Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရမယ်လို့ ယူကရိန်း သမ္မတ ဝန်ခံ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AP

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

ဆာဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့တော်ဆီ ဩဂုတ် ၈ ရက်နေ့က အလည်အပတ် ရောက်ရှိနေချိန်မှာ ဇီလန်စကီးက အခုလို သတိပေးခဲ့တာပါ။ အဲဒီနေ့ မနက်အစောပိုင်း အရုဏ်မတက်ခင်မှာ ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ် တဝိုက်ကို ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ်လို့ ၃ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် လူ ၄ ဦး သေဆုံးခဲ့ပါတယ်။

ဆာဘီးယား ဝန်ကြီးချုပ် အလက်ဇန္ဒား ဗူဆစ်နဲ့အတူ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ဇီလန်စကီးက လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ယူကရိန်း အနှံ့မှာ ရုရှားရဲ့ တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ၁၃ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်းလည်း ပြောပါတယ်။

ရုရှားဟာ ယူကရိန်း ပြည်သူတွေရဲ့ ရှင်သန်နေထိုင်မှုတွေ အကြီးအကျယ် အကျပ်ရိုက်စေဖို့ ဒုံးကျည်တွေနဲ့ တိတိကျကျ ချိန်ရွယ် တိုက်ခိုက်နေတယ်လို့ ဇီလန်စကီးက ဆိုပါတယ်။ ရုရှားအနေနဲ့ လာမယ့် ဆောင်းရာသီမှာ ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ပိုမို ပစ်မှတ်ထားလာနိုင်ပြီး ဓာတ်အားတွေ ပြတ်တောက်ရင် ယူကရိန်း ပြည်သူတွေဟာ ခက်ခဲကြမ်းတမ်းတဲ့ အအေးဓာတ်ကို ရုန်းကန် ဖြတ်သန်းရနိုင်တယ်လို့ သူက သတိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုတောင်မှ ယူကရိန်းမှာ အကောင်းပကတိအတိုင်း ကျန်နေတဲ့ ဓာတ်အားပေး အခြေခံ အဆောက်အအုံတွေ မရှိသလောက် ဖြစ်နေပြီလို့ ဇီလန်စကီးက ဆိုပါတယ်။ ရုရှားဟာ ယူကရိန်းအပေါ် ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့နောက်ပိုင်း ဆောင်းရာသီတွေရောက်တိုင်း ဓာတ်အားပေး စက်ရုံတွေကို အရှိန်မြှင့် တိုက်ခိုက်လေ့ ရှိပါတယ်။ ဒါဟာ ယူကရိန်း ပြည်သူတွေ အလျှော့ပေးလာအောင် ဖိအားပေးတဲ့ နည်းဗျူဟာ တစ်ခုလည်း ဖြစ်ပါတယ်။

ဇီလန်စကီးကတော့ ရုရှားရဲ့ တာဝေးတိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာတာနဲ့အမျှ ယူကရိန်းအတွက် ဒုံးခွင်းဒုံးတွေလည်း ပိုပြီး အရေးတကြီး လိုအပ်လာနေကြောင်း ပြောကြားသွားပါတယ်။ အမေရိကန်ဆီက Patriot ဒုံးကျည်တွေ လက်ခံရရှိမှု ပြတ်တောက်နေချိန် အတောအတွင်း ယူကရိန်းဟာ ရုရှားဒရုန်း အများအပြားကို ဆက်လက် ဟန့်တား ပစ်ချနေနိုင်ပေမယ့် ဒုံးကျည်တွေကိုတော့ တားဆီးနိုင်စွမ်း ကင်းမဲ့နေပါတယ်။

ဇီလန်စကီး အလည်အပတ် သွားရောက်ခဲ့တဲ့ ဆာဘီးယားဟာ ရုရှားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ မသတ်မှတ်တဲ့ တစ်ခုတည်းသော ဥရောပ နိုင်ငံဖြစ်ပါတယ်။ ပြီးတော့ ရုရှားနဲ့လည်း ကာလရှည်ကြာ နီးကပ်တဲ့ ဆက်ဆံရေး ရှိနေပါတယ်။ ယူကရိန်းအတွက် စစ်ရေးမဟုတ်တဲ့ အကူအညီတွေ ပေးနေတဲ့ ဗူဆစ်က သူဟာ ဇီလန်စကီးနဲ့ စစ်ပွဲအကြောင်း ဆွေးနွေးခဲ့ပေမယ့် အစိုးရရဲ့ မူဝါဒပိုင်းကတော့ အပြောင်းအလဲ ရှိမှာ မဟုတ်ဘူးလို့ ပြောကြားသွားပါတယ်။

လက်ရှိ အချိန်ထိတော့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်တာမျိုး ဆွေးနွေးခဲ့တာ မရှိကြောင်း၊ စစ်ပွဲပြီးသွားမယ့် အချိန်ကျရင် အပြောင်းအလဲ ရှိမလား ဆိုတာကတော့ ကွဲပြားတဲံ ကိစ္စဖြစ်ကြောင်း သူက မှတ်ချက်ပေးသွားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

နိုင်ငံတကာ

ရုရှားက အသုံးပြုလာတဲ့ ဂျက်အင်ဂျင်တပ် ဖောက်ခွဲရေး ဒရုန်းတွေဟာ ယူကရိန်း လေကြောင်းကာကွယ်ရေး စနစ်တွေကို အကျပ်ရိုက်နေစေကြောင်း သိရပါတယ်။