Connect with us

Hi, what are you looking for?

ရသ

‘ခမ်းနားတဲ့ နေဝင်ချိန်’

ကျနော် ၆ တန်းနှစ်က နာရေးတခု လိုက်ပို့ဖူးတယ်။ အတန်းဖော်သူငယ်ချင်းရဲ့အမေ့နာရေးပါ။ သုဿန်က တမြို့လုံးနီးပါး အသုံးပြုနေတဲ့ သုဿန် ကျနော်တို့မြို့မှာတော့ နာမည်ကြီးပေါ့။ ၂၀၀၈ ဝန်းကျင်ဆိုတော့ သန့်ရှင်းမှုမရှိ သပ်ရပ်မှုမရှိဘဲ တကယ့်ကို စိတ်ခြောက်ခြားစရာရသ အပြည့်ပေးပါတယ်။

◼️ရီ​ဗော်တီ

ကျနော် ၆ တန်းနှစ်က နာရေးတခု လိုက်ပို့ဖူးတယ်။ အတန်းဖော်သူငယ်ချင်းရဲ့အမေ့နာရေးပါ။ သုဿန်က တမြို့လုံးနီးပါး အသုံးပြုနေတဲ့ သုဿန် ကျနော်တို့မြို့မှာတော့ နာမည်ကြီးပေါ့။ ၂၀၀၈ ဝန်းကျင်ဆိုတော့ သန့်ရှင်းမှုမရှိ သပ်ရပ်မှုမရှိဘဲ တကယ့်ကို စိတ်ခြောက်ခြားစရာရသ အပြည့်ပေးပါတယ်။

အရိုးနဲ့အရိုးခေါင်းတွေဆိုတာ သုဿန်ရဲ့ ဘယ်နေရာကိုပဲကြည့်ကြည့် အပုံလိုက်ပဲ။ ကလေးဘဝဆိုတော့ ဘာမှမသိဘူးလေ စပ်စုချင်တာနဲ့ အခေါင်းထဲထည့်တာကစလို့ မြေကျတာအဆုံး အကုန်လိုက်ကြည့်မိတယ်။ ညဆိုရင် မြင်ထားသမျှက မျက်လုံးထဲကမထွက်ဘူး အိပ်လို့လည်းမရ လန့်နေတာပေါ့။ ငယ်စဉ်က ကြောက်စိတ်ကြီးပုံများ ‌နာရေးတခုမြင်ထားရင် ညရောက်တာနဲ့ အဖေနဲ့အမေကြားဝင်တိုးပြီး မအိပ်ဘဲ ထိုင်နေတော့တာ။ ဒီလိုနဲ့ မိုးအလင်းထိ တညကုန်ခဲ့ရတာမျိုး။

တဖြည်းဖြည်းအရွယ်ရောက်လာတော့ နာရေးမျိုးစုံလည်း ကြုံခဲ့ဖူးတယ်။ ပုံစံမျိုးစုံနဲ့ အလောင်းမျိုးစုံလည်း မြင်ခဲ့ဖူးတယ်။ ကြောက်စိတ်ဆိုတာလည်း တဖြည်းဖြည်းလျော့လာတယ်။ မြန်မာတွေရဲ့အယူမှာ “မသာတခေါက် ကျောင်းဆယ်ခေါက်” လို့ ဆိုးရိုးရှိတယ်မလား။ အသုဘတ​ခေါက်လာပို့တာဟာ သံဝေဂယူတတ်ရင် ယူတတ်သလို ကုသိုလ်ရတာမို့ ဘုန်းကြီးကျောင်းဆယ်ခေါက်သွားတာနဲ့ ညီမျှတယ်လို့ လူကြီးတွေက ဆိုခဲ့ကြတာလို့ မှတ်သားဖူးပါတယ်။ ဒါကြောင့်လည်း ကျနော်ဟာ နာရေးတွေမှာ ကူညီရတာကို သဘောကျလာမိတယ်။

