Connect with us

Hi, what are you looking for?

ကဗျာ

စစ်ရှောင်စခန်းက ရေးတဲ့စာ’

အိမ်ယာမဲ့တစ်ယောက်က လုံးချင်းတိုက်ကို

မျှော်မှန်းသလိုမျိုး

ကျွန်တော် ခင်ဗျားကိုလွမ်းတယ်…

◼️ဂျော့လင်းညို

အိမ်ယာမဲ့တစ်ယောက်က လုံးချင်းတိုက်ကို

မျှော်မှန်းသလိုမျိုး

ကျွန်တော် ခင်ဗျားကိုလွမ်းတယ်…

Public Service Announcement

Public Service Announcement

ခင်ဗျားက အရှေ့အရပ်ပါ

အရုဏ်နေမင်းရဲ့အောက်မှာ

ပျော်ရွှင်ခြင်းတွေပွင့်ဖူးကြ

အထက်တန်းလွှာတွေ ဖန်ခွက်ခြင်းတိုက်ကြ

မင်္ဂလာရဲ့ မင်္ဂလာတွေစုပုံကြ…

အဲဒီ အရပ်မှာပဲ

ဂန္တဝင်ဂီတတွေ ရှိတယ်

စစ်မှန်တဲ့ အနုပညာတွေ(ပြောကြတာပဲ) ရှိတယ်

သိမ်းပိုက်ခြင်းကင်းသော အတုမရှိချမ်းသာသူတွေ…

အဆုံးမဲ့ ငြိမ်းချမ်းခြင်းတွေရောပေါ့…

ဒီမှာဘက် အနောက်အရပ်ကတော့

ညှိုးရော်ထစ်ချုန်း လောကဓံတဒုန်းဒုန်းနဲ့

ရုန်းကြကန်ကြ ထွက်ပြေးကြ…

ပြေးတမ်းလိုက်တမ်း ကစားပွဲခနနားရင်

ကိုယ့်ခြေ ကိုယ့်လက်

အကောင်းအတိုင်းကျန်သေးလား ရွေးရသေးတယ်…

ခင်ဗျားနဲ့ ကျွန်တော်ဟာ

နေတစ်ခုကို ဗဟိုပြုပြီး ဆန့်ကျင်ဘက်

ကမ္ဘာနှစ်ခုမှာ နေနေကြရ…

ပျံတက်သွားတဲ့လေယာဉ်ကြီး နောက်ခံရိုက်ထားတဲ့

ခင်ဗျားပုံ လှလှလေးမြင်တော့

လေယာဉ်လာလို့ ပြေးပုန်းတဲ့ကြားက

ကျွန်တော့်မှာ ပြုံးလို့…

အရမ်းအေးတဲ့ ဆောင်းညတွေမှာ

ကျိုးတိုးကျဲတဲမီးပုံလေးရဲ့ တဖျောက်ဖျောက်အသံနဲ့

ဆေးလိပ်တိုဖွာရင်း ခင်ဗျားကိုလွမ်းတယ်…

စောင်ခေါင်းမြီးခြုံပြီး ခိုက်ခိုက်တုန်တဲ့ကြားက

မြို့ပြရဲ့အလယ်မှာ ခလုတ်ကန်သင်းဘေးကင်းပါစေကြောင်းတိုးတိုးရေရွတ် ဆုတောင်းရသေးတယ်…

တစ်နေ့တာကို အထိအခိုက်မရှိကျော်ဖြတ်နိုင်ရင်

ကျွန်တော်တို့ဘက်မှာတော့

ဘဝကိုအောင်မြင်စွာ ဖြတ်သန်းတယ်လို့

ဂုဏ်ယူကြ ကြွေးကြော်ရသေးတယ်…

အကြောင်းထူးတော့ မရှိပါဘူး…

ခင်ဗျားကိုလွမ်းရင် စာရေးမယ်

ပိုင်ဆိုင်စရာများများစားစား မရှိတဲ့ကြားက

နေထိုင်ကောင်းတဲ့အကြောင်း ခေါင်းတိုးပြီးပြောပြချင်ရုံပါ…

ကျွန်တော့်မှာလည်း သိတဲ့အတိုင်း

ကဗျာမပိီသတဲ့ ရေးလက်စစာတစ်ချို့ရယ်

ပိုင်ဆိုင်ဖို့မရေရာတဲ့ မျှော်လင့်ချက်လေးရယ်

ဒါလေးကိုပဲ တင်းတင်းဆုပ်

ဖြတ်သန်းဖို့ အားလုပ်နေရတာ မဟုတ်လား…။ ။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​​ဂျော့လင်းညို’ ​ရေးဖွဲ့တဲ့ “စစ်ရှောင်စခန်းက ရေးတဲ့စာ”

ဒေသန္တရ Daylight Sonata” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက်အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