ဟိုသီ ပြောက်ကျားတပ်ဖွဲ့တွေအပေါ် အကြီးစား ထိုးစစ်ကြီးတစ်ခု စတင်ဆင်နွှဲ တိုက်ခိုက်နေပြီလို့ ယီမင်ရဲ့ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရက ကြေညာခဲ့ပါတယ်။
အီရန်က ကျောထောက်နောက်ခံ ပြုထားပြီး နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အနောက်ဖက်ခြမ်းက နယ်မြေ အများအပြားကို ထိန်းချုပ်ထားရာ လက်နက်ကိုင် ပြောက်ကျားတွေကို အပြင်းအထန် ထိုးနှက်ဖို့ အခုစစ်ဆင်ရေးကို ဆင်နွှဲခဲ့တာလို့လည်း ယီမင် အစိုးရက ပြောပါတယ်။ ယီမင် အစိုးရကိုတော့ ဆော်ဒီအာရေးဘီးယား ဦးဆောင်တဲ့ အာရပ်တပ်ပေါင်းစုက ကျောထောက်နောက်ခံ ပေးထားပါတယ်။
မကြာသေးခင်က ဟိုသီတွေဟာ ယီမင်အနောက်တောင်ပိုင်းက မဟာဗျူဟာအရ အချက်အခြာကျတဲ့ တိုင်ယက်ဇ်မြို့ရဲ့ ဆင်ခြေဖုံး ဧရိယာတွေကို စတင် ဝင်ရောက်လာချိန်မှာ ယီမင်အစိုးရ သမ္မတ ဦးဆောင်မှု ကောင်စီ အကြီးအကဲ ရာရှတ် အလီမီက ထိုးစစ်အစီအမံ အသစ်အကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ အလီမီဟာ ဆော်ဒီကို ရောက်ရှိနေချိန် အတောအတွင်းမှာ အခု ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
ယီမင်အစိုးရရဲ့ အဆိုအရ ဒီစစ်ဆင်ရေးဟာ ဟိုသီတွေ သိမ်းယူထားသမျှ နယ်မြေအားလုံးကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ဖြစ်တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ လမှာတော့ ဟိုသီတွေဟာ ဒေသတွင်း ရေနံသယ်ယူပို့ဆောင်ရေးမှာ အရမ်းအရေးကြီးတဲ့ ပင်လယ်နီနဲ့ ထိစပ်ရာ ယီမင်အနောက်ဖက်ခြမ်း ကမ်းရိုးတန်း အားလုံးကို ထိန်းချုပ် သိမ်းယူနိုင်ခဲ့ပါတယ်။

Public Service Announcement
အဲဒီ အခြေအနေဟာ ဆော်ဒီရဲ့ ရေနံတင် သင်္ဘောတွေကို အကြီးအကျယ် ခြိမ်းခြောက်လာခဲ့ပြီး ဆော်ဒီအစိုးရဟာ ဟိုသီတွေအပေါ် အပြင်းအထန် ထိုးစစ်ဆင်ဖို့ ယီမင်အစိုးရအပေါ် အကူအညီ ပေးလာခဲ့ပါတယ်။ အခုထိုးစစ်မှာတော့ မြေပြင်စစ်ဆင်ရေးတွေကို ယီမင် အစိုးရ သစ္စတော်ခံ တပ်တွေက တာဝန်ယူပြီး ဆော်ဒီက လေကြောင်းတိုက်ခိုက်မှုတွေ အလုံးအရင်းနဲ့ ပံ့ပိုးဖွယ် ရှိနေပါတယ်။
၂၀၁၄ ခုနှစ်မှာ စတင်ခဲ့ပြီး ၄ နှစ်လောက် အပစ်ရပ်ထားဖူးတဲ့ ယီမင် ပြည်တွင်းစစ်ဟာ ဆော်ဒီနဲ့ ဟိုသီတွေကြားက တင်းမာမှုတွေကြောင့် အခုအခါ အရှိန်အဟုန် ကောင်းကောင်းနဲ့ ပြန်လည် တောက်လောင်လာခဲ့ပါတယ်။ ဆော်ဒီဟာ ဟိုသီတွေ ထိန်းချုပ်ထားရာ မြို့တော် ဆာနား အပါအဝင် ယီမင်က စစ်ရေးပစ်မှတ်တွေကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်နေသလို ဟိုသီတွေကလည်း ဆော်ဒီတောင်ပိုင်းက ရေနံတွင်းတွေနဲ့ ပင်လယ်နီထဲက ဆော်ဒီ ရေနံတင် သင်္ဘောတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ လက်တုံ့ပြန် ပစ်ခတ်နေပါတယ်။
အမေရိကန်ဟာ ဒီစစ်ရေးပဋိပက္ခမှာ တိုက်ရိုက်ပါဝင် ပတ်သက်ခြင်း မရှိပေမယ့် မဟာမိတ် ဆော်ဒီအတွက် ထောက်လှမ်းရေးနဲ့ တခြား အကူအညီတွေနဲ့ ပံ့ပိုးပေးနေပါတယ်။
ကိုးကား: Reuters



















































