Connect with us

Hi, what are you looking for?

Short Story

ပျော်ကျသွားတဲ့မိသားစုပုံ ပုံဆောင်ခဲများ’

ကျနော့်မျက်လုံးထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်က ညဘက်ကြီးမီးထလောင်လို့ပေါက်ကွဲနေတဲ့ ဆီပေပါတွေ အမေ့ကိုကယ်ဖို့ကြိုးစားရင်း မီးထဲပြေးဝင်သွားတဲ့အဖေ့နောက်ကျောတွေ အဖေလယ်ထဲကအပြန် ကားမှောက်သွားပုံတွေ အရက်ပုလင်း အကွဲအကြေတွေ ကျနော့်မရီးရဲ့ နာကျင်စွာအော်ဟစ်သံတွေ အဖေနဲ့မရီးတို့ရဲ့ အလောင်းတွေကိုသယ်ဆောင်သွားတဲ့ မီးသဂြိုဟ်စက်တာဝန်ရှိသူတွေ မီးခိုးညိုတွေ ကျနော့်လက်ကိုတင်းတင်းဆုပ်ထားရင်း မို့အစ်နေတဲ့အငယ်ဆုံးလေးရဲ့မျက်လုံးတွေ ။

ဂနိုက်

“ဟေ့ ကျွတ်စ် ကျွတ်စ် ညီလေး ပြောင်းဖူးပြုတ်၊မြေပဲပြုတ် ယူဦးးမလား”

“ဟေ့လူ ဘယ်မှလဲမစားဘူး ကျွတ်စ် ကျွတ်စ်လဲ ခေါ်စရာ စေ၊ာက်ကြောင်းမရှိဘူး စောက်ရေးမပါတာ”

ကျ​ေနာ်ရပ်နေတဲ့ရှေ့ကိုရောက်လာတဲ့ ဆိုင်ကယ်မှာစျေးခုံတွဲထားတဲ့ အော်လံနဲ့ဘဲတဗွေကိုဘုတောတောပစ်လိုက်တယ် ။ဘယ်စောက်ရူးကစလိုက်သလဲတော့မသိဘူး စားသုံးသူကို ကျွတ်စ် ကျွတ်စ် ခေါ်ရမယ်လို့ ။

Public Service Announcement

Public Service Announcement

ရပ်နေလည်းထူးမနေမဲ့အတူတူ ကျနော်ဆက်လျှောက်လာလိုက်တယ် ။ဘယ်လိုသွားရမလဲမစဉ်းစားမိသေးပေမဲ့လဲပေါ့ ။နောက်ကပြောင်းဖူးပြုတ်သယ်ဘယ်လိုကျန်ခဲ့သလဲတော့ကျနော်လဲမသိဘူး ။တော်သေးတယ် အဲ့ဘဲကျနော့်ကိုတခုခုထွက်မလုပ်လိုက်လို့။ခေတ်ကြီးကိုက ရင့်သီးကြမ်းထော်နေတာ ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတာကျနော်သိသားပဲ ။ဒါပေမဲ့ ကျနော့်ကိုတယောက်ယောက်က အဲ့လိုလာခေါ်ရင်မကြိုက်လို့ ။

ရုတ်တရက် မျက်လုံးထောင့်နားဆီကနေ ကျနော့်မျက်နှာချင်းဆိုင်လျှောက်လာတဲ့ လမ်းမကြီးတဖက်မှာ မြို့ဆိုင်းဘုတ်ကိုလှမ်းမြင်လိုက်ရတယ် ။ဒါ အငယ်ဆုံးလေး(ကျနော့်ညီမ)ဆီကနောက်ဆုံးရောက်လာတဲ့ စာအရ အငယ်ဆုံးလေးရှိနေတဲ့မြို့ဆိုတာကျနော်ချက်ချင်းမှတ်မိသွားတယ်။

