Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

‘ကျမနှင့် မဟော်ဂနီရောင် နက်ဂတစ်ဗ်များ’

မည်သည့်နေရာမှ အစပြု၍ မည်သို့မည်ပုံအဆုံးသတ်ရမည်ကို မသိသော ဘဝတခုကို ကျမပိုင်ဆိုင်သည်။

(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ'​​​​​သက်ငြိမ်' ရေးဖွဲ့တဲ့ “​​ကျမနှင့် မဟော်ဂနီရောင် နက်ဂတစ်ဗ်များ” ရသစာတမ်းငယ်ကို People's Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

◼️ သက်ငြိမ်

မည်သည့်နေရာမှ အစပြု၍ မည်သို့မည်ပုံအဆုံးသတ်ရမည်ကို မသိသော ဘဝတခုကို ကျမပိုင်ဆိုင်သည်။

ဘဝ၏ လမ်းများနှင့် ရွေးချယ်မှု မှန်ကန်သော လူသားများစွာကို ကျမ တွေ့နေခဲ့ရသည့်တိုင် လမ်းတိုင်း၏မူလနေရာတွင် ကျမ တွေဝေနေမိသည်။ ရွေးချယ်ခြင်းပညာမစုံလင်သူ၏ မိုက်မဲမှုမျိုး..သို့မဟုတ်..အတောင်အလက်တို့တွင် ဒဏ်ရာရဖူး၍ ပျံသန်းရမည်ကို အစိုးတရွံ ကြောက်ထိတ်လန့်နေခဲ့သော ငှက်ငယ်တကောင်၏ ပထမအကြိမ်တွင် ကြီးကြီးကျယ်ကျယ် ကျရှုံးမှုမျိုးဖြင့်..။

မိုက်မဲခြင်းတို့ဖြင့် ရူးမိုက်စွာ အလင်းအမှောင်တို့အား ဥပက္ခာပြု၍ မျက်လုံးအစုံကို မှိတ်ချ၍ ပြေးလွှားပစ်ချင်ဖူးသည့်တိုင် ကျမကိုယ် ကျမ မအောင်မြင်နိုင်။ ကြီးမားသော ဆုံးဖြတ်ချက်ကို တိတိကျကျ မချနိုင်ခြင်းဖြင့် မကြာခဏ ချရသော အရာသည် မာန် မာနနှင့် သက်ပြင်းသာ။

Public Service Announcement

Public Service Announcement

ယုံကြည်ရာတို့ဖြင့် မျက်လုံးမှိတ်ကာ ယုံကြည်ချက်တို့ကိုသာ ထွန်းညှိခဲ့ကြသော ငွေမဲ့လူတန်းစားတို့၏ခွန်အားသည် ကျမ အမြတ်နိုးဆုံးအရာ ဖြစ်သည်။

လက်နက်ထက်ပင် အင်အားကြီးလွန်းသော ယုံကြည်ချက်ဖြင့် တိုက်ခိုက်တတ်သော လူတန်းစားများကို ကျမ ချစ်သည်။

လမ်းရှုပ်များကို ချစ်သော သို့မဟုတ် ကြယ်ငါးပွင့်၊ ကြယ်ခုနစ်ပွင့်တို့ကို မထေမဲ့မြင်ပြုရဲသော ထိုခြေလျှင်သမားတို့၏ တောကြိုအုံကြားထဲမှ မြတ်နိုးဖွယ်ရာတို့ကို ကျမလည်း ထပ်တူထပ်မျှမြတ်နိုးလိုသည်။

သို့တိုင် ကျမတွင် ခပ်ယိုင်ယိုင် စိတ်ဓာတ်သာရှိ၏။ ပျော့ဖတ်ဖတ် ယုံကြည်ချက်သာ ရှိ၏။ ကျမသည် ပန်းခြောက်တို့၏ ရနံ့ကို နှစ်သက်သော်ငြား ပန်းခူးတတ်သော လက်အစုံတော့ မဟုတ်။