Public Service Announcement

Public Service Announcement

တက္ကသိုလ်ကျောင်းသားဘဝတုန်းကဆို ဆရာမတယောက်ရဲ့ အမေဆုံးတာကို လိုက်ပို့ရင်း အလောင်းသယ်ဖို့ လူလိုနေတာနဲ့ ဝင်ကူညီဖြစ်တယ်။ ဆရာမက တခြားနယ်ကနေ တာဝန်ကျတဲ့ဆီမှာ အဆောင်နေရတာဆိုတော့ ဆွေမျိုးမိတ်ဆွေကနည်းပါတယ်။ ဆုံးသွားတဲ့ အဖွားက အသက် ၇၀ ကျော် လူကြီးဖြစ်ပြီး အရမ်းလည်းပိန်တယ်။ ပြီးတော့ အရပ်လည်းပုတယ်။ ဒီလိုနဲ့ ဝင်မတဲ့အခါ အရမ်းလေးတာနဲ့ ကျနော့်စိတ်ထဲပြောမိပါတယ် “အဖွားက လူကောင်သေးသေးနဲ့ အရမ်းလေးတာပဲ”လို့။ ပြီးတော့ ကျနော် ပြောလိုက်တာကိုလည်း ဘာရယ်မဟုတ် စိတ်ထဲမှာ မေ့မေ့ပျောက်ပျောက်ပါပဲ။

ဒီလိုနဲ့ အဲ့ဒီနာရေးကအပြန် ညကျ ရာသီဥတုကပူတာကြောင့် ကျနော့်အိပ်ရာ ခေါင်းရင်းက တံခါးကိုဖွင့်အိပ်ဖြစ်တယ်။ ၁ နာရီကျော်လောက်ကျတော့ အိပ်မက်လိုလို ဘာလိုလိုနဲ့ ငုတ်တုတ် ထထိုင်တော့တာပဲ။ ဘာလို့ ထထိုင်မိလဲဆိုတော့ ခေါင်းရင်းကနေ အဲ့အဖွားကလာပြီး “ငါ့မြေး အဖွားကိုယ်က “လေး”တာ ငါ့မြေး”မ”ရတာ မနိုင်ဘူးလား”တဲ့။ ကိုယ်လည်း ကြောင်သွားပြီး နဲနဲတော့ လန့်သွားပါတယ်။ စိတ်ထဲကနေလည်း ချက်ချင်းတုန့်ပြန်မိပါတယ်။ “မဟုတ်ပါဘူးအဖွား ကျနော်ပါးစပ်က ဒီတိုင်းပဲ ရုတ်တရက်ပြောမိတာပါ”ဆိုပြီး ဘုရားကန်တော့ အမျှဝေပြီးခါမှ ပြန်အိပ်ရတယ်။ အဲ့ဒီအရာကိုတော့ ကျနော့်အနေနဲ့ ကြောက်စိတ်ဆိုတာထက် အဖွားကိုအားနာစိတ် ပိုဖြစ်မိတယ်။ ဘာလို့လဲဆို ကျနော်ဟာ ကလေးမဟုတ်တော့ဘဲ နားလည်တတ်တဲ့ အရွယ်ဖြစ်နေတာကြောင့်လို့ဆိုရမှာပါပဲ။

နောက်တခါကြုံရတဲ့ နာရေးကတော့ ရန်ကုန်မှာပါ။ ၂၀၂၁ ခုနှစ် (၈) လပိုင်းလောက်ဖြစ်မယ် အခြေခံစစ်သင်တန်းပြီးလို့ ရန်ကုန်ပြန်ဝင်တဲ့အချိန် နာကူမှာ ဝင်ကူညီရင်း ကြုံခဲ့ရတာဖြစ်ပါတယ်။ ဘယ်လိုနာရေးမျိုးလဲဆိုရင် ကျနော့်အတွက် လူတွေရဲ့စရိုက်ကို အံ့ဩမိတဲ့နာရေးလို့ ဆိုရမှာပါ။ ကိုဗစ်တတိယလှိုင်းငြိမ်ခါစ တုန်းကပေါ့။ သေဆုံးသူက ရေဖျင်းရောဂါနဲ့ ‌သေဆုံးတာပါ။ နိဗ္ဗာန်ယာဉ်မှာ ယာဉ်မောင်းနဲ့ ကိုယ်နဲ့ နှစ်‌ယောက်ပဲ ပါပါတယ်။ အလောင်းကိုသယ်မဖို့ လက်အိတ်စွပ်ပြီး LV1 PPE ဝတ်နေတုန်း ဘေးက ဦးလေးကြီးတယောက်လာပြောတယ်။

