ခင်မေရီ
အမေကိုသတိရ၏
အရက်ကြိုက်တတ်သော အဖေကိုလွမ်း၏
ညီငယ် ညီမငယ်များကို ပြေးတွေ့ချင်၏

Public Service Announcement
ချစ်သူကိုတမ်းတ၏
ခွေးကလေးကို ပွေ့ဖက်ထားချင်၏
သမီးလေး၏ပါးပြင်ကို ဖွဖွလေးနမ်းချင်၏
ခြေတဖက်ပြတ်ရ၏
လက်တဖက်ကို စွန့်ရပြန်၏
နားထင်ထောင့်က ကျည်ဆန်တို့ ဟားတိုက်ရယ်မောကုန်၏
ခန္ဓာကိုယ်တခု သေတ္တာတလုံးသာလို၏
အဖြစ်အပျက်တို့ကားမြန်ဆန်လွန်း၏
နှောင့်နှေးခြင်းတို့ နတ္ထိ။
ဝေးကွာခြင်းတို့အစီအစဉ်တကျ ချမှတ်ပြီးလျက်သားဖြစ်၏
နိဗ္ဗာန်ကား ငရဲနှင့်ဆင်တူ၏
မတရားခြင်း၏ တရားသံများ ပျံ့လွင့်နေ၏
သိုးကလေးများ အနတ္တ မွေးဖွားကြ၏။
နားသောတဆင်ရန် ဝမ်းနည်းဖွယ် တေးသံတို့အသင့်ရှိ၏။
ရိုရိုသေသေဖိနှိပ်ထားသော စကားသံတို့ အသက်ဝင်နေမြဲဖြစ်၏။
ရနံ့မဲ့ဂုဏ်သတင်း၊ ခြောက်အိမ်မက်၊ သူရဲကောင်းတို့ပြန်လည်ထမြာက်ခြင်းတို့အတွက်..
သေတ္တာတလုံး ခန္ဓာတခု လိုပါလိမ့်အုံးမည်။
(The Call -ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ‘ခင်မေရီ’
ရေးဖွဲ့တဲ့ “မတရားခြင်းရဲ့တရားသံ” ကဗျာကို
People’s Spring ကပြန်လည်ဖော်ပြပေးတာ
ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “ The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)
















