နောက်ထပ် ရုတ်တရက် ကျနော့်ရှေ့တည့်တည့်ကနေ တယောက်ယောက်ကပုခုံးကိုဖြတ်တိုက်လိုက်သလိုခံစားလိုက်ရတယ် ။ချက်ခင်းပဲ ကျနော့်လက်က သိုင်းကြိုးတဖက်ထဲလွယ်ထားတဲ့ ကျောပိုးအိတ်အပေါ်ဆုံးအိတ်ကို နှိုက်ပြီးဖြစ်သွားတယ် ။ကျနော့်ကျောပိုးအိတ်ထဲမှာ ဓားတချောင်းကိုအမြဲဆောင်ထားလေ့ရှိတယ် ။ မသိတဲ့သူဆို ကြိုတင်လေ့ကျင့်ထားတယ်ပဲထင်မှာ ။လျှပ်တပြတ် စက္ကန့်အနည်းငယ်အတွင်း ကျနော့်ရဲ့အမူအရာကအလိုအလျောက်စနစ်အသုံးပြုထားတဲ့ စက်ရုပ်တရုပ်လိုအလုပ်လုပ်သွားတာ ။

“ရှင် ဘယ်လိုလူလဲ လူတယောက်လုံးမမြင်ရအောင် ရှင်ကန်းနေလား”

မြန်မာဇာတ်ကားတွေထဲက မင်းသမီးနဲ့မင်းသားတွေ့ဆုံခန်းအတိုင်း အမျိုးသမီးတယောက်အသံကိုကျနော် နီးနီးကပ်ကပ်ကြားလိုက်ရတယ် ။ကျနော့်ကိုရှေ့တည့်တည့်ကဝင်တိုက်တာမဟုတ်ပဲ ကျနော်ကလမ်းတဖက်ကဆိုင်းဘုတ်ကို ငေးရင်း ရှေ့တည့်တည့်ကသွားနေသူကိုဝင်တိုက်မိသွားတာ။

“ဆောရီးဗျာ ကျနော်ကန်းနေလို့ စိတ်မရှိပါနဲ့”

ကျနော်ပြန်ပြောရင်း ဝင်တိုက်မိတဲ့တဖက်အမျိုးသမီးကို တချက်မျှကြည့်ပြီး ထွက်လာခဲ့လိုက်တယ် ။စာအုပ်တွေလဲပြန့်ကျဲမသွား ။ခြေခေါက်ပြီးလဲကျမသွား ။ဖိနပ်ကလေးပေါ်က သဲကြိုးကလေးတချောင်းမျှပြတ်ထွက်မသွား ။ကျနော်ကူစရာမလိုဘူးဆိုတာလဲသူသိမှာပဲ။သူသိမယ်ဆိုတာလည်း ကျနော်သိ​တယ် ။ ကျနော့်မျက်လုံးမှာတပ်ထားတဲ့ ပါဝါမျက်မှန်အထူကိုလဲသူမြင်လောက်မယ်လို့တဆတ်တည်းတွေးမိပြီး ကျနော်ကန်းနေလို့ပါလို့တွေးမိတာမမှားဘူးလို့ထင်လိုက်တယ် ။

အမေ မီးလောင်ပြီး ဆုံးသွားတဲ့မြို့။အဖေ အရက်အလွန်အကျွံသောက်ရင်း ကားမှောက်ပြီးဆုံးသွားတဲ့မြို့။ကျနော့်အကိုရဲ့အမျိုးသမီး မီးဖွားရင်း ဆုံးသွားတဲ့မြို့။ကျနော့်ထွက်သွားခဲဲ့ပြီး ၁၀ နှစ်လောက်အကြာမှာ ပြန်ရောက်ခဲ့တဲ့မြို့။အငယ်ဆုံးလေးထွက်သွားခဲ့တဲ့မြို့။အဲဒီမြို့ကနေ ကျနော်ထပ်ပြီးထွက်လာခဲ့တယ်။ဒုတိယအကြိမ်ဖြစ်မှာပေါ့ကျနော့်အတွက်တော့ ။

ဒီရက်ပိုင်း Dust in the wind သီချင်းထဲက all they are is dust in the wind စာသားကို ဆီမန်းမန်းသလိုဆက်တိုက်ရွတ်နေမိတယ်။အယူမှန်သူအတွက် အယူခံမလို ကမ္ဘာမြေအတွက် ညတိုင်းသီချင်းတွေဆိုခဲ့တယ် ဆိုတဲ့ မောင်ချောနွယ် ကဗျာတပိုဒ်ရောပဲ ။

