Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

‘အိပ်မက်ထဲမှာ ပြေးလွှားခဲ့ရတာတွေ’

အိပ်မက်တွေဟာ လူတယောက်ကို ဘယ်လောက်အထိ ခြောက်လန့်တုန်လှုပ်စေနိုင်သလဲတော့ မပြောတတ်ပါဘူး။ တချို့အိပ်မက်တွေဟာ မြင်မက်လိုက်တဲ့ တခဏတာအတွင်းမှာပဲ လူကိုတုန်လှုပ်သွားစေနိုင်တာ ဖြစ်ပါတယ်။

◼️တာပလု

အိပ်မက်တွေဟာ လူတယောက်ကို ဘယ်လောက်အထိ ခြောက်လန့်တုန်လှုပ်စေနိုင်သလဲတော့ မပြောတတ်ပါဘူး။ တချို့အိပ်မက်တွေဟာ မြင်မက်လိုက်တဲ့ တခဏတာအတွင်းမှာပဲ လူကိုတုန်လှုပ်သွားစေနိုင်တာ ဖြစ်ပါတယ်။

အိပ်မက်ကောင်းမက်ရင်တော့ ကြည်နူးစရာတခုခုတော့ ရစေမှာပေါ့။ တုန်လှုပ်ခြောက်ခြားစရာဆိုရင်တော့ လူတယောက်ကို သက်‌သောင့်သက်သာရှိစေမှာတော့ ဘယ်ဟုတ်ပါ့မလဲ။

ကာလတရားက ပြဌာန်းပေးလိုက်တာက မြင်မက်ရတဲ့ အိပ်မက်တိုင်းလိုလို ပြေးလွှားနေရတာတွေက များပါတယ်။ အပြင်မှာလဲ ပြေးလွှားခဲ့ရသလို အိပ်မက်ထဲမှာလဲ ပြေးလွှားခဲ့ရတာတွေက အတောမသတ်နိုင်သေးတဲ့ အမှန်တရားလို့တောင် ပြောလို့ရမယ်ထင်ပါတယ်။

Public Service Announcement

Public Service Announcement

ကိုပုတုတယောက် သူတကယ်အပြင်မှာ ဖြစ်ခဲ့တဲ့အကြောင်းကို ပြောပြပါတယ်။ ကျနော်တို့က သူ့ကိုနာမည်ဝှက်တခုနဲ့ ခေါ်ဖို့အတွက် တိုင်ပင်ကြတော့ သူကိုယ်တိုင်ကပဲ ကိုပုတုလို့ခေါ်ရင် ရတယ်လို့ ပြောပါတယ်။

သူခေါ်စေချင်တဲ့နာမည်ကိုပဲ ကျနော်တို့ကသူ့ကို ကိုပုတုလို့ ခေါ်ပါတယ်။ ဒီနာမည်ကို ကျနော်တို့အချင်းချင်းကြားမှာပဲ သိကြတာပါ။ သူ့နာမည်အရင်းကို လူသိမခံစေချင်လို့ အခုလိုခေါ်ကြတာလည်း ဖြစ်ပါတယ်။ မြို့ပေါ်က သူ့မိသားစုကို ထိခိုက်ရန်ရှာနိုင်စေမယ့်အရေးက ကာကွယ်ဖို့ဆိုတဲ့ ဆန္ဒတခုနဲ့ သူ့ကိုနာမည်ဝှက်တခုနဲ့ ခေါ်စေတာလည်းဖြစ်ပါတယ်။

