Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ်မှာ ကမ်းရိုးတန်း ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်၊ သမ္မတကိုယ်တိုင် တက်ရောက်ကြည့်ရှု

ကမ်းရိုးတန်း ဒေသတွေကို ကာကွယ်တဲ့ စစ်ရေးလေ့ကျင့်မှု တစ်ခုကို ထိုင်ဝမ်က ပြုလုပ်နေပြီး သမ္မတ လိုင်ချင်တေး ကိုယ်တိုင် စစ်ဆေး ကြည့်ရှုခဲ့ပါတယ်။

ဓာတ်ပုံ - AP

ကမ်းရိုးတန်း ဒေသတွေကို ကာကွယ်တဲ့ စစ်ရေးလေ့ကျင့်မှု တစ်ခုကို ထိုင်ဝမ်က ပြုလုပ်နေပြီး သမ္မတ လိုင်ချင်တေး ကိုယ်တိုင် စစ်ဆေး ကြည့်ရှုခဲ့ပါတယ်။

ဟန်ကွမ် စစ်ရေးလေ့ကျင့်မှုဟာ တရုတ်ရဲ့ ရုတ်တရက် ကျူးကျော်လာမှု တစ်ခုခုကို ထိထိရောက်ရောက် ဟန့်တားနိုင်ဖို့ ရည်ရွယ် ပြင်ဆင်ထားတာ ဖြစ်ပြီး ထိုင်ဝမ်စစ်တပ်က နှစ်စဉ် ပြုလုပ်လေ့ ရှိပါတယ်။

အခုနှစ် လေ့ကျင့်မှုတွေကိုတော့ ဩဂုတ် ၅ ရက်နေ့မှာ စတင်ခဲ့ပြီး ဩဂုတ် ၈ ရက်နေ့မှာတော့ သမ္မတ လိုင်ကိုယ်တိုင် သွားရောက် ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။

မြန်နှုန်းမြင့် ခုတ်မောင်းနိုင်တဲ့ ဒုံးကျည်တင် တိုက်ခိုက်ရေး မော်တော်ဘုတ် တစ်စီးပေါ်မှာ စီးနင်းလိုက်ပါရင်း လိုင်ဟာ စစ်ရေးလေ့ကျင့်မှုကို စိတ်ဝင်တစား၊ တက်တက်ကြွကြွ စောင့်ကြည့်ခဲ့သလို ထိုင်ဝမ်စစ်ဘက် အရာရှိတွေနဲ့လည်း ဆွေးနွေး ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

၁၀ ရက်ကြာမယ့် စစ်ရေးလေ့ကျင့်မှုဟာ ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာနဲ့ ကာကွယ်ရေးအတွက် အရေးပါတဲ့ လုပ်ဆောင်မှု တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားပေမယ့် ထိုင်ဝမ်ကတော့ လွတ်လပ်တဲ့ ရပ်တည်မှုကိုပဲ ရွေးချယ်ထားပါတယ်။ တရုတ်က ထိုင်ဝမ်ကို စစ်အင်အားသုံး တိုက်ခိုက်သိမ်းယူတာမျိုး လုပ်လာနိုင်ကြောင်းလည်း အတိအလင်း ခြိမ်းခြောက်ထားပါတယ်။

အခုလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်ဟာ တကယ့် ခဲယမ်းမီးကျောက် အစစ်တွေ၊ စစ်အသုံးအဆောင် အစစ်တွေကို အသုံးပြုပြီး စစ်တပ်ရဲ့ ကာကွယ်ရေးဆိုင်ရာ အသင့်အနေအထား ရှိမှုကို ဆန်းစစ်ဖို့ ဖြစ်တယ်လို့ လိုင်က ဆိုပါတယ်။

လိုင်ဟာ ခပ်နိမ့်နိမ့်နဲ့ အစုလိုက် ပျံသန်းသွားတဲ့ ဒရုန်းတွေက ကမ်းရိုးတန်းနဲ့ ပင်လယ်ရေပြင် တဝိုက်မှာ လှုပ်ရှားနေတာကိုလည်း စောင့်ကြည့်ခဲ့ပါတယ်။ လေ့ကျင့်မှုမှာတော့ ထိုင်ဝမ် ကမ်းခြေစောင့်တပ်ရဲ့ စစ်ရေယာဉ် အသစ်တစ်စီးလည်း ပူးပေါင်းလာခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ စစ်ပွဲဖြစ်လာရင် ကမ်းခြေစောင့်တပ်ကပါ ရေတပ်ကို ဝင်ကူနိုင်စေဖို့ ဖြစ်ပါတယ်။

အဲဒီ Anpingအဆင့် ကမ်းခြေစောင့် ရေယာဉ်ဟာ ထိုင်ဝမ်ရေတပ်ရဲ့ မြန်နှုန်းမြင့် လှုပ်ရှားနိုင်ပြီး လေယာဉ်တင်သင်္ဘော သုတ်သင်ရေးသမားလို့ နာမည်ပြောင် ပေးခံရတဲ့ တိုက်ရေယာဉ်တွေ ဒီဇိုင်းကို အခြေပြု တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အဲဒီ တိုက်ရေယာဉ်တွေမှာ သင်္ဘောဖျက် ဒုံးကျည်တွေ တပ်ဆင်ထားပါတယ်။ ဩဂုတ်လ ၆ ရက်နေ့တုန်းကလည်း လိုင်ဟာ ကမ်းခြေစောင့်တပ် ရေယာဉ်ကနေ ဒုံးကျည်တွေ ပစ်လွှတ်လေ့ကျင့်တာကို စောင့်ကြည့်ခဲ့ပါသေးတယ်။

အခု စစ်ရေးလေ့ကျင့်မှု အစီအစဉ်မှာတော့ ရေတပ်နဲ့ ကမ်းခြေစောင့်တပ် ရေယာဉ်တွေ၊ ကမ်းရိုးတန်းကနေ ပင်လယ်ထဲ ပစ်ခတ်နိုင်တဲ့ သင်္ဘောဖျက်ဒုံးကျည်တင် ထရပ်ကားတွေ၊ F-16နဲ့ Mirage 2000 တိုက်လေယာဉ်တွေ အပါအဝင် ထိုင်ဝမ်ရဲ့ စစ်လက်နက် အမျိုးမျိုးကို လက်တွေ့ အသုံးပြုထားကြောင်းလည်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

လေယာဉ်တင် သင်္ဘောရဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွေကို ဂျပန်ရေတပ်က ရန်စတဲ့ သဘောဆန်ဆန် အနှောင့်အယှက် ပေးခဲ့ကြောင်း တရုတ် ရေတပ်က စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

တိုက်ခိုက်ပြီးတာနဲ့ ခပ်မြန်မြန် နေရာပြောင်းရွှေ့ပြီး ခြေရာဖျောက်နိုင်တဲ့ ဒုံးကျည်စနစ်တွေကို ထိုင်ဝမ်က လေ့ကျင့်ရေးအတွက် ပစ်ခတ်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းသစ်တပ်က ကရင်ပြည်နယ်၊ဘားအံမြို့နယ်ကသံလွင်မြစ်ကြောင်းမှာမြစ်တွင်းသွား တိုက်ရေယာဉ်တစ်စီးစစ်ရေးလေ့ကျင့်သွားမယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။