■ဏငယ်
ငါတို့ဟာ Alice in borderland ထဲကလို ကစားပွဲထဲ ရောက်နေတဲ့ လူတွေပဲ။ ငါတို့ဂိမ်းတွေကတော့သိပ်တော့ မထူးဆန်းဘူး။ ဒါပေမယ့် သေကြေကြတယ်။ ငါတို့ကိုယ်စီမှာ ရှိနေမယ့် ဖဲချပ်တွေကို ငါတို့မမြင်ရဘူး။ ငါတို့ကစားပွဲမှာ အသက်ကြီးတဲ့ သူတွေပါတယ်။
အသက်ငယ်တဲ့ သူတွေပါတယ်။ ကလေးတွေပါတယ်။ ကစားပွဲကို ငါတို့ဟာ ရပ်တန့်လို့ မရဘူး။ ငါတို့သေမလား ရှင်မလားဆိုတာကို အပြင်ကနေ ကြည့်ပြီး စုတ်သတ်နေကြသူတွေ ရှိတယ်။
ငါတို့ဟာ ငါတို့ကစားပွဲကို အသေအကြေ ကစားနေကြရတယ်။ စည်းမျဉ်းတွေက တင်းကြပ်လာပြီ။

Public Service Announcement
တဖြည်းဖြည်း နယ်မြေတွေက ကျဉ်းလာပြီ။ ငါတို့ဟာ ဟတ် ၁၀ ကတ်တွေကို ရ ထားကြတဲ့ သူတွေပဲ။
ငါတို့ရှင်သန်ဖို့ သူငယ်ချင်းလည်း သတ်ပစ်ရမှာပဲ။ သားသမီးကိုလည်း စတေးရမှာပဲ။ မိဘတွေဆွေမျိုးတွေ မိတ်ဆွေတွေ အားလုံးဟာ ဂိမ်းထဲကို ရောက်လာကတည်းက တစိမ်းတွေဖြစ်ကုန်ကြတာပဲ။
ငါတို့ ဘယ်လောက် ပြေးနိုင်မလဲ..ပြေးကြစမ်း..ငါ့တို့ ကစားပွဲက ရုပ်ရှင်ထဲကလိုတော့ မဟုတ်ဘူး။ ပြောရရင် တနိုင်ငံလုံးက လူတွေ ပါဝင်ကြတယ်။
လက်တွေ့ပိုဆန်တယ်။ ငါတို့ ကစားဖို့ ရာအတွက် လူအကန့်အသတ်လည်း မရှိဘူး။ လူပေါင်း သန်း ၅၀ကျော်လုံး ပါဝင်ကြတယ်။ အသက်အရွယ် မကန့်သတ်ထားဘူး။ မမွေးသေးတဲ့ ဗိုက်ထဲကကလေးတွေကနေ ဟိုးးး အသက်ကြီးကြီးထိ ပါဝင်ကြတယ်။ တချို့ ကစားပွဲမှာ ဝင်ကစားတဲ့သူတွေဆိုရင် အခုထိ သူတို့ ကစားပွဲ မှာ အနိုင်မရကြသေးဘူး။ တချို့တွေက ကစားပွဲမှာလက်လျော့သွားကြတဲ့ သူတွေလည်း ရှိတယ်။
ညှာတာမှုမရှိဘူး။ စာနာမှုမရှိဘူး။ ဓား နဲ့ အရှေ့ကနေလည်း ထိုးမယ်၊ အနောက်ကနေလည်းထိုးချင်ထိုးမယ်။ လျင် သူ စားစတမ်းပဲ။ ကစားပွဲထဲက ထွက်ချင်တဲ့သူတွေသေရတာပဲ။ အပြုံးတုနဲ့လည်း ရင်ဆိုင်နေတယ်၊ အငိုနဲ့လည်း ရုန်းကန်နေကြတယ်။ ကစားပွဲကြီးတခုလုံးကို ငါတို့က ရုပ်နဲ့လည်း ပေးဆပ်ရတာပဲ။ စိတ်နဲ့လည်း ပေးဆပ်ရ တာပဲ။ အနိုင်ဆိုတာဘာလဲ..