ကျနော်ဟာ အမြဲတမ်းထွက်ပြေးနေရတယ်။မွန်ဂိုမြင်းစစ်သည်တွေလို ဒရကြမ်းနှင်နေရတယ် ။ ဉီးတည်ရာမရှိပေမဲ့လဲပေါ့။ အဲ့လိုနဲ့ကျနော်ထွက်ပြေးနေရင်း အငယ်ဆုံးလေးရဲ့လိပ်စာကိုရောက်သွားခဲ့တော့တာပဲ ။၃,၄ နာရီလောက် ဆက်တိုက်လမ်းလျှောက်ခဲ့ပေမဲ့ ကျနော်နွမ်းနယ်မနေဘူး ။ အငယ်ဆုံးလေးကိုတွေ့ဖို့ကျနော့်မှာ အင်အားတွေရှိနေခဲ့တယ် ။သွေးသားမို့လား ဘာကြောင့်လဲမသိဘူး ။အငယ်ဆုံးလေးကိုသိပ်ချစ်တာပဲ ။ရုတ်တရက် ကျနော့်အကိုနဲ့မွေးကင်းစ ကျနော့်တူမလေးကိုလဲသတိရသွားတယ် ။

လူခေါ်ခေါင်းလောင်းကို ဆက်တိုက်ခေါက်ပစ်လိုက်တယ် ။နားဝင်ပီယံတစက်ကလေးမှမရှိတဲ့ ဂလိုင် ဂလိုင် ဆိုတဲ့အသံတွေ အခန်းတဝိုက် ညံလို့ပေါ့ ။ ဆီထည့်ဖို့လိုနေပြီဖြစ်တဲ့ တံခါးက ကျွီသံပေးပြီး ရောဂါတခုခုကိုခံစားနေရတဲ့ အဖိုးအိုလို ဖြေးဖြေးချင်းပွင့်လာတယ် ။နောက်တော့ ကျနော်တို့အိမ်ရဲ့အငယ်ဆုံးလေးမဟုတ်တဲ့ အငယ်ဆုံးလေးနဲ့ရွယ်တူလောက်(ထင်ရတဲ့)အမျိုးသမီးလေးတယောက် ထွက်လာတယ်။

ကျနော့်ကို စူးစမ်းသလိုကြည့်တယ်။မယုံသလိုကြည့်တယ်။

အခန်းထဲဝင်သွားတယ်။

ခဏအကြာမှာ ပြန်ထွက်လာတယ်။

ကျနော်စကားပြောဖို့မလုပ်ခင်မှာပဲ သူကစကားစပြောလာတယ်။

“အငယ်ဆုံးလေး(နာမည်အစားထိုးသုံးပါမယ်)ရဲ့အကိုလားဟင်”

“ဟုတ်ပါတယ် ကျနော်ပါပဲ”

ကျနော့်စကားအဆုံးမှာပဲ ကျနော့်လက်ကို အေးစက်နေတဲ့ အဲ့ကောင်မလေးရဲ့လက်က အခန်းထဲကိုဆွဲခေါ်သွားတယ် ။ဘာတွေဖြစ်နေလဲကျနော်သိချင်ပေမဲ့ ၃ လွှာရဲ့ လေနုအေးတွေကပဲ ကျနော်ကို တရစပ်တိုက်ခိုက်နေတော့တာပဲ ။

အခန်းထဲကိုစက္ကန့်ပိုင်းအတွင်း ကျနော့်လက်ကိုဆွဲထားတဲ့ကောင်မလေးဟာ ခေါ်ဆောင်သွားခဲ့တယ် ။အိမ်ရှေ့ခန်းကိုကျော်သွားပြီး ဘုရားခန်း(လို့ထင်ရတဲ့)ရဲ့ဘေးကအခန်းကို ထပ်ခေါ်သွားတယ် အပြေးအလွှားပဲ ။

အခန်းတံခါးဟာ အဝင်တံခါးနဲ့ဆန့်ကျင်စွာ ပြည်သူ့ကိုမိုက်ကြေးခွဲနေတဲ့ အစိုးရအဖွဲ့ဝင်တွေလို့ လျင်လျင်မြန်မြန်ပဲ ပွင့်သွားတယ် ။

