနီးလေး လေယာဉ်နဲ့ပစ်နေလို့ ပြန်ထပ်ပြီးအဝေးနေ ဝိုက်ပြီး ပြန်ကွင်းရတော့ အချိန်တွေက တော်တော်နှောင်းရော။ မစီးတာကြာတဲ့ ကတ္တရာလမ်းမကြီးပေါ် ခပ်ကြာကြာလေးစီးရချိန်မှာ ဗိုက်ပူက အပေါ်ကတဝဲဝဲနဲ့။ ဒီလိုနဲ့ မြို့နယ်သုံးလေးခုလောက် ဖြတ်လိုက်...