Connect with us

Hi, what are you looking for?

Short Story

“လွတ်မြောက်ခြင်းနောက် ငြိတွယ်ရာ”

ယုံကြည်ချက်ကို ဘဝရဲ့မျှော်လင့်ချက်တွေနဲ့ ထပ်တူအလဲအလှယ်လုပ်ရတဲ့ မိုးဆက်တို့ရဲ့ဘဝတွေက အချစ် ရော စစ်ရော အဘက်ဘက်က အမြဲ အားပြိုင်လေ့ရှိကြတယ်လေ။

"လွတ်မြောက်ခြင်းနောက် ငြိတွယ်ရာ"
"လွတ်မြောက်ခြင်းနောက် ငြိတွယ်ရာ"

◼️စုသဲမွန်

“မင်း သေလိုက်ပါလား ဟေ့ကောင်ရာ”

“မင်း သေလိုက်ပါလား”

ကျော်ကြီးရဲ့အလောင်းကို မြေမြှုပ်ချိန် မိုးဆက် ချုံးပွဲချငိုရင်း ဟိုးအရင်ရက်တွေတုန်းကလို ကျော်ကြီးပုခုံးကိုလှုပ်ခါပြီး အားမလိုအားမရပြောခဲ့ဖူးသော သူ့စကားများကို ပြန်ကြားယောင်နေမိတယ်။ ဝဇီဗေဒ ထိတိုင်းရှတဲ့။ ကျော်ကြီးအခုလိုအဖြစ်ဆိုးတွေ ဖြစ်မယ်လို့ ဘယ်လိုသူသိနိုင်မလဲ။ အမြဲ ချောင်တချောင်မှာ ဖုန်းတလုံးနဲ့ ခပ်ကုတ်ကုတ်နေတတ်တဲ့ ကျော်ကြီးက ညကင်းပဲဖြစ်ဖြစ်၊ ရှေ့တန်းပဲဖြစ်ဖြစ် တာဝန်ယူရမယ်ဆို ဘယ်တော့မဆို ခေါင်းရှောင်တတ်သူမဟုတ်။ ကျော်ကြီးမှမဟုတ်ပါ၊ မိုးဆက်တို့ ရဲဘော်ရဲဘက်အားလုံးက တာဝန်ကို အပြေးအလွှား ယူချင်ကြသူချည်းပါပဲ။ ဒီထဲမှာ ညကင်းရော ထမင်းချက်ရော ဝိုင်းကူတတ်တဲ့ ကျော်ကြီးကိုတော့ မိုးဆက်က အခင်မင်ပိုမိတာ မထူးဆန်းပါဘူး။ ယုံကြည်ချက်ကို ဘဝရဲ့မျှော်လင့်ချက်တွေနဲ့ ထပ်တူအလဲအလှယ်လုပ်ရတဲ့ မိုးဆက်တို့ရဲ့ဘဝတွေက အချစ် ရော စစ်ရော အဘက်ဘက်က အမြဲ အားပြိုင်လေ့ရှိကြတယ်လေ။ မိုးဆက်ကောင်မလေးကတော့ မိုးစက်ဆီ အဆက်အသွယ်မလုပ် သတင်းမရတာ ကြာပါပြီ။ တော်လှန်ရေးကာလ သုံးနှစ်ထဲ အသက်ပေါင်းများစွာပေးဆပ်၊ဘဝပေါင်းများစွာ စွန့်လွှတ်ကြရတာ ချစ်သူတယောက် စွန့်လွှတ်ရတာ နာကျင်ခံစားရပေမယ့် မိုးဆက် စာမဖွဲ့ဖြစ်ခဲ့ပါဘူး။ မိုးဆက်ကောင်မလေး ဆိုတာကလည်း နှစ်ပတ်တခါ၊ တလတခါမှ ဖုန်းဆက် စာပို့တတ်တာ မိုးဆက်အပေါ်လည်း သိပ်လေးနက်လွန်းတာမဟုတ်တော့ ဒီခရီး ဒီလမ်းနဲ့ ဒီဇာတ်ခင်းတာ မထူးဆန်းပါဘူး။