နောက်တော့

နောက်တော့

ကျနော့်ကိုဆွဲခေါ်လာတဲ့ကောင်မလေးဟာ ကျနော့်လက်ကို လွှတ်ချလိုက်ပြီး သူကိုယ်တိုင်လဲ ပုံလျက်သားလေးလဲကျသွားတယ် ။အခန်းထဲမှာ အငယ်ဆုံးလေးနဲ့အသက်အရွယ်တူလောက်(မယ်လို့ထင်ရတဲ့)ထင်ရတဲ့ ကောင်မလေး ၂ ယောက်နဲ့ ကောင်လေး ၄ ယောက် ဟာ ထိုင်နေကြတယ် ။အမှတ်မမှားရင် သူတို့မျက်လုံးတွေဟာ တယောက်ယောက်ကို ချော့သိပ်နေသလိုပဲ ။ကောင်လေးတွေထဲက တယောက်ဟာ စိုးလွင်လွင်ရဲ့ခွဲခွာခြင်းများသီချင်းကို ဂစ်တာတီးနေတယ် ။မှုန်ရီဝိုးတဝါး ဘဝရဲ့ ခဏလေးတွေ ဆိုတဲ့နေရာမှာ အသံတိမိဝင်သွားတယ် ။

ကျနော်နားမလည်ဘူးဖြစ်နေတယ်။

ခေါင်းတွေကိုက်လာတယ်။

အာခေါင်ခြောက်လာတယ်။

၃ လွှာမှာတိုက်နေတဲ့ လေတွေဟာ တဟုန်ထိုး ပူတက်လာတယ်။

“အငယ်ဆုံးလေးကို ဘယ်မှာတွေ့လို့ရနိုင်မလဲ”လို့ကျနော်မေးတော့ ကျနော့်လက်ကိုဆွဲခေါ်လာတဲ့ အေးစက်စက်လက်ပိုင်ရှင်ကောင်မလေးဟာ ကျနော့်ကိုတချက်ကြည့်တယ် ကျနော်ကျောခိုင်းထားတဲ့နံရံဘက်ကို ညွှန်ပြတယ်။

ရုတ်တရက် ကျနော်ဟာ အိုင်ယာလန်သေနတ်သမားတယောက်ရဲ့ရန်သူကိုရှာဖွေနေသလိုအကြည့်နဲ့ ချာကနဲ လှည့်ကြည့်လိုက်တယ်။

နောက်တော့ ရုတ်ချည်း ကောင်းကင်ဟာမှောင်လာတယ် ။မီးတွေတဟုန်းဟုန်းတောက်နေသလို ချော်ရည်ပူတွေဟာ ကျနော် မျက်လုံးအောက်ထောင့်နားကိုဝေ့တက်လာတယ် ။

ကျနော့် ရှေ့တည့်တည့်မှာ …

အငယ်ဆုံးလေးရဲ့နာမည် အသက် နောက်တော့ အငယ်ဆုံးလေးကို ကျနော်ရိုက်ပေးထားတဲ့ ဓာတ်ပုံအား ဘောင်သွင်းလျက် ။နောက်တော့ ကွယ်လွန်သွားသည်ဆိုတဲ့ ရက်စွဲတွေပါတဲ့ စာသားအချို့ ။

“ဘယ်လိုဖြစ်ရတာလဲကွာ အငယ်ဆုံးလေးရာ ညီမလေးရာ”လို့ တလောကလုံးကြားအောင် အော်မေးလိုက်ချင်ပေမဲ့ ကျနော့်စိတ်ထဲကပဲအော်လိုက်မိတယ် ။တတောင့်ထဲကျန်တော့တဲ့ကျည်ဆန်ဟာ ကိုယ့်နားထင်အတွက်ဆိုတဲ့ ဗီယက်နမ်စကားပုံတခုလို ကျနော်တို့မိသားစုရဲ့ လက်ကျန်ကျည်ဆန်ဖြစ်တဲ့ ညီမလေးဟာ ကျနော့်နားထင်ကိုဖောက်ထွက်သွားတယ် ။