လေပြည်ဖြင့် ရောသော ပန်းရနံ့များကိုသာ မှီခိုလိုသော အစာမဝသည့် မှင်စာလေးတကောင်သာ ဖြစ်၏။

ကျမအတွက် ကြေမွခဲ့သော ကြယ်စင်ကြယ်သားဆီမှာ ကျမ ဆုတောင်းစကားတွေ မပါးခဲ့မိ။ ကျမ နှစ်သက်ရာ အမှောင်ထဲသို့ တရှိုက်မတ်မတ် တိုးနှစ်ကြည့်ရှု့နေရသည်ကိုပင် ကျမ မက်မက်မောမော ရှိလှသည်။

အချို့ခေါ်သံတွေကို ကိုယ်စားပြုဖို့ ကျမ နားကိုစွင့် မျက်လုံးတွေကို ဖွင့်ထားခဲ့မိသည်။ သို့တိုင် မကြားရဲစွာ နားကိုပိတ်၍ မမြင်ရဲစွာမျက်လုံးမှိတ်လိုက်မိတိုင်း နှလုံးသွေးတို့ အဖြူရောင်အဖြစ် ပြန်လည် စီးဆင်းရစ်ခဲ့ကြသည်။

ငိုကြွေးသံတို့အဝေးသို့လည်း မပြေးထွက်နိုင်။ ငိုသံတိတ်ဖို့လည်း မစွမ်းဆောင်နိုင် ..။

ဝေတိဝေဝါး မျှော်လင့်ချက်များတွင်သာ အသက်ဆက်ထားမိခဲ့ကြ။ ထိုယုံကြည်မှုအတွက် နောင်တတွေ မဖြစ်ပါရစေနှင့်။

ခြေရာအခွံတို့အား ချန်ထားရစ်ဖို့ ကြိုးစားမိသူ၏ ထမင်းလုတ်သည် ပြုတ်လုပြုတ်ခင်ဖြင့်သာ။ လက်ကြမ်းကြမ်းနှင့် ခြေလှမ်းကျဲကျဲတွင် နေဝင်ရီတရောတို့ အမြဲတစေ ခြောက်လှန့်ခံရလေ့ရှိသည်။ တပ်လှန့်သူတို့အတွက် ကျမ နှလုံးသားအား ထွန်းညှိပူဇော်လိုပါသည်။

သို့သော် နောက်တကြိမ် ဆာလောင်မှုတွင် နှလုံးသား မရှိတော့သူတို့၏ လက်တော်တို့တွင် လက်သည်းရှည်နေမည်ကို ကြောက်ရွံလှသည်။

ခြောက်လှန့်တတ်သော အရာတို့အား မကြောက်ရွံသည့်တိုင် ချောင်းမြောင်းတတ်သော အပြုံးတို့ကိုကား စိုးထိတ်ကြောက်ရွံလွန်းလှသည်။ ထိုအရာအတွက် ကျမ နောက်ကျောမရှိချင်ပါ။ သို့တည်းမဟုတ် စိတ်နှလုံး အေးချမ်းဖွယ် မြင်လွှာအစုံဖြင့်သာ လုံခြုံချင်မိခဲ့ပါသည်။

အကြီးကျယ်ဆုံးသော နောင်တသည် အသေးငယ်ဆုံးအမှားများစွာကို ကျစ်ဆံမြီးထိုး၍ ဝင်ရောက်လာခဲ့ကြသည့်အခါ ကျမ ပြည်ဖုံးကားဆိုသည့်အရာကို တမ်းတမ်းမက်မက် ဖြစ်မိခဲ့သည်။ ကျမ၏ ဆင်ခြေဆင်လက်တို့သည် မျက်ရည်ခံထိုးရုံဖြင့် မလုံလောက်သော အရိပ်များကို မတော်လှန်နိုင်။