“ကျနော် ပြေးတယ်။ ကျနော်ပြေးတာ စစ်ကားရှေ့တည့်တည့်ကနေပြေးတာ။ ပတ်ပြေးစရာလမ်းကလည်း မရှိဘူး။ ကျနော့်လက်ထဲမှာတော့ ဖောက်ခွဲရေးပစ္စည်းတွေပါတယ်။ အဲ့ဒီရက်တွေက မြို့ပြမှာ သပိတ်စခန်းတွေကို ချက်ချင်းဖြိုခွင်းလို့မရအောင် အတားအဆီးအဆင့်ဆင့်တွေခံထားကြတယ်။ အဲ့ဒီအတားအဆီးတွေကို မီးလောင်စေနိုင်တဲ့ အရာတွေကို အရံသင့်လုပ်ထားတာ။ သပိတ်စခန်းကို ဖြိုခွင်းဖို့ စစ်ကား၊ ရဲကားဝင်လာပြီဆို အဲ့ဒီအတားအဆီးတွေ ခြားထားတဲ့နေရာကို မီးလောင်စေဖို့အတွက် ချက်ချင်းဆိုသလိုလုပ်ရတာ။ အဲ့ဒီနေ့က ကျနော်ဖောက်ခွဲမီးရှို့ရမယ်အဆင့်မှာပဲ စစ်ကားက ရှေ့ကနေ ဘွားခနဲပေါ်လာတာ။ ပေါ်လာတော့ ပြေးရတာပေါ့။ အနောက်ကနေ သေနတ်နဲ့ တချက်ပစ်လိုက်တယ်။ ကျနော်ခလုပ်တိုက်ချော်

လဲတာနဲ့ကြုံလို့ မထိလိုက်ဘူး။ ပြန်ထပြန်ပြေး။ နောက်တချက်ထပ်ပစ်တယ်။ နောက်တခါချော်လဲတာနဲ့ အံကိုက်ဖြစ်သွားလို့တော်‌သေးတာ။ နောက်မဟုတ်ရင် အခုလိုစကားပြောခွင့် ရမှာတောင် မဟုတ်ဘူး”

ကိုပုတုက သေနတ်ပြောင်းဝက ထွက်လာတဲ့ကျည်ကို ကံကြမ္မာအလှည့်အပြောင်းကြောင့် သေကံမရောက် သက်မ​ပျောက်ခဲ့ဘူး။ ကံတရားက မျက်

နှာသာပေးခဲ့လို့သာပေါ့။ အဲ့ဒီအချိန်မှာ ကိုပုတု တယောက် ဇွဲနပဲနဲ့ပြေးလွှားခဲ့လို့ပေါ့။ ပြေးနိုင်မှလွတ်မှာ ဆိုတဲ့အတိုင်း ပြေးခဲ့လို့ လွတ်ခဲ့ပါတယ်။

ကိုပုတုလိုပဲ ကျနော်တို့ ပြေးခဲ့ရတယ်။ ပြေးခဲ့ရတဲ့ လူအုပ်ကြီးက နည်းမှမနည်းတာ။ အဲ့ဒီပြေးလွှားခဲ့ရတဲ့ အရာကြီးကိုပဲ အိပ်မက်ထဲ ခဏခဏမြင်မက်နေတာ စိတ်အစွဲတခုခုကြောင့်ဖြစ်မလားပဲ။

ကိုပုတုလဲ ဒီအကြောင်းတွေ မကြာခဏအိပ်မက်ထဲ ပြန်မက်တတ်တယ်လို့ ပြောပါတယ်။ ပြေးလွှားတဲ့အကြောင်း အိပ်မက်မက်တာဆိုတော့ သက်သောင့်သက်သာတော့ ဘယ်ရှိပါ့မလဲ။ အိပ်မက်ကနေ အပြင်ကို လန့်နိုးလိုက်ချိန်မှာ ရင်ခုန်နှုန်းက အရှိန်အဟုန်နဲ့ကို လှုပ်ရှားနေတာ။ တော်တော်နဲ့ အရှိန်သတ်လို့မရတာမျိုးပေါ့။

စစ်ကားတွေ၊ ရဲကားတွေ၊ သေနတ်သံတွေ၊ ချော်လဲပြီး ပြန်ထပြေးကြသူတွေ၊ အထုပ်အပိုးထမ်းပြီး ပြေးကြသူတွေ၊ စစ်ကြောင်းဝင်လာလို့ မိုးထဲ‌ရေထဲ ပြေးကြရတဲ့သူတွေ။ ပြေးရတဲ့အကြောင်း။ ပုန်းခိုရတဲ့အကြောင်း အချိန်တခုခုမှာတော့ မေ့‌ပျောက်နိုင်ကောင်းပါရဲ့။