အဲနောက် ညီမလေး ကားနဲ့တိုက်ခံရတဲ့အကြောင်း ကားသမားထွက်ပြေးလို့ လိုက်ဖမ်းပြီးရိုက်ခွဲလိုက်တဲ့အကြောင်းတွေ အခန်းထဲကကောင်လေးတွေကျနော့်ကိုပြောပြနေတယ်။သီချင်းသံဟာရပ်သွားပေမဲ့ သူတို့ကျနော့်ကိုပြောနေတဲ့စကားသံဟာ အဝေးကြီးကပြေးလာတဲ့ မာရသွန်အပြေးသမားတယောက်လို အမောတကြီးနဲ့ကြားနေရတယ် ။

ကျနော့်မျက်လုံးထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်က ညဘက်ကြီးမီးထလောင်လို့ပေါက်ကွဲနေတဲ့ ဆီပေပါတွေ အမေ့ကိုကယ်ဖို့ကြိုးစားရင်း မီးထဲပြေးဝင်သွားတဲ့အဖေ့နောက်ကျောတွေ အဖေလယ်ထဲကအပြန် ကားမှောက်သွားပုံတွေ အရက်ပုလင်း အကွဲအကြေတွေ ကျနော့်မရီးရဲ့ နာကျင်စွာအော်ဟစ်သံတွေ အဖေနဲ့မရီးတို့ရဲ့ အလောင်းတွေကိုသယ်ဆောင်သွားတဲ့ မီးသဂြိုဟ်စက်တာဝန်ရှိသူတွေ မီးခိုးညိုတွေ ကျနော့်လက်ကိုတင်းတင်းဆုပ်ထားရင်း မို့အစ်နေတဲ့အငယ်ဆုံးလေးရဲ့မျက်လုံးတွေ ။

စီကာစဉ်ကာ ပုံရိပ်တွေဟာ ကျနော့်ကိုပွတ်ဆွဲသွားတယ် ။အဲ့နောက် ကျနော်လဲကျသွားတာလားဆိုတာလဲမသိတော့ဘူး။ကျနော့်ကိုဝိုင်းအော်ခေါ်ပြီး ထူနေကြတာလား မခံစားမိတော့ဘူး ။ကျောပိုးအိတ်ထဲကဓားကိုလဲမထုတ်နိုင်တော့ဘူး ။ စကားသံတွေလဲ တဖြေးဖြေးဝေးသွားရင်း ကျနော်ပြန်သတိရလာတော့ အမှောင်ထုထဲမှာ ။ လမိုက်ညလို အရာရာဟာ မှောင်မဲနေတယ်။အမှောင်ဟာ ကျနော့်တို့ကြားမှာလင်းနေတယ် ။ခပ်ဝေးဝေးမှာ မီးရောင်တစွန်းတစထွက်နေတဲ့(ထင်ရတဲ့)အလင်းရောင်လိုလိုမြင်ရတယ် ။အလင်းရောင်ကိုကျော်ကြည့်တော့ အမေ၊အဖေ၊မရီး၊အငယ်ဆုံးလေးတို့ဟာ ကျနော့်ကိုပြုံးပြနေတယ်။ ချက်ချင်းပဲ ကျနော့်ခြေလှမ်းတို့ဟာ မိသားစုဆီဉီးတည်လိုက်တော့တယ် ။ကျနော့်ပါးစပ်ထဲကနေ all they are is dust in the wind စာသားနဲ့ မှုန်ရီဝိုးတဝါးဘဝရဲ့ခဏလေးတွေ ဆိုတဲ့စာသားနှစ်ခုကို အကြိမ်ကြိမ်ရွတ်နေခဲ့တယ်။

၂.၂.၂၀၂၅

ဒီအက်ဆေးဟာ ကျနော်ရှေ့မှာရေးထားပြီး(ခေါ်သံ မဂ္ဂဇိန်မှာဖော်ပြပြီး)ဖြစ်တဲ့ ”မိသားစုရုပ်ရှင်တွေထဲမှာ မပါတဲ့ စနစ်တကျခွဲခွာခြင်းများ”ဆိုတဲ့ အက်ဆေးရဲ့နောက်ဆက်တွဲ ဇာတ်သိမ်းပိုင်းလို့ပြောရင်လဲမမှားပါဘူး။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ

‘ဂနိုက်’ရေးသားတဲ့ “ပျော်ကျသွားတဲ့မိသားစုပုံ ပုံဆောင်ခဲများ” ဝတ္ထုတို ကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …