အိသန္တာအောင်
ပြီးခဲ့တဲ့ နှစ်မကုန်ခင်လောက်က ခရီးတခုထွက်ခဲ့တယ်။ ကျနော်တို့အဖွဲ့ငယ်လေး ဌာနချုပ်ကနေ ထွက်လာတာပေါ့။ ကားနဲ့သွားကြတဲ့သူတွေက သွားကြ။ ကျနော်ကတော့ ကားမူးလွန်းလို့ ဆိုင်ကယ်နဲ့ပဲ။ ခရီးစထွက်တဲ့ ရက် နေ့လယ်မှာပဲ ကားပျက်တယ်။ ကားပျက်တဲ့နေရာကလည်း ဌာနချုပ်ကနေတွက်ရင် မထွက်သေးဘူး။ ဖြစ်ချင် တော့ အဲဒီနေ့က Sunday။ ကားပျက်တဲ့နားကရှိတဲ့ ဆိုင်သေးသေးလေးကလည်း ပိတ်ထားတယ်။ တောင်ပေါ်ကနေဆင်းပြီး တောင်အောက်မရောက်ခင် ခပ်လှမ်းလှမ်းကဆိုင်ကလည်း ထမင်းမရဘူး။ အဲဒီက တရုတ်ခေါက်ဆွဲဗူးတွေနဲ့ နှစ်ပါးသွားကြရတယ်။
ဒီလိုနဲ့ပဲ တောင်တန်းတွေကြားထဲမို့လို့ သူ့အချိန်မရောက်သေးဘဲ နေက အစောဝင်သွားတယ်။ တဖြည်းဖြည်းနဲ့ ညရောက်လာတော့ နှင်းတွေ မှုန်နေအောင်ကျလို့ ခိုက်နေအောင် အေးတဲ့အပြင် ကတ္တရာမခင်းရသေးတဲ့ ကျောက် ကြမ်းလမ်းပေါ်မှာ ညအိပ်ရတယ်။ တဘက်မှာက ချုံနွယ်တွေနဲ့ ချောက်ကမ်းပါး၊ တဘက်မှာကတော့ တောင်ကမ်းပါးကြားထဲ။ ချုံကြားတွေရှိတာမို့ မြွေအန္တရာယ်လည်း ကြောက်ရတယ်။ ကျနော်ကတော့ သရဲလည်းကြောက်လို့ ခေါင်းမြီးခြုံ အိပ်ခဲ့ရသေးတာ။ ဒီလိုနဲ့ပဲ မလူးသာ မလွန့်သာနဲ့ နှင်းတောကြီးထဲ အိပ်ခဲ့ကြရတယ်။ မနက်လင်းတော့ ကျောတွေ နာလိုက်တာများ ခြေထောက်နှစ်ချောင်းကနေ ကိုင်ဆွဲပြီး အရိုက်ခံထားရသလိုပဲ။
နောက်တနေ့ မနက်လင်းတော့လည်း ညက ခေါက်ဆွဲဆိုင်လေးမှာပဲ လိုအပ်တာတွေ သွားဝယ်ရတယ်။ တောင် ကြားထဲက နေထွက်တာ၊ နှင်းမှုန်တွေ ဝေ့ပြီး ကျနေတာလေးတွေက အမြတ်ပေါ့ဗျာ။ ဒါနဲ့ပဲ မြို့ပေါ်ပြန်ဝင်ပြီး ကားပစ္စည်း မေးသူက မေး။ ကျနော်နဲ့ အဖော်တယောက်ကတော့ တောင်အောက်နားက မုန့်ဆိုင်ကို သွားကြတယ်။ မုန့်ဆိုင်အသွားကတော့ အဆင်းမို့လို့ အဆင်ပြေပေမယ့် အတက်ကျတော့ မောလိုက်တာ။ ခေါက်ဆွဲပြုတ်ဖို့ ရေနွေးအိုးကမရှိတော့ လမ်းဘေးကတွေ့တဲ့ သူများသောက်ပြီးသား ဘီယာဗူးအခွံတွေ သုံးပြီး ရေဆူအောင်တည်၊ ပြုတ်ပြီး သောက်ခဲ့ရတာ အမှတ်တရသေးသေးလေး တခုပေါ့။

Public Service Announcement
ဒီလိုနဲ့ ညနေရောက်ပြန်တော့ ကျောက်ခဲတွေပေါ်မှာပဲ လှဲရပြန်တယ်။ ညနေ ခြောက်နာရီလောက်မှာ ကားပြင်မယ့်သူတွေရောက်လာပြီး ကားပြန်ရတော့ ည ဆယ်နာရီ ဝန်းကျင်။ ကားဆရာတွေ ယူလာပေးတဲ့ ဝက်သားကချင်ချက်နဲ့ ထမင်းစီးစီးကလည်း အရမ်း အရသာရှိလိုက်တာ။ အညာသူပီပီ ထမင်းစီးစီးဆို မကြိုက်လို့ မစားဘဲနေနိုင်ခဲ့ပေမယ့် အဲဒီတခါတော့ မစားရ မသောက်ရနဲ့မို့ ထင်ရဲ့။ ထမင်းစီးတာလေးကိုက အရသာရှိပြီး ကောင်းချက်ကို။
ဒီကားပြသနာက ပထမဒုက္ခ၊ ဒုတိယတခုကလည်း ကားပြဿနာပဲ။
ဒါပေမယ့် ဒီတခါကတော့ စစ်ကိုင်းထဲ ရောက်လာပြီ။ စစ်ကိုင်းနယ် တနေရာလို့ပဲ ဆိုကြပါစို့။ အဲဒီကာလက မုန်တိုင်းဝင်နေတော့ ဘယ်ရောက်ရောက် ဗွက်အိုင်ကြီးတွေ ဗွက်တန်းတွေ ဖြတ်ရတာ။ အဲဒီညကလည်း တောကြီးထဲ စဝင်တော့ တကယ့် ဗွက်တန်းကြီး။ ကားက ရှေ့ကနေ ရုန်းသွားပေမယ့် ကျနော်က ဆိုင်ကယ်နဲ့ လိုက်တာဆိုတော့ ဘီး ရုန်းနိုင်၏ မရုန်းနိုင်၏ကို ဆင်းကြည့်ရတယ်။ ကျနော်လည်း ဆင်းကာမှ ဗွက်ထဲကို ဒူးအထိ မြုပ်သွားတယ်။ ခြေထောက် ပြန်နှုတ်မရတာနဲ့ လမ်းနှုတ်ခမ်းပေါ် ပြန်တက်မလာနိုင်လို့ ဆိုင်ကယ်မောင်းတဲ့ အကိုက ဆွဲနှုတ်ပေးရသေးတယ်။ ကားလည်းရုန်းနိုင် ဆိုင်ကယ်လည်းမနစ်ဘဲ လူကျမှ ဗွက်နစ်နေတယ်။ ရယ်လည်း ရယ်ရတယ်။
အဲဒီကနေ တောကြီးထဲစဝင်တော့ ကားက ဗွေဖောက်တော့တာပဲ။ တောကြီးထဲ ကားပျက်တော့ ည ရှစ်နာရီခွဲ။ အနီးဆုံးရွာရောက်ဖို့က လေမိုင် ၁၅ မိုင် အလို။ ဖြစ်ချင်တော့ တနေကုန် ဘယ်သူမှ ဘာမှမစားရသေးဘူး။ ဗိုက် တွေကလည်း ဆာလှပြီ။ ကျနော့်ဒုက္ခကလည်း အဲ့ဒီနေရာမှာ သွေးစဆင်းတာပဲ။ Pad ထုပ်က ထုတ်မရတော့ ကိုယ့်ဖာသာ ငြိမ်ငြိမ်လေးပဲ နေနေရတယ်။ ဒါပေမယ့် ဘယ်နေရမလဲ။ ဗိုက်တွေနာ၊ ဆီးစပ်ကိုက်လာတော့ အကိုတွေလည်း သိကုန်တယ်။ ဒုက္ခမများစေချင်တာနဲ့ အဆင်ပြေတယ် သက်သာသွားမှာပေါ့။ တောကြီးထဲ သရဲကြောက်ရတဲ့အထဲ ခွေးအတွေကလည်း အူလိုက်တာ၊ ဆွဲဆွဲငင်ငင်ကြီးတွေ။ တောကြီးမျက်မည်းထဲဆိုတော့ ဟိုကြည့် ဒီကြည့်နဲ့ သရဲလည်း ကြောက်ရသေး။ မှောင်လည်းမှောင်၊ နည်းနည်း အအေးဓာတ်လည်းကဲတော့ မီးမွှေးပြီး မီးဖိုနားကပ်နေနေရတယ်။ အကိုတွေ တောတိုက်တွေထဲ ကားဆွဲဖို့ ထွန်စက်ရှာရင်း ထမင်း ရလာတယ်။ ဇလုံကြီးထဲမှာ ငရုတ်သီးများများ ဆန်ကြမ်းကြမ်းနဲ့ ပဲကြမ်းပုံကြီးပေါ့။ ပါလာတဲ့ ငါးပိဗူးနဲ့ တနေကုန်စာ တွယ်ကြတယ်။ ထမင်းဇလုံကြီးကို အခုပြော အခုလွမ်းတယ်။
ကားပြင်ချင်ဇောနဲ့ တောတိုက်တွေထဲက ထွန်စက်တွေ လိုက်ငှားတော့ တစ်စီးရတယ်။ အဲဒီတစီးနဲ့ ဆွဲလိုက်၊ ဆိုင် ကယ်သမား ကျနော်တို့ကတော့ လွယ်လာတဲ့ အထုပ်လေးကိုယ်စီနဲ့ ခေါင်းခုပြီး အိပ်လိုက်ပဲ။ ပင်ပန်းနေကြတော့ ငါးမိနစ်လောက်လည်း အရသာရှိတာပဲ။
အဲဒီ ထွန်စက်တစီးနဲ့ ဆွဲလိုက်၊ နားလိုက်နဲ့ လုပ်လာတာ ရွာနဲ့ လေမိုင် ရှစ်မိုင်အကွာကို ရောက်လာတယ်။ မနက် နှစ်နာရီခွဲ။ ရွာသားတွေလည်း ပြန်ကုန်ကြတယ်။ ကျနော်တို့လည်း ဖြစ်သလို အိပ်ကြရပြန်တယ်။
အဲဒီညက အိပ်မပျော်တလှည့်၊ ပျော်တလှည့်ပဲ။ ပစ္စည်းတွေတင်ထားတဲ့ ကားပေါ်မှာ အိပ်ရတော့ ဆန့်မရ၊ ပြုမရ။ အရေးထဲ ဗိုက်ကနာ။ ကိုယ်က အမြင့်မှာ အိပ်ရသလိုဖြစ်နေတော့ အပင်တွေ ထိပ်ဖျားပိုင်းက အရမ်းနီးကပ်နေတယ် ခံစားရတယ်။
အဲဒီညကလည်း စောင်ခေါင်းမြီးခြုံ အိပ်ခဲ့ရတာပါပဲ။ ။
(The Call – ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ
‘အိသန္တာအောင်’ရေးဖွဲ့ခဲ့တဲ့ “အမှတ်တရတွေအပြည့်နဲ့ ဒုက္ခနှစ်ခု” ဝတ္ထုတိုကို People’s Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)