ဒီတခါမက်တဲ့ အိပ်မက်က အသစ်အဆန်းတခုပဲ။ အာဏာရှင်အစွယ်အပွားတယောက်အကြောင်းပါ။ သူက တခေတ်တခါက ဧရာဝတီတိုင်းမှာ တိုင်းမှူးတာဝန် ကျခဲ့ဖူးသူတယောက်ပါ။ အဲ့ဒီအိပ်မက်က သားငါးယောက်မွေးထားတဲ့ အိမ်မှာ စစ်မှုထမ်းဖို့ လာပြီးစည်းရုံးတာပါ။

ကျနော်တို့အိမ်ကို လူတယောက် ရောက်လာတယ်။ အဲ့ဒီလူက ခရမ်းရောင်တီရှပ်နဲ့ ပုဆိုးနဲ့တွဲဝတ်ထားတယ်။ ဆံပင်က ဂုတ်ထောက်တဲ့အဆင့်ကနေတောင် ကျော်နေတယ်။ သူ့ပုံစံက အဆိုတော်တယောက် ပုံစံနဲ့တူနေတယ်။

တကယ်တော့ သူကအဆိုတော်တော့ မဟုတ်ဘူး။ အိမ်ရှေ့ကိုရောက်လာတော့ သူ့ကိုယ်သူ တိုင်းမှူးတယောက်ပါလို့ မိတ်ဆက်တယ်။

ကျနော်တို့အိမ်က လေးတိုင်စင်လေးကို တဖက်စောင်း အမိုးမိုးထားတယ်။ တဖက်ရပ် လေးတိုင်စင်လေးမှာ အိမ်လုပ်နေကြတာပေါ့။ ကျနော်က မျက်နှာစိမ်း ဧည့်သည်တယောက် အိမ်ထဲဝင်လာပြီး တိုင်းမှူးလို့ မိတ်ဆက်တာကို ကြားကြားချင်း လှဲနေရာကနေ ထလိုက်တယ်။

ဒါဟာအိပ်မက်ထဲမှာ ဖြစ်တဲ့အဖြစ်အပျက်ပါ။ အိပ်မက်ထဲအထိ တိုင်းမှူးဆိုတာ စစ်အာဏာရှင်တွေရဲ့ အစွယ်အပွားတွေ သူတို့ကိုမယုံရဘူးဆိုတဲ့ အသိစိတ်က ကပ်နေတယ်။

အဖေနဲ့အမေက မီးဖိုထဲမှာ အလုပ်ရှုပ်နေကြတယ်။ မီးဖိုနဲ့အိမ်က သပ်သပ်စီပါ။ ဘေးချင်းကပ်နေတာဆိုတော့ အသံခပ်တိုးတိုး လှမ်းခေါ်ရင်တောင် ကြားရပါတယ်။

လူစိမ်းက အိမ်ရှေ့တံစက်မြိတ်ကနေ မှတ်တပ်ရပ်နေရင်းကပဲ ဒီအိမ်မှာယောက်ျားသားတွေ ဘယ်နှယောက်ရှိလဲ ဆိုတာကိုမေးတယ်။ အဲ့ဒီအချိန်မှာ အဖေက အမေကို လူစိမ်းရဲ့ မေးခွန်းတွေကိုဖြေဖို့ မီးဖိုးခန်းထဲကနေ နှင်လွှတ်နေတဲ့အသံ ကြားရတယ်။

အဖေက သူ့သားတွေကို စစ်မှုထမ်းဖို့အတွက် လာပြီးစည်းရုံးနေတယ်ဆိုတာကို သိထားပုံရတယ်။ ဒီလိုနေရာမှာ ယောက်ျားသားတယောက်ယောက်က ခွန်းတုန့်ပြန်ဖို့ဆိုတာထက် မိန်းမတယောက်ယောက်က ပြန်ပြောတာဆို လူစိမ်းလည်း အားနာဟန်နဲ့ ပြန်ထွက်သွားနိုင်တယ်ဆိုတဲ့ အတွေးမျိုးနဲ့ အဖေက ထွက်မတွေ့တာလည်းဖြစ်နိုင်ပါတယ်။

လူစိမ်းရဲ့မေးခွန်းကို ဘယ်သူကမှပြန်မဖြေခင်မှာဘဲ ညီလေး နို့ညှာကောင်က ကျနော်တို့ ညီအကိုငါးယောက်ရှိတယ်လို့ ပြန်ဖြေလိုက်တယ်။