“ညီလေးတို့ သေသူက ကိုဗစ်မရှိဘူး ရိုးရိုးရောဂါနဲ့ ဆုံးတာ အဲ့ဒါတွေမဝတ်ဘဲ ကိုင်လို့ရတယ်”တဲ့။ ဒါပေမယ့်လည်း ဝတ်ဖို့လိုအပ်တာမို့ PPE ဝတ်နေရင်းနဲ့ပဲ အလောင်းပြင်ထားတာကို လှမ်းကြည့်မိတယ်။ သေသူဟာ နဲနဲဝနေတာမြင်လိုက်တော့ “အကိုရေ နှစ်‌ယောက်တော့ မရလောက်ဘူး ဝိတ်များလောက်တယ် အကူညီတောင်းမှထင်တယ်”ဆိုတော့ ဘေးနားက ယောက်ျားသားတွေ အကုန် ပျောက်ကုန်ပါလေရော။ ဒါနဲ့ “အိမ်ရှင်ကိုပြောတော့ သူကရတယ် ရတယ် ခေါ်ပေးပါမယ်”တဲ့။ ခဏနေတော့ ယောက်ျားသားနှစ်ယောက်ရောက်လာတယ် ကျနော်တို့ကို ဘာမှ ဝတ်စရာမလိုဘူးပြောတဲ့ ဦးလေးကြီးပါ ပါလာတယ်။ သေချာကြည့်တော့မှ သူတို့ဝတ်ထားတာများ PPE ရော လက်အိတ်ရော Mask ရောစုံနေတာပဲ ပြီးတော့ သူတို့ကိုင်မယ့်နေရာကို ပိုးသတ်ဆေးတွေဖြန်းတာရွှဲနေတာပဲ။ ဘာကြောင့်ရယ်တော့ မသိဘူး။ ငိုသူမရှိ ကန်တော့သူမရှိ ကပ်သူမရှိနဲ့ တော်တော် သေပန်းမလှလိုက်တဲ့နာရေးလို့ တွေးမိလိုက်တယ်။ သူတို့ မငိုတာ တရားပေါက်နေကြလို့တော့ ဟုတ်ပုံမတူဘူး။ ကိုယ်လည်း ဪလို့သာ တမိတယ်။ လောကကြီးထဲက လူတွေလေ လူတွေ။

၂၀၂၂ ခုနှစ် (၁၀) လပိုင်းလောက်မှာ လွတ်မြောက်နယ်မြေကို ကျနော်ပြန်ရောက်ခဲ့ပါတယ်။ အလုပ်တွေလုပ်ရင်း ခရီးတွေထွက်ရင်းက ခမ်းနားတဲ့ နာရေးတခုကြုံခဲ့ရပါတယ်။ ရှေ့တန်းစစ်မြေပြင်မှာ စကစတပ်သားတွေကိုပစ်ပြီး ပြန်အဆုတ် လမ်းမှာဖြတ်ကူးရတဲ့ ရေချောင်းရဲ့ ရေစီးအားနဲ့ပါသွားပြီး လေးရက် ငါးရက်နေမှ ပုတ်ပွနေတဲ့အလောင်းပြန်ရတဲ့ ရဲဘော်တယောက်ရဲ့နာရေးပါပဲ။ ရက်အတော်ကြာမှ ပြန်ရတဲ့အလောင်းဆိုတော့ ရုပ်ကလည်းပျက်စီးနေသလို အနံ့ကလည်းထွက်နေပါပြီ။ အလောင်းပေါ်တဲ့နေရာမှာ ဆယ်ယူဖို့ပြင်ကြတော့လည်း ကူညီချင်တဲ့ ရွာသားတွေ အများကြီးပါပဲ။ ဆယ်ပြီးလို့ သုဿန်အသွားလမ်းမှာလည်း နှမြောကြ ဝမ်းနည်းကြ အလေးပြုကြနဲ့ မနည်းလှပါဘူး။