အဘယ်မျှ မုန်းတီးဖွယ် ကောင်းလှပါသနည်း..။

ကျမ ရိုက်ခြွေခဲ့သော အိမ်မက်တို့သည် ကျမ၏ ဆာလောင်မှုအတွက်ဖြစ်သော်လည်း ကျမအတွက် ကြွေကျခဲ့သော အိမ်မက်တို့သည့်ကား ကျမအား ရိုက်ခြွေဖို့သာ ဖြစ်သည်။ အခြေမခိုင်မှုတို့ဖြင့် ယိုင်နဲ့သူ၏ ဖိနပ်ပေါက်သော ခရီးကြမ်းပင် ဖြစ်မည်။

ကျမက သွားမျှားမိသော ဒုက္ခ၊ သို့တည်းမဟုတ် ကျမအား လာရောက် မျှားယူသော ဒုက္ခ၊ ထိုအရာများကြားတွင် အလူးအလွန့်ဖြင့် မှင်ရည်ကျဲခဲ့ခြင်းအား နောင်တချိန်တွင် လူငယ်လေးတယောက်တလေမှ အရသာရှိရှိ ပွဲတော်တည်နိုင်ရန် ကျမ မှင်ရည်အိုးထဲ လက်အစုံကို ဆွတ်နှစ်ထားခဲ့ချင်ပါသည်။

အလုံပိတ်အခန်း သို့မဟုတ် ကျမ၏ မြင်လွှာမဲ့ လမ်းလျှောက်ခြင်းတို့အပေါ်အစနှင့်အဆုံးအ

လယ်မှ သင်္ခါရ အိပ်မက်များ၏ ရသကိုးပါးအား ကျမကိုယ်တိုင် စားသုံးဖို့နှင့် တာရှည်ခံအနှစ်သာရအဖြစ် မီးပြင်းတိုက်ပစ်လိုက်သည်….။ ။

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

အညာရဲ့ ကောင်းကင်ဟာ တရားလွန် ပြာလဲ့လွန်းနေသည်။ ထိုအပြာရောင်သည် ကလေးငယ်များအတွက် ကစားကွင်း မဟုတ်တော့ဘဲ၊ အချိန်မရွေး ပေါက်ကွဲထွက်သွားနိုင်သည့် "အပြာရောင်သုသာန်" တခု ဖြစ်လာခဲ့သည်မှာ ကြာခဲ့ပြီ။ တိမ်တိုက်ဖြူဖြူလေးများကတော့ ဘာမှမသိသလို ဟိုတစ ဒီတစ လွင့်မျောနေဆဲ။

ရသစာတမ်းငယ်

ပုခက်ပေါ်ကခုန်ဆင်းတော့ ကြောက်လန့်တကြား ထခုန်ရတဲ့ကိစ္စက မြွေတကောင်ရဲ့အားယူနေတဲ့ပုံကိုမြင်ယောင်မိတဲ့ အခိုက်အတန့်။ သစ်ခက်နွယ်နွယ်တွေယှက်နေတဲ့ မြေကြီးက အစာဝနေတဲ့မြွေလို ငြိမ်သက် ကမ္ဘာဟာဒီရက်ပိုင်း အရှိန်ပြင်းပြင်းနဲ့လည်နေပုံရတယ် ငါတို့ခေါင်းတွေမူးမူးနေတာပဲ။

ရသစာတမ်းငယ်

တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင် ရှိတဲ့...

ရသစာတမ်းငယ်

အဖေ့ရဲ့လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း စိတ်ထဲကနေ အကြိမ်ကြိမ် နှုတ်ဆက်နေမိတယ်။ ပြီးတော့ စိတ်ထဲကနေပဲ နားလည်ပေးပါလို့လည်း ပြောနေမိတာပေါ့။ အဖေဟာ မျက်နှာကျက်ကိုပဲ စူးစိုက်ကြည့်နေတယ်။ မျက်လုံးအိမ်မှာ မျက်ရည်တွေ အမြဲစိုစွတ်နေတယ်။ ဒါဟာ သူ လေဖြတ်ပြီးနောက်ပိုင်း သူ့ပုံမှန် နေ့စဥ်ပါပဲ။ အမြဲတမ်း အိပ်ယာပေါ်ပက်လက် မျက်နှာကျက်ကလွဲလို့...