အဲ့ဒီလိုဖြေလိုက်တော့ ကျနော်က ညီလေးနို့ညှာကောင်ကို မင်းဖြေစရာမလိုဘူး။ အိမ်မှာမိဘတွေရှိတယ်။ အကိုကြီးတွေရှိတယ်။ ဒီလိုနေရာမျိုးမှာ ဝင်ဖြေပေးစရာမလိုတဲ့အကြောင်း နှုတ်ပိတ်လိုက်တယ်။ လူစိမ်းရှေ့မှာတော့ အတိုင်အဖောက်မညီတဲ့ ပုံစံမျိုးဖြစ်သွားတယ်။

ညီလေးနို့ညှာကောင်က ငယ်ငယ်ထဲက စကားတတ်တယ်။ ခြေသွက်၊ လက်သွက်ရှိတယ်။ တခုခုဆို တွေဝေတုန့်ဆိုင်းမနေဘဲ တုန့်ပြန်တတ်တာ သူ့ရဲ့မွေးရာပါအကျင့်တခုပဲ။

တခါကကျောင်းမှာ ဆရာမက သူ့အချိန်ကျလို့ အတန်းထဲ တန်းမဝင်သေးဘဲ အခန်းဝကနေ နောက်ထပ်ဆရာမတယောက်နဲ့ စကားရပ်ပြောနေချိန်မှာ သူကဆရာမကို မကြောက်မရွံ့ပြောခဲ့တာ ကျောင်းမှာနာမည်ကိုကြီးသွားတာပဲ။

“ဆရာမကိုယ့်အချိန်ကျနေတာ အခန်းထဲမဝင်ဘဲ ဘာလို့ရပ်စကားပြောနေတာလဲ။ ကိုယ့်စာသင်ချိန်ကို အပြည့်ယူရမှာမဟုတ်လား”လို့ ပြောလိုက်တာ။

ဆရာမကသူကို မကျေနပ်လို့ ကျောင်းအုပ်ကြီးသွားတိုင်တဲ့အဆင့်တောင် ရောက်ခဲ့သေးတယ်။ ကျောင်းအုပ်ကြီးက ကလေးမမှားဘူး။ ဆရာမအနေနဲ့ပြင်ရမှာလို့ပဲ ပြောလိုက်တဲ့အကြောင်း အမေနဲ့အဖေဆီကို သတင်းရောက်လာတာပါ။

ညီလေးနို့ညှာကောင်က အဲ့လိုလူမျိုးပါ။ အခုဒီနေရာမှာတော့ ပါးရည်နပ်ရည်ရှိဖို့က လိုတယ်မဟုတ်လား။ အရှိကိုအရှိအတိုင်း ဖြေမိလိုက်ရင် ညီအကိုတွေအကုန်လုံးက အာဏာရှင်ကို အသက်ဆက်ပေးဖို့အတွက် စစ်မှုထမ်းထဲပါသွားနိုင်တယ်လေ။

ကျနော်ဟန့်တားလိုက်တော့ ညီလေးနို့ညှာကောင်က ဘာမှမပြောတော့ဘူး။ အမေက မီးဖိုခန်းထဲကနေ ထွက်လာပြီး လူစိမ်းမေးတဲ့ မေးခွန်းတွေကို ဆက်ပြောပြနေပါတယ်။ အမေမျက်နှာမကောင်းတာကို သိလိုက်တယ်။ တကယ်လဲ မျက်နှာမကောင်းစရာ အခြေအနေကို ရင်ဆိုင်ကြုံတွေ့နေရပြီမဟုတ်လား။

စစ်ဖြစ်ရင် သားသည်အမေတွေရဲ့ စိတ်သောကကို အမေတွေကိုယ်တိုင်ကပဲ အသိဆုံးဖြစ်မှာပါ။ စစ်ဖြစ်ရင် သားတွေဟာ စစ်ထဲလိုက်ရတော့မယ်ဆို‌တာသိရင် အမေတွေရင်ထဲ ဘယ်လိုခံစားနေရမလဲ။