တလောက ငါ နဲ့ သိတဲ့ အကိုတယောက်ရှိတယ်။ သူလည်း ငါ့လို ကစားသမားပဲ။ သူလည်း
အသက်ရှင် ရပ်တည်နေနိုင်ဖို့ရာ ပေးထားချက် ဂိမ်းတွေကို ပြည့်မီအောင် ဆော့တာပဲ။ နောက်ဆုံး သူလက်လျော့လိုက်တယ်။ သူ့ရဲ့ ဂိမ်းကတော့ နည်းနည်း အသက်နဲ့ရင်းရတဲ့ ဂိမ်းပဲ။ ငွေရှိရင် အသက်ရှင်မယ် ငွေမရှိရင် အသက် သေမယ်။ နောက်ဆုံး သူ ဂိမ်းကို လက်လျော့တယ်။
ငါ ရှင်သန်လာတဲ့ တလျှောက် များစွာတဲ့ ဂိမ်းတွေကို ဆော့ဖူးတယ်။ ဒါပေမယ့်လယ်ဗယ်မြင့်လာတာနဲ့အမျှ ကျွမ်းကျင်မှုတွေ နဲ့ ပိုအသားကျလာပြီး နိုင်နှုန်း ၁၀၀ ဖြစ်ရမှာ။ ဒါပေမယ့်လယ်ဗယ်မြင့်လာလေ အသေအပျောက် နှုန်းတွေက များလာလေ။ ရက်စက်မှုတွေကပိုပြင်းထန်လာလေပဲ။ စည်းကမ်းတွေက ပိုတင်းကြပ် လာလေပဲ။ နယ်မြေတွေလည်းကျဉ်းမြောင်းလာတယ်။
တချို့ဂိမ်းပွဲတွေမှာတော့ ငါတို့ တယောက် လက်ကို တယောက်တွဲပြီး အားကုန် သုံးပြေးကြတယ်။ ကူညီကြ တယ်။ ဖေးမကြတယ်။ တချို့ဂိမ်းပွဲ တွေမှာတော့မျက်ကွယ်ပြုလိုက်ရတာတွေ ရှိတယ်။ မသိချင်ယောင် ဆောင်လိုက်ရတာ ရှိတယ်။ ချနင်းလိုက်ရတာရှိတယ်။ ထိုးကျွေးလိုက်ရတာ ရှိတယ်။
ဂိမ်းထဲက ဂိမ်းတွေကို ဆော့ရင်း..ဆော့ရင်း လုံးပါးပါးလာခဲ့တာပဲ…
ကိုယ့် ဒဏ်ရာကိုယ် လျှာနဲ့ ပြန်ယက်နေရတာတွေ၊ ကိုယ့် အသွေးအသားကို ပြန်လည် ချနင်းနေရတာတွေ၊ ပျက်သုန်း ကျိုးပဲ့ ကုန်ပြီး ခံစားချက် မဲ့ကုန်တဲ့ လူ့တစ္ဆေတွေ အဖြစ် ပြောင်းလဲသွားတာကိုဂိမ်းစီစဉ်တဲ့ သူတွေကတော့ ကြည့်နေပြီး ဟားတိုက် ရယ်မောနေမှာ ငါမြင်ယောင်နေတယ်။
အချိန်တန်ရင် အဆုံးသတ်သွားမှာပါတဲ့…သေချာလေး ဆော့တဲ့..
..ဟင့်အင်း..ငါပဲ အဆုံးသတ်မှာ.. ဂိမ်းကတော့ ဆက်ရှိနေဦးမှာ… မရပ်ဘူး..
ဂိမ်းက ရပ်မှာ မဟုတ်ဘူး…။ ။
(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘အဲလတ်လူဝါ’ရေးဖွဲ့တဲ့ “ဂိမ်းက မရပ်ဘူး…” ကဗျာကို
People’s Spring ကပြန်လည်ဖော်ပြပေးတာ
ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)


















