ပုံမှန်ဆို ကြွက်သေပုတ်နံ့ကိုတောင် နှာခေါင်းရှူံ့တဲ့သူတွေက ရဲဘော်တယောက်ရဲ့ နောက်ဆုံးခရီးကိုတော့ ဝန်းရံကြတာ တကယ့်ကိုမှင်သက်စရာပါပဲ။ သုဿန်လည်းရောက်ရော ကားပေါ်ကနေ မီးသင်္ဂြိုလ်မယ့်နေရာကိုရွေ့ဖို့ ကူမပေးကြပါဦးဆိုတော့ သူ့ထက်ငါ အပြိုင်ရောက်လာကြတဲ့ ရွာသားတွေနဲ့ ရဲဘော်တွေရဲ့မျက်နှာက တကယ့်ကိုလေးစားစရာပါ။ ငိုနေကြသူတွေထဲမှာလည်း ကျဆုံးရဲဘော်ရဲ့ မိတ်ဆွေအပေါင်းသင်းရဲဘော်တွေရော မခင်မင် မရင်းနှီးပေမယ့် ရွာထဲကနေလာကြတဲ့ ရွာခံတွေရောအများကြီးပဲ။ တချို့ကတော့ မျက်ရည်လည်ရွှဲ မငိုကြပေမယ့်လည်း ဝမ်းနည်းနေတဲ့မျက်နှာတွေနဲ့ ဇရပ်ထဲမှာပြည့်နေပြန်ပါသေးတယ်။ နာရေးအတော်များများ ကြုံခဲ့ မြင်ခဲ့ဖူးတဲ့ ကျနော့်အတွက်တော့ ဒီရဲဘော်ရဲ့ နေဝင်ချိန်ကို ခမ်းနာတဲ့ နေဝင်ချိန်လို့ ခေါင်းစဉ်တပ်ခဲ့မိပါတယ်။ လူတွေဟာ သေရတာခြင်းတူပေမယ့် သူတို့ရဲ့သေဆုံးရခြင်းဟာ အဓိပ္ပာယ်ရှိပုံခြင်းမတူကြဘူးဆိုတာ ဒီနာရေးက သက်သေတည်တာပါပဲ။

အခုကျနော်ပြောခဲ့တာတွေက ကျ​နော် ကူညီခဲ့ဖူးတဲ့ နာရေးတွေထဲက ကိုယ်မှတ်မှတ်ရရရှိခဲ့ဖူးတဲ့ နာရေးတွေပဲဖြစ်ပါတယ်။ ဒီလိုနဲ့နာရေးတွေကြုံတိုင်း လိုက်ပို့ဖြစ်တိုင်း ဦးဘုန်း(ဓာတု)ရဲ့ ဘွဲ့ဆိုတဲ့ အတွေးရသစာစုလေးကိုလည်း အမြဲသတိရမိပါတယ်။ နာရေးကိုလာကြတဲ့သူတွေဟာ သေသူကိုဘယ်လိုများ ဘွဲ့ပေးကြလေမလဲလို့ပေါ့။ ဘယ်လိုပဲရှင်သန်ခဲ့ကြပါစေ အဆုံးသတ်နေဝင်ချိန်ကိုရောက်ကြတာနဲ့ ကျနော်တို့အားလုံးဟာ ကိုယ်ပြုခဲ့တဲ့အရာတွေနဲ့ လိုက်ဖက်တဲ့ဘွဲ့တခုကိုတော့ ရကြမှာအသေချာပါပဲ…။

တော်လှန်ရေးခရီးကြမ်းမှာ ရဲဘော်တွေကျဆုံးတိုင်း စစ်အာဏာရှင်စနစ်သာ ဒီနိုင်ငံမှာ မရှိခဲ့ရင်ဆိုတဲ့အတွေးနဲ့ လူငယ်တွေရဲ့ လွတ်လပ်စွာ ရယ်မောပျော်ရွှင်မှုတွေနဲ့အတူ ထွန်းလင်းတောက်ပနေမယ့် ဒီနိုင်ငံအနာဂတ်ကို ယူကြုံးမရဖြစ်မိတာပါပဲ။ တိုက်ပွဲမှာ လူငယ်တယောက် တိုင်းပြည်အတွက်ပေးဆပ်သွားတိုင်း သူတို့ကိုယ်တိုင်ကတော့ တမလွန်ကနေ ကျေနပ်ချင် ကျေနပ်နေကြမှာပါ။ ဒီတိုင်းပြည်အနာဂတ်အတွက် ဒီလမ်းကို သူတို့ရွေးခဲ့တယ် သူတို့ပေးဆပ်ခဲ့တယ် သူတို့တာဝန်ကျေခဲ့ကြတယ်။ ကျန်ရစ်နေကြတဲ့ ကျနော်တို့အတွက်ကတော့ လူငယ်တွေပေးဆပ်နေရတာကို မြင်တိုင်း ကြုံတိုင်း စစ်အာဏာရှင်တွေကို ဒီမြေကနေ အပြီးတိုင်မောင်းထုတ်ရမယ်ဆိုတဲ့ခံစားချက်ကို တထစ်ချင်းမောင်းတင်ဖို့လိုပါလိမ့်မယ်။ သူတို့မရှိတော့မှ လူငယ်တွေ လူငယ်ဘဝကိုပိုင်ခွင့်ရမှာပါ။

