Connect with us

Hi, what are you looking for?

Short Story

“ကြားနေမရှိ”သလို ပြည်မက အမှောင်ညများ လွန်ပါစေ

ပြာသိုလပြည့်ကျော် တရက်နေ့၊ ရှမ်းမြောက်ကိုရောက်နေတဲ့ CDM ကျောင်း ဆရာတဦးဟာ လရောင်အောက်က နှင်းမြူတို့ကို ခေါင်းတိုးပြီး ကျနော်ရှိရာ အခန်းဆီ ခေါင်းငိုက်စိုက်ချလျက် ဦးတည်ကာ လာနေခဲ့၏။

◼️မြရဲလွင် (ဝေးလွင့်ငှက်)

ပြာသိုလပြည့်ကျော် တရက်နေ့၊ ရှမ်းမြောက်ကိုရောက်နေတဲ့ CDM ကျောင်း ဆရာတဦးဟာ လရောင်အောက်က နှင်းမြူတို့ကို ခေါင်းတိုးပြီး ကျနော်ရှိရာ အခန်းဆီ ခေါင်းငိုက်စိုက်ချလျက် ဦးတည်ကာ လာနေခဲ့၏။

ထိုသူ၏ ချောင်းဟန့်သံမှာ ပုံမှန်မဟုတ်၊ အဆုပ်ကို အအေးမိထားသည့်ဟန်ရှိသည်။ သူ၏ချောင်းဆိုးသံကို ကျနော် သတိထားမိနေသည်မှာလည်း ကြာခဲ့ပြီ။

ကျနော်နေသော အခန်းသို့မရောက်မီ သုံးကြိမ်ထက်မနည်း ချောင်းဟန့်လာခဲ့သည်ကို ကြားမိသည်။ အလင်းရောင် မှိန်ပျပျသာရှိနေသော ကျနော့်အခန်းသို့ သူရောက်လာချိန်တွင် သူ့မျက်နှာသည် မကြည်မသာ ဖြစ်နေခဲ့၏။ မာဖလာကို ခေါင်း၌ပတ်ထားသော ထိုဆရာ၏မျက်နှာသည်ကား သာနေသော လနှင့် ဆန့်ကျင်ဘက်အရပ်၌ ရှိနေသလို၊ ပြိုတော့မည့် မိုးလို မည်းမှောင်နေခဲ့သည်ကား သူ၏ စိတ်နှလုံး၌ ယူကျုံးမရ​ဖြစ်စေခဲ့သော ကိစ္စတရပ်ကို ချပြလိုသည့်သဘော ရှိနေသည်ကို ကျနော် နားလည်ခဲ့ပါသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် သူ့ခံစားမှု့အချို့ကို နားထောင်ဖို့အတွက် ကျနော် စကားများစွာ အစပြုနေစရာမလိုခဲ့ပါ။ ဘာဖြစ်လာတာလဲ အကို ဟူသော ကျနော့်၏ အမေးနောက်တွင် စိတ်ဝင်စားစရာကောင်းပြီး ဝမ်းနည်းဖွယ်ကောင်းသော အကြောင်းအရာတချို့ ထွက်ပေါ်လာခဲ့ပါတော့သည်။

xxx xxx xxx

သူ၏မျက်မှာပေါ်ဝယ်အလင်းရောင်တချို့ ဖုံးလွှမ်းထားနေသည်။ ဤအလင်းတို့သည်ကား သူငုံ့ကြည့်နေသော သူ၏ ဖုန်း Screen မှဖြစ်၏။ ကျနော်သည်လည်း သူကိုင်ထားသော ဖုန်း Screen ပေါ်ကို ခေါင်းတိုး၍ အသာငုံ့ကြည့်လိုက်မိသည်။

ဖုန်းခေါ်ဆိုမှုမှတ်တမ်းများ၊ ဖုန်းခေါ်ဆိုမှုများအပေါ် တဘက်မှ ပြန်လည်တုန့်ပြန်ထားခြင်းသည်ကား မရှိ။ ဖုန်းနာရီကို သူ တချက်ကြည့်လိုက်ပြီး “ခုချိန်ဆို ဖုန်းကိုင်ဖို့ မလွယ်တော့လို့များလား”

သူ့ကိုယ်သူ မေးသောအမေးလား၊ ကျနော့်ကို မေးသောအမေးလား မသဲကွဲပါ။ ဒါကြောင့် မည်သည့်အ​ဖြေမှ မပေးမိဘဲ သူ၏မျက်နှာကိုသာ အသာ​ငေးကြည့် နေလိုက်မိသည်။

