အောက်တိုဘာ-၄၊၂၀၂၆။တေဇ/People’s Spring
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လျှပ်စစ်မီးကို မနက်ဖန် အောက်တိုဘာ ၅ ရက်ကစတင်ပြီး အလှည့်ကျပေးတော့မယ်လို့ စစ်တပ်လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ပြင်းထန် အယ်နီညို ရာသီဥတုကြောင့် အပူချိန်မြင့်မားနေပြီး ဓာတ်အားလိုအပ်ချက်မြင့်တာကြောင့် အလှည့်ကျစနစ်နဲ့ မီးပေးတာလို့ လျပ်စစ်ဝန်ကြီးဌာနက အကြောင်းပြထားပါတယ်။
လျှပ်စစ်မီးကို မနက် ၅ နာရီကနေစတင်ပြီး ၄နာရီခြား အလှည့်ကျနဲ့ အုပ်စု ၂ခုခွဲပြီးမီးပေးသွားမှာလို့ သိရပါတယ်။

Public Service Announcement
“နှစ်တိုင်းဒီလိုဖြစ်နေတာကို ကြိုတင်ပြီး ဘာ planမှ လုပ်မထားဘူးလား၊ တစ်နှစ်လည်းမဟုတ် နှစ်နှစ်လည်းမကနဲ့ ပူပြင်းတဲ့ရာသီရောက်ရင် မီးဖျက်မယ်ဆိုတာကို ရေရှည် plan ဆွဲထားတာများလား။ ခုလိုခေတ်ကြီးမှာ သဘာဝဘေး အကြီးအကျယ်မဖြစ်ရင် ဘယ်နိုင်ငံမှ မီးမပျက်တော့ဘူး။ ရေအားတစ်ခုပဲ အားကိုးနေတာလား။ လေအား၊ ဆိုလာအား၊ သဘာဝဓာတ်ငွေ့အား၊ ကျောက်မီးသွေးအားတွေနဲ့ အစီအစဉ်မဆွဲတော့ဘူးလား။ တိုင်းနဲ့ပြည်နယ်အလိုက် တိုင်းဒေသကြီး အစိုးရတွေက ဗဟိုအစိုးရနဲ့ တိုင်ပင်ပြီး ဒေသအလိုက် ဆိုလာစနစ်နဲ့ မီးပေးဖို့ရော မစီစဉ်နိုင်ဘူးလား။ ထွက်လာသမျှ plan က မီးဖျက်ဖို့ပဲ စီစဉ်တတ်ကြတာလား” လို့ ပြည်သူတစ်ဦးက မေးခွန်းထုတ်ထားပါတယ်။
၄ နာရီခြား ၁ကြိမ် အလှည့်ကျမီးပေးမယ်လို့ ကြေညာထားပေမယ့် တစ်နေ့ကို ဘယ်နှစ်နာရီမီးပေး မယ်လို့တော့ အတိအကျကြေညာထားတာမရှိပါဘူး။
ပြည်သူတွေကတော့ မနက်အစောပိုင်းတွေနဲ့ ညဘက်တွေမှာ မီးမဖြတ်ဖို့ တောင်းဆိုထားကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မိုးရာသီကုန်တာနဲ့ အလှည့်ကျမီးပေးတဲ့စနစ်ကို အသုံးပြုလာတာဖြစ်ပြီး အရင်နှစ်တွေက တစ်ရက်ကို နာရီအနည်းငယ်သာ မီးရတဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။
စစ်တပ်လက်အောက်ခံလျှပ်စစ်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အယ်နီညိုရာသီဥတုကြောင့် အပူချိန်မြင့်မားပြီး ဓာတ်အားလိုအပ်ချက်များပြားလာရင် ဓာတ်အားထုတ်လုပ်မှုနဲ့ သုံးစွဲမှု အချိုးမညီပဲ ဓာတ်အားထုတ်စက်တွေ ရုတ်တရက်ရပ်တန့်တာ ၊ System Breakdown ဖြစ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
“မီတာဆောင်နောက်ကျရင်မီးဖြတ်ရမယ်ဆိုတဲ့planရှိပေမဲ့မီးပျက်ရင်မီးဘယ်လိုပေးရမယ်ဆိုတဲ့planတော့အခုထိမရှိသေးပါဘူး” လို့ ပြည်သူတစ်ဦးက ထောက်ပြထားပါတယ်။
လျှပ်စစ်ဝန်ကြီးဌာနကတော့ လာမယ့်နှစ်အတွက် ဓာတ်အားလိုအပ်ချက်တွေဖြည့်နိုင်ဖို့ ဆိုလာစီမံကိန်းတွေ ရေအားလျှပ်စစ်စီမံကိန်းအသစ်တွေလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
“ပြည်နယ်နဲ့တိုင်း အတော်များများမှာ စစ်ဖြစ်လို့ လျှပ်စစ်သုံးတာ မရှိတာတောင် ရန်ကုန်ကို မီးမှန်အောင် မပေးနိုင်ဘူးနော်၊ ဝန်ကြီးဆိုတဲ့ကောင် ဒီဇယ် ရောင်းစားဖို့ပဲ လုပ်တတ်တယ်နဲ့တူတယ်” ပြည်သူတစ်ဦးကထောက်ပြထားပါတယ်။
အောက်တိုဘာ ၅ ရက်မှမီးစဖြတ်မယ်လို့ ကြေညာပေမယ့် အောက်တိုဘာ ၁ ရက်ကတည်းက မီးပျက်ချိန်တွေများလာတာလို့ ပြည်သူတွေက ရင်ဖွင့်ထားကြပါတယ်။
အာဏာသိမ်းပြီးကာလကတည်းက နှစ်စဉ်နှစ်တိုင်း မီးပျက်ချိန်များလာတဲ့အပေါ် အာဏာမသိမ်းခင် ပြည်သူ့အစိုးရ အုပ်ချုပ်စဉ်ကာလနဲ့ နှိုင်းယှဉ်ဝေဖန်တာတွေလည်း ရေးသားကြပါတယ်။


















































