ရုရှားမှာ ဓာတ်ခွဲခန်း မတော်တဆမှု တစ်ခုကနေ အဆုတ်ရောင် ပလိပ်ရောဂါနဲ့ သေဆုံးတဲ့ ဖြစ်စဉ်တစ်ခုကို အထူး ဂရုစိုက် စောင့်ကြည့်နေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားရဲ့ ဆိုက်ဘေးရီးယားပြည်နယ် အရှေ့တောင်ပိုင်းက အာရ်ကွတ်စ်ခ် ဒေသမှာ ဓာတ်ခွဲခန်း ဝန်ထမ်းတစ်ဦး ပလိပ်ရောဂါကြောင့် သေဆုံးခဲ့သလို သူနဲ့ ထိတွေ့ ဆက်စပ်မှု ရှိခဲ့တယ်လို့ ယုံကြည်ရသူ ၂၀၀ နီးပါးကိုလည်း သီးသန့်ခွဲခြား စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
ဖြစ်စဉ် နောက်ဆက်တွဲ အသေးစိတ် အချက်အလက်တွေကို မသိရသေးဘဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ရုရှား အစိုးရ အနေနဲ့ အခုကိစ္စအပေါ် ပွင့်လင်းမြင်သာမှုရှိရှိ အသေးစိတ် ထုတ်ပြန်ပေးဖို့ တောင်းဆိုထားပါတယ်။
အမေရိကန်ရဲ့ ရောဂါတားဆီး ထိန်းချုပ်ရေးဌာန (CDC)ကလည်း တခြားသက်ဆိုင်ရာ အေဂျင်စီတွေနဲ့ ပူးပေါင်းပြီး အဲဒီကိစ္စကို စောင့်ကြည့်နေတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။ အရေးကြီးတာက ရုရှား အာဏာပိုင်တွေ အနေနဲ့ သူတို့ သိထားတာတွေကို ထုတ်ပြန်ဖို့ ဖြစ်တယ်လို့လည်း အမေရိကန်ဖက်က ပြောပါတယ်။

Public Service Announcement
အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) အရာရှိဟောင်း ဒန်ဟော့ဖ်မန်းက အမေရိကန် ထောက်လှမ်းရေး ဌာနတွေဟာ ဒီကိစ္စအတွက် ရှိနိုင်သမျှ အရင်းအမြစ် အားလုံးကို အသုံးချပြီး စုံစမ်းနေဖွယ် ရှိတယ်လို့ သုံးသပ်ခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ မော်စကိုမှာရှိတဲ့ အမေရိကန် သံရုံးကလည်း အသေးစိတ် အခြေအနေတွေကို သိနိုင်ဖို့ သံတမန်ရေး လမ်းကြောင်းတွေကနေ လှုပ်ရှားနေဖွယ်ရှိကြောင်း သူက မှတ်ချက်ပေးခဲ့ပါတယ်။
ရုရှားမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေက အန္တရာယ် တစ်ခုခု ကြုံလာနိုင်တာကြောင့် အခြေအနေကို အတိအကျ သိဖို့လိုကြောင်း၊ အမေရိကန် အနေနဲ့ သိရှိလာတဲ့ အချက်အလက်တွေကိုတော့ မဟာမိတ်တွေနဲ့ ဒေသတွင်း မိတ်ဖက်တွေဆီ အသိပေးလိမ့်မယ်ထင်ကြောင်း ဟောဖ့်မန်းက Fox သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
အဆုတ်ရောင် ပလိပ်ရောဂါဟာ သင့်တော်တဲ့ ပိုးသတ်ဆေးတွေပေးပြီး စောစောစီးစီး ကုသမှု ခံယူရင် အသက်အန္တရာယ် ကင်းဝေးနိုင်ပေမယ့် ထိရောက်တဲ့ ကုသမှု မရှိရင် အသက်ဆုံးရှုံးနိုင်ခြေ မြင့်မြင့်မားမား ရှိနေပါတယ်။ ကူးစက်ခံရပြီး ၁ ရက်ကနေ ၄ ရက်အတွင်းမှာတင် ရုတ်တရက် အဖျားတက်တာ၊ ချမ်းပြီးတုန်တာ၊ ချောင်းဆိုးတာ၊ ရင်ဘတ်အောင့်ပြီး အသက်ရှူကျပ်တာမျိုး လက္ခဏာတွေ ပြသလာတတ်ပါတယ်။ ရောဂါရှိသူ နှာချေ၊ ချောင်းဆိုးရာက ထွက်လာတဲ့ အမှုန်အမွှားတွေက ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယား ပိုးမွှားတွေကို သယ်ဆောင်လာပြီး တခြားသူတွေကို ကူးစက်စေနိုင်ပါတယ်။
သတင်းတွေအရ အာရ်ကွတ်စ်ခ်မှာရှိတဲ့ ပလိပ်တိုက်ဖျက်ရေး သုတေသန ဌာနမှာ အသက် ၂၈ နှစ်အရွယ် ဓာတ်ခွဲပညာရှင် အမျိုးသမီး ဒါရာ ရှီပီလိုဗာဟာ စက်တင်ဘာ ၂၅ ရက်နေ့တုန်းက ပလိပ်ရောဂါပိုးပါတဲ့ ဖန်ပြွန်ချောင်း မတော်တဆ ကွဲသွားတဲ့ ဖြစ်ရပ်ကနေ ကူးစက်မှု ခံခဲ့ရတာလို့ သိရပါတယ်။ သူဟာ ရောဂါလက္ခဏာတွေ ပြသလာတဲ့နောက် အသက်ရှူစက် (ventilator)ပေါ်မှာ ထားရှိ ကုသပေးနေရာကနေ အောက်တိုဘာ ၂ ရက်နေ့မှာ ကွယ်လွန်သွားပါတယ်။ သူနဲ့ ထိတွေ့ခဲ့တဲ့ မိသားစုဝင်တွေ၊ ဆေးရုံဝန်ထမ်းတွေနဲ့ ဓာတ်ခွဲခန်း လုပ်ဖော်ကိုင်ဖက်တွေ စုစုပေါင်း ၁၉၇ ဦးကိုလည်း သီးသန့်ခွဲပြီး စောင့်ကြည့်နေပါတယ်။
ရှီပီလိုဗာ နောက်ဆုံးတက်ရောက်ခဲ့တဲ့ ဆေးရုံကိုလည်း အသွားအလာ ကန့်သတ်ပြီး quarantine zoneအဖြစ် သတ်မှတ်ထားပါတယ်။ အနီးတဝိုက်မှာရှိတဲ့ စက်ရုံတွေနဲ့ ကျောင်းတွေမှာလည်း နှာခေါင်းစည်းတွေ စနစ်တကျ ဝတ်ဆင်ဖို့ အမိန့်ထုတ်ထားပါတယ်။
ရုရှား ကျန်းမာရေးနဲ့ စားသုံးသူ ကာကွယ်ရေး အဖွဲ့ကတော့ ဒေသတွင်း အခြေအနေတွေက တည်တည်ငြိမ်ငြိမ် ရှိနေကြောင်း၊ စောင့်ကြည့်ခံထားရသူတွေထဲမှာလည်း ရောဂါလက္ခဏာ ပြသလာသူတွေကို မတွေ့ရကြောင်း၊ အားလုံးကို ပထမဆုံးအကြိမ် ဆေးစစ်မှု ရလဒ်တွေကလည်း ပိုးမရှိတဲ့အဖြေ ထွက်ပေါ်ခဲ့ကြော်ငး ထုတ်ပြန်ထားပါတယ်။
ကိုးကား: Fox



















