ထူးဆန်းတာက ကျော်ကြီး။ သူ့ကောင်မလေးက စခန်းရဲ့ အကြီးစားထောက်ပို့။ အကြီးစားဆိုလို့ သိန်းဆယ်ချီ ပေးနေတဲ့သူမဟုတ်ပါဘူး။ ကျော်ကြီးကတဆင့် မိုးဆက်တို့ ငဇွဲတို့ ကျော်ကြီးဘော်ဒါတွေအတွက် ဆေးလိပ်ဖိုး၊ ကွမ်းဖိုး၊ ဖုန်းဘေလ်ဖိုး ထောက်ပံ့ပေးနေကြလေ။ အခု ကောင်မလေးက သူ့အိမ်နဲ့ ဘာရှော့ဖြစ်တယ်မသိ၊ ကျော်ကြီးနောက်လိုက်လာမယ် လမ်းကြောင်းချိတ်ခိုင်းတာကို တုတ်တုတ်မလှုပ်ဘဲ ဒင်း ငြင်းနေတာ။ ဒီကောင့်ကို ဒေါသထွက်လွန်းလို့ ဆဲရေးလိုက်တာ။ “သေလိုက်တာမှကောင်းဦးမယ်” ။ “ဦီးနှောက်မရှိတဲ့ကောင်” “ဘာမှမတွေးတတ်တဲ့အကောင်” ။ သူ့ကိုဝိုင်းဝန်းဖြောင်းဖြမှ “ငါတို့ဆီလာရင် သူခက်ခဲမှာကွ၊ငါစဉ်းစားဦးမယ်ကွာ” ဆိုပြီး အင်းမလုပ်အဲမလုပ် ဖြစ်နေတာမို့ ဒင်းကို ဝိုင်းဝန်းကျိန်ဆဲလိုက်ကြတာ ပြောမနေပါနဲ့တော့။ အခုတော့ မိုးဆက်တို့ကျိန်စာတွေက မိုးဆက်တို့ရင် ကို အရှင်လတ်လတ်ခွဲနေပြီလေ။ “ကျော်ကြီးထိသွားပြီ” ။ “ကျော်ကြီးမရတော့ဘူး” ။ “ကျော်ကြီး ဟေ့ကောင် ကျော်ကြီး” စတဲ့အသံတွေ မိုးဆက်နားမှာ အကြိမ်ကြိမ် ပဲ့တင်ထပ်နေပြီ။ မိုးစက်တို့သူငယ်ချင်းတွေ ကျော်ကြီးအပါအဝင် သေအတူရှင်မကွာ ရရာလက်နက်နဲ့ နိုင်ရာတာဝန်ထမ်းပြီး တိုက်ပွဲဝင်ဖို့ ကတိကိုထားခဲ့တယ်။ ဒါပေမဲ့ အောင် ပွဲရတဲ့အထိ အတူရှိဖို့တော့ ဒီကောင် ကတိမတည်ခဲ့ဘူ ။ မိုးဆက် ဘေးနားကဂေါ်ပြားနဲ့ ကျင်းထဲကို မြေနီခဲတွေပက် လိုက်တယ်။ သွေးချင်းချင်းနီနေတဲ့ ကျော်ကြီးရင်ဘတ်ကို ဖုံးသွားချိန် မိုးဆက်ရင်ထဲက တစက်စက် ယိုစီးကျနေတဲ့ မမြင်ရတဲ့ သွေးတွေကိုတော့ ဘယ်အရာမှမဖုံးနိုင်ဘူး။ ကျော်ကြီးအလောင်းကို ပေါက်တူး တယောက်တလက်နဲ့ မြေဖို့ချိန် ငစွာကတော့ ဖင်ထိုင်ချပြီး ငိုနေတယ်။