မတရားတဲ့အဖွဲ့အစည်းဘက်က အသက်ပေးရဖို့ဖြစ်လာရင် နောက်ထပ်ရွေးချယ်စရာ နည်းလမ်းကို မဖြစ်မနေ ရွေးချယ်ရတော့မှာလည်း ဖြစ်ပါတယ်။ သားငါးယောက်အမေတယောက် လူစိမ်းမေးသမျှ ပြောပြနေရင်းကပဲ ခေါင်းညိမ့်ခေါင်းခါ လုပ်နေတာကို တွေ့ရပါတယ်။

လူစိမ်းကပြန်ထွက်သွားပါတယ်။ အိမ်မှာရှိနေကြတဲ့ ကျနော်တို့ညီအကို ငါးယောက်ကိုလည်း ခရီးမလွန်ဖို့အတွက်တောင် ပြော‌သွားသေးတာ။ ကျနော်တို့ညီအကိုတွေ ခရီးလွန်အောင် ပြေးကြရတော့မယ်ဆိုတဲ့အသိကို ချက်ချင်းဆိုသလိုရသွားတယ်။

အဲ့ဒီနေ့မနက်က အဖေနဲ့အမေချက်တဲ့ ထမင်းနဲ့ဟင်းကို စားဖို့တောင် စိတ်ထဲမရောက်တော့ပါဘူး။ အဖေက မင်း‌တို့ ဒီနေရာကနေ ဝေးနိုင်သလောက်ဝေးအောင် ပြေးကြတော့။ အဖေတို့အမေတို့က ကြည့်နေမယ်။ အခြေအနေတွေကို သတင်းနားထောင်ပြီး အေးချမ်းတဲ့တနေ့ အိမ်ပြန်လာကြပေါ့။ အခုတော့ ပြေးတော့။ အဖေက ကျနော်တို့ညီအကိုတွေကို အိမ်ကနေ အဝေးတနေရာကို ပြေးကြဖို့ပဲပြောပါတယ်။ ကျနော်တို့လဲ ပြေးဖို့လုပ်ရတော့တာပေါ့။

ညီလေးနို့ညှာကောင်က အဖေ့ကို စကားတခွန်းပြန်ပြောတယ်။ ကျနော်တို့အိမ်က ဘယ်လိုလုပ်မလဲတဲ့။ ဒီလိုအခင်းအကျင်းမဖြစ်ခင်က အဖေနဲ့ကျနော် အမြဲပြောဖြစ်ကြတာ။ ဆင်းရဲတာတချို့နေရာတွေ အန္တရာယ်ကင်းတယ်အဖေ။ ဆင်းရဲတော့ တယောက်ယောက်က ဖျက်ဆီးစရာ၊ ‌ဖျက်ပစ်စရာလဲမရှိလို့ အန္တရာယ်ကင်းတယ်လို့ အဖေနဲ့ ပြောဖြစ်ကြတယ်။ အခုလဲ ညီလေးနို့ညှာကောင်ရဲ့မေးခွန်းကိုအဖေက အဖေနဲ့အမေက ဘယ်နေရာကပ်နေနေရတယ်။ မတော်လို့ အိမ်မီးရှို့ဖျက်ဆီးခံရရင်လဲ ဒီလေးတိုင်စင်အိမ်လေးပဲ ဖျက်ပစ်ခံရမှာ ဒီထက်ပိုပြီး သူတို့လုပ်လို့မရဘူး။ လုပ်စရာလဲမရှိဘူးတဲ့။

အိမ်ကနေ ပြေးနေရတဲ့အချိန်မှာပဲ အိပ်မက်ထဲကနေအပြင်ကိုရောက်လာတယ်။ တကယ့်ကို မောကြီးပန်းကြီးနဲ့ပေါ့။ ပြေးရလွှားရတဲ့ အိပ်မက်မျိုးက မကြာခဏ မြင်မက်တတ်တယ်။ အထူးသဖြင့် ဒီလိုကာလမျိုးမှာပါ။

အိပ်မက်အကြောင်း ဘေးနားက အမျိုးသမီးကိုပြောပြလိုက်တယ်။ လူစိမ်းအကြောင်း။ လူစိမ်းဟာ တိုင်းမှူးတယောက်ဖြစ်တယ်။ အဲ့ဒီလူစိမ်းက စစ်တပ်အရာရှိ တဦးနဲ့မတူဘဲ အဆိုတော်တယောက်နဲ့တူနေတယ်။ သူ့ဆံပင်ပုံစံက ဆံရှည်နဲ့ပါ။ ဆံပင်အရှည်ကြီးနဲ့ တိုင်းမှူးကို အိပ်မက်မက်တာလား။ ဆံပင်အရှည်နဲ့လူဆိုရင်တော့ တော်တော်နဲ့သေမယ့်သူမဟုတ်ဘူး ဆိုတာ အမျိုးသမီးက ပြောပါတယ်။

အိမ်မက်ထဲမှာ ဆံပင်အရှည်ကြီးနဲ့ အိပ်မက်မြင်မက်ရင် အဲ့ဒီလူဟာ တော်တော်မသေနိုင်သေတဲ့လူပဲတဲ့။ အဲ့ဒီအကြောင်းတွေကို ကျနော်မသိခဲ့ပါဘူး။ တကယ်လဲ အဲ့လိုမျိုးလားဆိုတာတော့ အတွေးရောက်သွားပါတယ်။

အာဏာရှင်ရဲ့အစွယ်အပွားတယောက်ဟာ သားယောက်ျားတွေရှိတဲ့အိမ်မှာ စစ်မှုထမ်းဖို့ လိုက်ပြီးစည်းရုံးနေတယ်။ သူသည်လဲ အာဏာရှင်ပဲပေါ့။ အတင်းအကြပ်စေခိုင်းဖို့အတွက် ပြောဆိုစည်းရုံးနေတာက လူတယောက်ရဲ့ အခြေခံရပိုင်ခွင့်ရှိတဲ့ လူအခွင့်အရေးဆုံးရှုံးလိုက်ရတာပဲမဟုတ်လား။

လူတယောက် လိုလိုလားလားနဲ့ ပါဝင်ဆောင်ရွက်တာမဟုတ်ဘဲ အတင်းအကြပ်ပြောဆိုစည်းရုံးသိမ်းသွင်းပြီး မတရားအနိုင်ကျင့်ဖို့အတွက် အင်အားဖြည့်တင်းတာကြီးက လူသားမဆန်တဲ့ လုပ်ရပ်ပဲလို့ ပြောနေစရာတောင် မလိုတော့ပါဘူး။ အဲ့ဒါကြောင့်ပဲ အာဏာရှင်ဟာ အာဏာရှင်အလုပ်ကို လုပ်တယ်လို့ ပြောနေကြတာပါ။

အိပ်မက်ထဲက အာဏာရှင်က ဆံရှည်ဖြစ်နေတာကိုတော့ မဝင်မကျဘူး။ အသက်ရှည်ရှည်နေရဖို့ဆိုတဲ့ နိမိတ်ပုံတခုခုကိုတောင် အိပ်မက်ထဲ ထည့်မမက်ချင်ပါဘူး။ အာဏာရှင် သက်ဆိုးရှည်နေတာကိုတော့ မလိုလားဘူး။

အာဏာရှင် သက်ဆိုးရှည်နေသမျှကာလ ကျနော်တို့တွေ ဘယ်လောက်အထိ ပြေးလွှားနေကြရဦးမလဲ။ အချိန်ကာလ ဘယ်လောက်ကြာကြာ ပြေးနေရမလဲဆိုတာ တွက်ဆလို့မရလို့ပဲဖြစ်ပါတယ်။ ဒီတခါအာဏာရှင်ဟာ အိပ်မက်ထဲမှာလိုမဟုတ်ဘဲ အပြင်မှာလို ဆံပင်တိုတိုနဲ့ပဲ ဖြစ်စေချင်မိတယ်။

ကျနော်အိပ်မက်က လန့်နိုးလာတော့ ပြေးနေရတဲ့နေရာတခုမှာ ရောက်နေတာပါ။ ခရီးဘယ်လောက်ဝေးအောင် ပြေးရသလဲတော့ မရေတွက်နိုင်ပါဘူး။ ပြေးလာခဲ့ရတဲ့ နေရာကနေ အခုဆို ရေခြားမြေခြားတဲ့ အခန်းကျဉ်းလေးတခုကို ရောက်လို့နေပါတယ်။