ဒါကြောင့် ဖြစ်ပျက်နေတဲ့ အနေထားတွေမှာ ကျနော်တို့ကိုယ်တိုင်ဟာတာဝန်ကျေ သမိုင်းလှဖို့ လုပ်ရပ်တွေလည်း မှန်ကန်ဖို့ သိပ်လိုပါတယ်။ နေဝင်ချိန်ကို လူတိုင်းကြုံရမှာမှန်ပေမယ့် ကိုယ့်ရဲ့နေဝင်ချိန်ဟာ ခမ်းနားတဲ့နေဝင်ချိန်ဖြစ်ဖို့ဆို ကိုယ်ရွေးတဲ့လမ်း ကိုယ်လုပ်တဲ့အလုပ်တွေဟာ သိပ်ကို အရေးကြီးလှပါတယ်…။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ရီ​​ဗော်တီ’​ရေးဖွဲ့တဲ့ “ခမ်းနားတဲ့ နေဝင်ချိန်” Essayကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

အေးစက်စက်ရာသီဥတုထဲ တယောက်တည်းလျှောက်သွားမိတိုင်း အမလက်ဖဝါးနွေးနွေးကိုသတိရတယ်။ အမကြိုက်တဲ့ မြက်ရိုင်းပန်းဖြူတွေ၊ အမ မကြိုက်တဲ့စစ်ပွဲတွေ။

ဝတ္ထုတို

■ နွေဦးနေ (၁) အခါတိုင်းဆို ဘွားဆယ်မိက နံနက်ငါးနာရီလောက်ထပြီး ဆွမ်းချက်နေကျ။ ဆွမ်းကျက်ပြီဆိုတာနဲ့ ဘုရားဆွမ်းတော်ကပ်၊ မေတ္တာပို့ဆုတောင်း၊ အမျှဝေလိုက်ရမှာ သူ့တနေ့တာလုံး စိတ်ချမ်းသာတတ်တာ။ ဒီအကျင့်က ကိုယ့်တိုင်းကိုယ့်ပြည်မှာကတည်းက အရိုးစွဲနေတဲ့အဖြစ်ရယ်။ ထိုင်းကိုရောက်တော့လည်း ဝတ်မပျက်အောင် အားထုတ်ခဲ့တယ်။ လှေဟောင်းတွေပြင်ပြီး အသစ်ပြန်ဆောက်တဲ့လှေကျင်း(လှေဒေါက်)က အလုပ်သမားတွေဆို ဘွားဆယ်မိ မေတ္တာပို့သံလေးကို...

ဝတ္ထုတို

ရာမွန် “မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ” ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။ အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို...

ကဗျာ

အခုတလော ဖတ်ဖြစ်တဲ့စာတွေထဲမှာ ကျော်ကြားတဲ့ အစ္စရေးကဗျာဆရာကြီး ရဟူဒါ အမိခီး (Yehuda Amichai (1924-2000)) ရဲ့ ကဗျာတချို့လည်းပါပါတယ်။ အစ္စရေးလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ကဗျာတွေမှာစစ်ရဲ့ အငွေ့အသက်တွေရယ် ဘာသာရေး အငွေ့အသက်တွေရယ် လွှမ်းခြုံနေမယ်ဆိုတာ ခန့်မှန်းလို့ ရမယ် ထင်ပါရဲ့။ဟီးဘရူးဘာသာစကားနဲ့ ရေးခဲ့တဲ့ သူ့ကဗျာတွေဟာ အံ့သြစရာကောင်းအောင်...