ငစွာဆိုတာကလည်း မိုးဆက်လိုပဲ ကျော်ကြီးနဲ့ အမြဲအတွဲဆုံး၊ နှစ်ယောက်သား ကွမ်းကြိုက်တာလည်း အတူတူ၊ကြယ်နီလေးတွေ တောထဲရောက်လာရင် ကြယ်နီဆေးပေါ့လိပ်ကြီးကို တလိပ် နှစ်ယောက် ဖွာကြလည်းအတူတူ ဆိုတော့ ငစွာကတော့ ကျော်ကြီးအလောင်းကို မြေတောင်မဖို့နိုင်တော့ဘူး။ ငုတ်တုတ်လေး ထိုင်ပြီး ငိုနေရှာတယ်။ အချစ်တပွဲ စစ်ပွဲတရာ နွှဲနေရတဲ့ မိုးဆက်တို့လိုကောင်တွေ အတွက်ကတော့ နေ့မြင်ညပျောက် ဆိုတဲ့စကားက အမြဲလက်မခံချင်ဘဲ အလိုလို လက်ခံလိုက်ရတဲ့စကား။ သူသာ ဒီလို ခပ်မြန်မြန်ထွက်သွားမှာ သိရင် ကောင်မလေးကို သူ ဒီကိုမခေါ်ဖြစ်တာကို ဘယ်သူမှ အပြစ်တင်ဖြစ်မှာမဟုတ်ဘူး။ အပြစ်မတင်မိရင် ကောင်မလေး အိမ်ထောင်ပြုလိုက် တာကိုလည်း သူ့ကို “အသုံးမကျတဲ့ကောင်” လို့ ဆဲရေးတဲ့သူတွေရော စနောက်တဲ့ကောင်တွေရော ကဲ့ရဲ့တဲ့ကောင် တွေရော မမြင်ရတော့တဲ့ မြေကြီးအောက်ထဲက ကျော်ကြီးကို မျက်နှာပူစရာမလိုတော့။ ပြီးတော့ ရှိသေးတယ်၊ ဒီလိုခပ်စောစောသာ ထွက်သွားမှာမှန်းသိရင် အိမ်က ကေပေးနဲ့ မုန့်ဖိုးလှမ်းထည့်ပေးတုန်းက ဒီကောင်ကြီးကြိုက်တဲ့ အသားဟင်းလေးတွေ ရှာကြံပြီးကျွေးလိုက်ပါတယ် ကျော်ကြီးရာ။ မိုးဆက်စိတ်ထဲ တနုံ့နုံ့ ဖြစ်နေမိတယ်။

Public Service Announcement

Public Service Announcement

သွေးစွန်းနေတဲ့ ကျော်ကြီးဖုန်းစခရင်ပေါ်က ကောင်မလေးပုံကိုကြည့်ပြီး “လင်ယူဖို့ ဒီလောက်မြန်ရလားဟာ … အခုကျော်ကြီး ဆုံးပြီဟ” လို့ အားရပါးရ ပြောဆိုဆဲရေးမိလိုက်တယ်။ ကျော်ကြီးသတင်းကိုလည်း စေတနာနဲ့ ကောင်မလေးနားကို ရောက်အောင်မပြောချင်တော့၊ ချစ်ခြင်းမေတ္တာရဲ့ အသွားအလာမှာ တဘက်သားကလည်း အထိုက်အလျောက်တော့ ကျော်ကြီးအပေါ် သံယောဇဉ်ရှိပုံရတယ်။ ကျော်ကြီးက ကောင်မလေး အန္တရာယ်ဖြစ်မှာစိုးလို့ ဒီဘက် ကို မလာနဲ့ပြောချိန် ကောင်မလေးဆီမှာလည်း အိမ်က ယောကျ်ားပေးစားချိန်နဲ့ တိုးတဲ့အတွက် ဘေးကြပ်နံကြပ် အခြေအနေတခုကို ကောင်မလေး ဖြတ်သန်းခဲ့ရပုံပေါ်ပါတယ်။ စိတ်ပူလွန်တဲ့ ကျော်ကြီးရယ်၊ အိမ်ကို မလွန်ဆန်ရဲတဲ့ ကောင်မလေးရယ်၊ သူတို့နှစ်ယောက်မှာ ဘယ်သူက သတ္တိပိုကြောင်လဲ ဆိုတာကိုတော့ မိုးဆက် မပြောပြတတ်တော့။