အိပ်မက်ထဲက အဖေမှာလိုက်တာ တနေ့ အခြေအနေသာတဲ့အခါ အိမ်ကိုပြန်လာကြဆိုတဲ့စကားက ဘယ်လောက်ကြာကြာ ခွဲခွာ‌နေကြရမလဲဆိုတာ တွက်ဆစရာ မျှော်လင့်ချက်တချို့ လိုက်ရှာကြည့်နေမိပါတယ်။ တချို့မျှော်လင့်ချက်တွေက ခဏအတွင်းမှာပဲ ဝေဝါး​ပျောက်ကွယ်သွားပါတယ်။ တချို့မျှော်လင့်ချက်တွေက မကြာခဏဆိုသလို ပြန်ပေါ်လာတယ်။ မျှော်လင့်ချက်တွေက လူတယောက်အသက်ရှင်ဖို့အတွက် အရေးကြီးတဲ့အကြောင်း တယောက်ယောက်က လာမပြောပြလဲ ကြိုပြီးသိထားနှင့်နေပါပြီ။

ခြေခင်းလက်ခင်းသာတဲ့တနေ့ ပြေးလွှားကွဲကွာနေတဲ့အရာတွေ ပြန်ဆက်မိကြပြီး တရုံးရုံး စည်းရုံးပျော်ပါးကြမှာ သေချာပါတယ်။ ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’​​တာပလု’

ရေးဖွဲ့တဲ့ “အိပ်မက်ထဲမှာ ပြေးလွှားခဲ့ရတာတွေ” ဝတ္ထုတိုကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက်အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …

ဝတ္ထုတို

မနက်အရုဏ်တက်သည်နှင့် အမေသည် အိပ်ရာမှ ထကာ မျက်နှာသစ်သန့်စင်ခြင်းကို လုပ်၏။ အမေ့အိမ်လေးသည် ဝါးကပ်များခင်းထားသဖြင့် အမေ့ကိုယ်သေးသေးလေးနှင့် နင်းလိုက်တိုင်းပင် တဂျွတ်ဂျွတ်မြည်၏။ အလင်းသေချာမလာသေး။ သို့သော် အမေသည် အိမ်၏ နေရာတိုင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် အမေ့သားအိပ်သည့်နေရာလေးကိုပင် မမြင်ရသော်လည်း လှမ်းကြည့်မိလိုက်သေးသည်။ အမေ့သားအိပ်ရာသည် ခင်းမထားပါချေတကား။ ဒါဆို မိုးမလင်းခင်ကတည်းက...

ကဗျာ

စောစုစုခင် သမီးလေ ဗုဒ္ဓကို မျက်ရည်တွေထပ်မကျဖို့ ပူဆာထားတယ် သမီးရဲ့စာသင်ခန်းထဲကအချစ်ဆုံးသူငယ်ချင်းက တောထဲမှာမေမေရဲ့။ သမီးရဲ့ဝက်ဝံရုပ်လေးကလည်းလွတ်မြောက်နယ်မြေထဲမှာသမီးရဲ့ဆံပင်အဝါရောင်နဲ့အရုပ်မလေးက ခြေထောက်တဖက် မရှိတော့ဘူးမေမေသမီးရဲ့ဖဲပြားကလစ်လေးတွေကမြေမြုပ်မိုင်းဖြစ်နေပြီလားဟင်သမီးကိုအရမ်း စတတ်တဲ့ အိမ်နားကအကိုကြီးရော အိမ်မှာရှိသေးရဲ့လားဖေဖေသိပ်ကြိုက်တဲ့ အာမီရမ်တွေက ထွက်ပြေးကုန်ပြီလားဟင် သမီးတက်တဲ့ကျောင်းကဆရာ့ကိုပြောပေးပါတချို့ပုစ္ဆာတွေက သွေးညှီနံ့ နံတယ်လို့တချို့မေးခွန်းရှည်တွေက ယမ်းနံ့ နည်းနည်းထွက်တယ်။ မေမေ လူးပေးတဲ့သနပ်ခါးက မျက်ရည်ကျလည်း ပျက်တာပါပဲ...