အရင်တုန်းက ဒီစခန်းအတွက် မိုးဆက်တို့ ဘာလိုလို သောင်းဂဏန်းကနေ သိန်းဂဏန်းဝန်းကျင်အထိ ထောက်ပံ့ပေးခဲ့တဲ့ ကျေးဇူးတွေ ရှိခဲ့ဖူးပေမယ့် ကျော်ကြီးသိက္ခာအတွက်၊ ယောကျ်ားမာနအတွက်၊ ကျော်ကြီးရဲ့သတင်းကို မိုးဆက် သူ့ဆီ မပို့ပေးချင်တော့ဘူး။ အထူးသဖြင့် သူ မင်္ဂလာဆောင်ချိန် မိုးဆက် စိတ်ရှိတိုင်း ကျော်ကြီးကို ကျိန်စာတိုက်လိုက်သလို “သေလိုက်ပါလား” ၊ “အသုံးမကျတဲ့ ကောင်၊ အခုတော့ ပါသွားပြီမလား” ၊ “မင်း သေလိုက်ဖို့သာ ကောင်းတယ်” ဆိုတဲ့စကားတွေပဲ တရစပ် ပြောဖြစ်ခဲ့တာ။ တဘက်ကလည်း ဖြစ်ချင်ရာဖြစ်ဆိုပြီး ကောင်မလေးလိုက်ခဲ့ပြီးရော ချစ်သူကို စစ်မြေပြင်မှာ ပျော်ရွှင်ခွင့်မပေးခဲ့ဘူးဆိုပြီး မိုးဆက် စိတ်တိုတိုနဲ့ ကျော်ကြီးကောင်မလေးကိုလည်း အပြစ်တင်မိသေးတယ်။ သွေးတွေစွန်းပြီး မှန်ကွဲအက်နေတဲ့ ကျော်ကြီးဖုန်းကို မိုးဆက် စိတ်မကောင်းစွာကြည့်ပြီး ဘောင်းဘီထဲထည့်လိုက်တယ်။ စစ်ကြောင်းမှူးက မိုးဆက်ပုခုံးကို နှစ်သိမ့်သလို ပုတ်လိုက်ပြီး ငစွာကို ပုခုံးဖက်ပြီးခေါ်သွားတယ်။ သွေးလေသူအတွက် အရာရာဟာ ပြီးဆုံးခဲ့ပေမယ့် ဒီစခန်းကနေ မစွန့်ခွာနိုင်သေးသရွေ့တော့ စခန်းရဲ့ လိုအပ်တဲ့နေရာတိုင်း နိုင်ရာတာဝန်ထမ်းနေကျ ကျော်ကြီးရဲ့ပုံရိပ်တွေကို အမြဲလိုမြင်နေကြရဉီးမှာပဲ။

++++

“ကိုကျော်ကြီးဖုန်း ကျနော်ယူလို့ရလား …”

ကိုယ်နဲ့ အမြဲ နီးသယောင်နဲ့ တကယ်တမ်း အဝေးကြီးဝေးနေတဲ့ စိမ်းပြာရောင်တောင်ကြီးကို လှမ်းငေးနေတုန်း ငစွာ့ အသံကြောင့် ရုတ်တရက် ကြောင်သွားတယ်။

“သူ့အိပ်ရာဘေးမှာပဲလေကွာ၊ မင်းက ဘာလုပ်မလို့လဲ“

“ကျနော် သူ့အတွက် ပီဒီအက်ဖ်ဂိမ်း ဆက်ဆော့ပေးမလို့”

ငစွာက ငိုက်စိုက်နဲ့ထွက်သွားပြီး အိမ်ပေါ်တက်သွားတယ်။ အေးလေး ဒီကောင်တွေ ဖုန်းတလုံးစီနဲ့ အမြဲ click ကြ၊ ဂိမ်းဆော့နေကြနဲ့ ကျော်ကြီးဆိုတဲ့ကောင်က တော်လှန်ရေးကို စိတ်နှစ်ထားပုံများတော့ အားရင်အားသလို ရှိသမျှ ကမ်ပိန်းတွေအတွက် အလှူငွေရှာပေးလိုက်၊ Click လိုက်နဲ့။ ငစွာနဲ့ ကျော်ကြီးနဲ့ကတော့ စခန်းတခုရောက်လို့ သစ်ရိပ်ဝါးရိပ်လေးများတွေ့ရင် လူကောင်လေးတွေကလည်း ခပ်သေးသေးဆိုတော့ စောင်ပုခက်လုပ်ပြီး ဖုန်း တယောက် တလုံးစီနဲ့ ကလစ်ကြ၊ ဂိမ်းဆော့ကြ၊ သီချင်းဆိုကြနဲ့ သူတို့နှစ်ကောင်ရဲ့ ပုံရိပ်တွေကို ငစွာရဲ့ဘေးမှာ တယောက်လစ် လပ်နေတာမြင်တိုင်း မိုးစက်တို့အားလုံး ခံစားကြရတာပါပဲ။ ပြောမယ့်သာပြောရတယ် မနေ့က ကျော်ကြီးဖုန်းကနေတဆင့် သူ့အမေဆီ သတင်းဆိုးကြီးပြောဖို့ကျ ငစွာရော စခန်းထဲက တခြား ဘယ်သူမှ တုတ်တုတ်မလှုပ်ဘူး။ နောက်ဆုံး ကျော်ကြီး မြင့်မြတ်စွာကျဆုံးကြောင်း မိသားစုဝင်တွေဆီ သတင်းပို့ရတဲ့အလုပ်လည်း မိုးဆက်ခေါင်းပေါ် အလိုလိုကျလာတယ်။ မိသားစုဝင်တွေရဲ့ အသည်းနှလုံးကို အရှင်လတ်လတ် ခွဲထုတ်ရတဲ့ သေမင်းရဲ့ တမာန်တော်ကလည်း မိုးဆက်ပဲပေါ့။ မိုးဆက်နားထဲ ကျော်ကြီးအမေရဲ့ ငိုသံတွေပဲ ကြားနေမိတော့ ဆောင်းလေအဝှေ့မှာ မိုးဆက်တကိုယ်လုံး ပိုပြီး အေးစက်နာကျင်နေမိတယ်။

“အမေ သက်ပျောက်ဆွမ်းကို အိမ်ကနေပဲ ကပ်လိုက်ပါမယ် သားရယ်” ဆိုတဲ့စကားရဲ့နောက်က ရှိုက်သံတွေက အခုချိန် မိုးဆက်နားထဲ ကျယ်လောင်နေမိတာမို့ စိတ်သက်သာရာရအောင် သက်ပြင်း အားရပါးရ မှုတ်ထုတ်လိုက်တယ်။ ဒီလို စိတ်ပင်ပန်းတဲ့နေ့ရက်တွေမှာမှ ကံက ဆိုးပြီးရင်းဆိုးနေတော့ မိုးဆက်မရှိတော့ သူရဲ့တာဝန်တွေထဲက တချို့ကို ငစွာက ယူလိုက်တာမို့ ညဘက်ကင်းစောင့်ဂျူတီက ဘယ်လိုမှ ငြင်းမရတော့တဲ့ နောက်ဆုံးတော့ မိုးဆက်ပဲ အေးစက် လွန်းတဲ့ဆောင်းည၊ ကျော်ကြီးမရှိတော့တဲ့ည၊ နာကျင်ရလွန်းတဲ့ည။ မိုးဆက် သက်ပြင်းတွေ ဆင့်ကာဆင့်ကာ မှုတ် ထုတ်ရင်း အသံထွက် ရေရွတ်လိုက်မိတယ်။

“မင်းကတော့ ဝဋ်ကျွတ်သွားပြီပေါ့ကွာ၊ မင်း ဘယ်ဆီရောက်မှန်းမသိ၊ င့ါမှာတော့ သတိတွေရလိုက်ရတာ”

အေးစက်စက်ညထဲ မိုးဆက် သစ်ပင်အောက်မှာ ခေါက်ခုံလေးနဲ့ ပိန်ပိန်လိန်လိန်ထိုင်ရင်း ကျော်ကြီးကို တမ်းတမ်းတတ ညည်းလိုက်မိတယ်ဆိုရင်ပဲ တရှဲရှဲ လေတိုက်သံနဲ့အတူ မိုးဆက်အနားကို သစ်ရွက်ကြွေတွေ တဖြည်းဖြည်း ရောက်လာတယ်။ လေတိုးသံနဲ့အတူ ဘာရယ်မှန်းမသိ နားထဲ ခြေသံလိုလို ရွက်ခြောက်ကြွေ လွင့်သံတွေလိုလို လေချွန်သံလိုလို ကြားလိုက်တယ်ဆိုရင်ပဲ မိုးဆက် ကြက်သီးမွေးညည်းတွေ ထလာမိတော့တယ်။ ကြောက်တဲ့စိတ်ထက် မသိစိတ်က ကျော်ကြီးပဲဖြစ်မှာ ဆိုတဲ့စိတ်နဲ့ ခြောက်ခြားသလို ဖြစ်တဲ့ထဲက “ကျော်ကြီး မင်းမလား” ဆိုပြီး မိုးဆက် ဟိုဟိုဒီဒီ ရှာနေမိတယ်။ အရင်ညတွေ ကင်းစောင့်ရင် အိပ်ငိုက်တတ်တဲ့ မိုးဆက်အတွက် ကျော်ကြီးက လက်ဘက်ရည်ကြမ်း ဒန်ချိုင့်ကြီးကိုင်ပြီး ရောက်လာနေကြ။ ကင်းစောင့်တိုင်း ကျော်ကြီးတယောက် မိုးဆက်ကို ဘယ်တုန်းကမှ စိတ်မချတတ်ဘူး ။ ဗိုလ်လေးတို့မရှိချိန် မိုးဆက်တယောက်တည်းဆို အမြဲငိုက်တတ်လို့ သူ အဖော်လုပ်ပေးနေကြ၊ ကျော်ကြီးပုံရိပ်ကို မမြင်ရတော့မှ မိုးဆက် ပိုတမ်းတ လွမ်းမိသွားတယ်။

“ကျော်ကြီးရာ ငါ မင်းကိုလွမ်းနေတာကွ”

ကြောက်စိတ်ကို လွမ်းစိတ်ကလွှမ်းသွားပြီး မိုးဆက် ရုတ်တရက် ရေရွတ်ရင်း ဒူးတုတ် ထိုင်ငိုလိုက်မိတယ်ဆိုရင်ပဲ မိုးဆက်ညာဘက်ပုခုံးမှာ တယောက်ယောက် လာမှီလိုက်သလို အိကျပြီး နွေးသွားတယ်။ မိုးဆက်သိတယ်။ ကျော်ကြီးဆိုတာ … မိုးဆက် မငြင်းမိ မရုန်းမိဘူး။ ဒီအချိန် အနားမှာ အတူတူရှိနေကျ ရဲဘော်ရဲဘက်တွေမို့ မိုးဆက်လိုအပ်ချိန်တိုင်း ကျော်ကြီး လူပဲဖြစ်ဖြစ် အငွေ့အသက်လေး အနေနဲ့ပဲဖြစ်ဖြစ် မိုးဆက်ကို သတိတရနဲ့ အနားမှာရှိပေးတာ ကျေးဇူးတင်နေမိတာ။ မိုးဆက်ပုခုံးကို ကျောမီထားတဲ့ ကျော်ကြီးရဲ့ဝိညာဉ်ကို စိတ်ထဲမှာ စကားတွေပြောရင်း မိုးဆက် မှေးခနဲ အိပ်ပျော်မိတော့တယ်။

“ဟေ့ကောင် ထတော့ ဟိုမှာလာနေပြီ”

အိပ်ပျော်နေတဲ့ မိုးဆက်ကို တယောက်ယောက်က ခြေထောက်နဲ့ လှမ်းဆောင့်ကန်ပြီး ခပ်ကြမ်းကြမ်း နှိုးလိုက်ချိန် ရုတ်တရက် လန့်နိုးသွားပြီး ထိုင်နေတဲ့ ခေါက်ခုံလေးပေါ်ကနေ အောက်ကိုပြုတ်ကျသွားတယ်။ မိုးဆက်ကို ကန်လိုက် တဲ့ ခြေထောက်ဆိုတာကလည်း ခုနက အိပ်မက်လိုလို တကယ်လိုလို မိုးဆက်ကို ပုခုံးလာမှီနေတဲ့ ကျော်ကြီးရဲ့ ခြေထောက်ပဲဆိုတာ မိုးဆက်သိလိုက်ပေမယ့် အတည်ပြုချက် မယူအားသေးဘူး။ မိုးဆက်မျက်လုံးရဲ့တည့်တည့် ပြောင်းခင်းထဲမှာ လှုပ်လှုပ်ရှားရှားနဲ့ မြင်လိုက်တဲ့အရိပ်တွေကို တွေ့လိုက်လိုက်ချင်း မိုးဆက် အချက်ပြ ဂျိုးငှက်သံ သုံးချက် ကို မှုတ်လိုက်တယ်ဆိုရင်ပဲ အဖြစ်အပျက်တွေက လျှပ်တပြက် မြန်ဆန်သွားပြီး သေနတ်သံတွေ တဒိုင်းဒိုင်း ဆူညံသွားတယ်။ မိုးဆက်လည်း အနားက သစ်ပင်ကြီးတပင်ကို အကာအကွယ်ယူပြီး လက်ထဲကသေနတ်နဲ့ မြင်နေတဲ့အရိပ်တွေကို လှမ်းပစ်ချလိုက်ချိန်တယ်။

***

မနက် ဝေလီဝေလင်းအချိန်မှာ မိုးဆက်တို့အားလုံး စခန်းပြောင်းဖို့ အလုပ်များနေကြပြီ။ ပစ္စည်းတွေ သိမ်းကြ၊ ရွှေ့ကြရင်း တယောက်နဲ့တယောက်လည်း လုပ်ရင်းကိုင်ရင်း စကားတွေပြောကြနေတာပေါ့။ ပြောဖြစ်တာတွေကတော့ မနေ့ညကအကြောင်း …

“မိုးဆက် မင်းကယ်လို့ တော်သေးတယ်ကွာ၊ ဟိုကောင်တွေက အလစ်ဝင်တိုက်တာ။ မင်းအိပ်ပျော်နေလို့ကတော့ အားလုံး မသာပေါ်ကုန်ပြီ”

“ဒီကောင်တွေ လမ်းမှားလာတာလား၊ လာချောင်းတာလားတော့ မသိဘူး”

မိုးဆက်တို့အဖွဲ့တွေ တယောက်တပေါက်ပြောပြီး ပစ္စည်းတွေ ထုတ်ပိုး သိမ်းဆည်းနေကြတယ်။ မိုးဆက်ကလည်း စခန်းအတွက် မဖြစ်မနေ လိုအပ်တာတွေအကုန် ကားပေါ်တင်ပေးပြီး သူ့တကိုယ်စာအတွက် သိမ်းဆည်းရင်း သူငယ်ချင်းတွေပြောသမျှ အကုန်ကြားနေပေမယ့် ဘာမှ မတုန့်ပြန်ဖြစ်တော့ဘူး။

“သူတို့ဘက်က နှစ်ကောင်လောက်ကျပြီး တခြားလွတ်တဲ့သူတွေရှိတော့ စခန်းဆီပြန်လာပြီး အန္တရာယ်မပေးဘူးလို့ပြောလို့မရဘူးလေ၊ ဒီတော့ သေချာအောင် ရွှေ့ကြတာပဲကောင်းတယ်”

“ဘာပဲဖြစ်ဖြစ် … မိုးဆက်ကယ်တဲ့အသက်ပဲ ရှိတယ်ဟေ့”

တစုံတယောက်က မိုးဆက်ကို ကျေးဇူးတင်ကြောင်း ပစ္စည်းထုတ်တွေသယ်ပိုးရင်း အော်သွားချိန် မိုးဆက်ကလည်း နောက်ကျောမလုံသလို လှမ်းအော်ပြောလိုက်တယ်။

“ကျနော်ကယ်တဲ့အသက် မဟုတ်ပါဘူးဗျာ”

ပြီးတော့မှ တကိုယ်တည်းကြားနိုင်ရုံ ခပ်တိုးတိုး ရေရွတ်လိုက်မိတယ်။

“ကျော်ကြီးကယ်တဲ့အသက်ပါ”

မကြာခင် စခန်းအဟောင်းလေးကို ခွဲခွာရတော့မှာမို့ မနေ့ညက မိုးဆက် ကင်းစောင့်ခဲ့တဲ့နေရာလေးကို ငေးကြည့်ရင်း ရင်ထဲ ဆို့တက်လာမိတယ်။ မနေ့ညက သူ ကျော်ကြီးအကြောင်းတွေးပြီး အိပ်ပျော်သွားခဲ့တယ်။ အိပ်မက်ထဲမှာ သူ့ပုခုံးကို လာမီတဲ့ ကျော်ကြီးက ဝိညာဉ်လား အိပ်မက်လား သူမသဲကွဲဘူး။ ပြီးတော့ ရန်သူလာချိန် အိပ်မောကျနေတဲ့ သူ့ကို ကျော်ကြီးရဲ့ဝိညာဉ်က အထိတ်တလန့် ခြေနဲ့ကန်ကြောက်ပြီး ရုတ်တရက်နှိုးခဲ့တာ။

“ကျော်ကြီးရာ မင်း လွတ်မြောက်ခြင်းရဲ့တဘက်မှာ ဘာတွေမှ အစွဲအလန်းမထားဘဲ ငြိမ်းချမ်းနေပါတော့ကွာ။ ငါမကြာခင် ကုသိုလ်လုပ်ပေးမယ် မင်း ဆက်ဆက် သာဓုခေါ် ကြားလား ကျော်ကြီး”

ပြောပြီး မိုးဆက် လှည့်ထွက်လာခဲ့တယ်။ လေတိုးသံတွေနဲ့အတူ “ငါ သာဓုခေါ်လိုက်ရင် မင်းတို့ကို ဘယ်သူစောင့် ရှောက်မှာလဲ” ဆိုတဲ့စကား မိုးဆက် ကြားလိုက်မိတယ်။ မိုးဆက် ခြေလှမ်းတွေရပ်ပြီး အနောက်ကို လှည့်ကြည့်လိုက် မိတယ်။ ဘယ်သူမှမရှိ၊ ဘာအရိပ်အယောင် အငွေ့အသက်မှမရှိ၊ မိုးဆက် ခြေလှမ်းကျဲနဲ့ လှည့်ထွက်လာခဲ့တယ်။ သေချာပါတယ်။ ဒီတော်လှန်ရေးကြီး မပြီးဆုံးသေးသရွေ့ ကျော်ကြီးတို့လို သတ္တိရှိတဲ့ တရားမျှတမှု ဘက်တော်သားတွေက အမှန်တရားတခုအတွက် လွတ်မြောက်ခြင်းများရဲ့ ဟိုးအဝေးတဘက်မှာတောင် ဆက် တိုက်ပွဲဝင်နေဦးမယ်ဆိုတာ …။

(The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ‘​စုသဲမွန်’ ရဲ့ ” ​လွတ်​မြောက်ခြင်း ​နောက်ကွယ် ငြိတွယ်ရာ” ဝတ္ထတိုကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်း သွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