ကျနော် ဘယ်ကနေ ဘယ်လို စပြီး နားလည်ပေးရမှန်းမသိတဲ့ အဆက်အစပ်မရှိသော စကားအချို့ သူ့နှုတ်မှ စတင်ထွက်ပေါ်လာခဲ့သည်။ “ညီလေးရေ သူ့ကိုတော့ အကိုမှာထားတယ်၊ အင်္ကျီအဖြူ ဝတ်ထားဖို့၊ အလံအဖြူထောင်ဖို့၊ ဘယ်သူ့ကိုမှ မပစ်ဖို့နဲ့ အခွင့်အရေးရရင် ထွက်ပြေးဖို့၊ အကို့ဆီရောက်အောင် ပြေးလာနိုင်ရင် ပြေးလာဖို့။

ဟူး … ကျနော် အနည်းငယ်တော့ စိတ်ရှုပ်ထွေးသွားမိသည်။ သူပြောချင်နေတာကို ကျနော် ဂဃနဏ နားမလည်၊ သူ့အကြောင်းက်ို ကျနော်သိသည်။ ဘာတွေဇာတ်ရှုပ်နေပြန်ပြီလဲဟု ပျစ်ပျစ်နှစ်နှစ် သူ့ကို ကျနော် ပြောလိုက်ချင်သည်။ ကျနော် ရှမ်းမြောက်ကို ရောက်လာခြင်းမှာ သူ၏အကူအညီ များစွာပါဝင်ခဲ့သည်။ ခင်မင်တတ်သော စိတ်ထားကိုလည်း အထင်းသား မြင်ခဲ့ဖူးသည်။

ရှမ်းမြောက်ကို ကျနော်တို့မိသားစု ရောက်လာအောင် ကူညီခဲ့စဉ်က သူနဲ့ကျနော်ဟာ လားလားမှ ခင်မင်ရင်းနှီးခြင်းမရှိခဲ့။ သို့သော် ရှမ်းမြောက်သို့ ကျနော်တို့ မိသားစု ရောက်ခဲ့စဉ်တွင် ညီအကိုအရင်းသဖွယ် မှတ်သားပြီး ပေါင်းသင်းခဲ့ကြသည်။ ကျနော်မနှစ်သက်သော အချက်များစွာ သူ့မှာရှိနေသော်လည်း ချစ်ခင်ဖွယ်ကောင်းသော အကျင့်များစွာကလည်း ရှိနေသေး၏။

သူ ဘယ်သူနှင့်ခင်လာပြီး ဘယ့်နှယ်ကြောင့် စိတ်သောက ရောက်နေသလဲဟု တွေးမိပြီး ဒေါသ အနည်းငယ်ထွက်မိသည်ကား မှန်ပါ၏။ သို့သော် သူပြော​ပြနေသည့်စကားကား မဆုံးသေးချေ။ စကစလက်အောက်က စစ်သွေးကြွနေသော စစ်ခွေးနဲ့များ ခင်ခဲ့လေသလားဟု ကျနော် စိုးရိမ်ပူပန်နေမိသည်။ သို့သော်သူသည်CDM ကျောင်းဆရာစစ်စစ်ဖြစ်သည်။ ကျနော် အတွေးမှားခဲ့သည်ကို သူ၏စကားတို့က တဖြည်းဖြည်း ပုံဖော်နေခဲ့လေပြီ။ ည၏ အအေးသည်လည်း ပို၍သည်းလာခဲ့သည်။ ကျနော်တို့နှစ်ဦး၏ အသံများသည်လည်း ပတ်ဝန်းကျင်တိတ်ဆိတ်မှုအပေါ် အခြေပြု၍ တိုးလျလာခဲ့သည်။

xxx xxx xxx

ညီလေးရေ … အဲဒီကောင်လေးက အကိုတို့ မြို့ကပဲ၊ အရမ်းသဘောကောင်းတယ်၊ ဆံပင် ကျွတ်ရုံမှာ အလုပ်လုပ်တယ်၊ အဲဒီကောင်လေးက လူချစ်လူခင်လည်း အတော်ပေါတယ်၊ အကိုနဲ့ သိနေခဲ့တာလည်း အတော်လေး ကြာနေပါပြီ၊ တကယ့်ကို စိတ်မကောင်း ပါဘူးကွာ။ သူ့အိမ်နဲ့ ဖုန်းဆက်တိုင်း အမြဲ ငိုနေတယ်လို့ ကြားတယ်။

ဟုတ် … သူက အခု ဘယ်မှာလဲ။

ရှမ်းတောင်မှာ ရောက်နေတယ်ပြောတယ်။ အကို့ဆီကို ရောက်အောင်လာခဲ့ဖို့ လှမ်းပြောတော့ ကျနော် ဘယ်ကိုမှ မသွားတတ်ဘူးတဲ့။ နောက်ပြီး သူ အရမ်း ကြောက်နေပုံရတယ်။ အသံကလည်း မကောင်းဘူး၊ ဝမ်းနည်းနေပုံပဲ။ သူ့ဘေးက စစ်သားတချို့နဲ့ စကားပြောကြည့်တော့လည်း သူနဲ့ စိတ်သဘောထား တူညီပုံမရဘူးလို့ ကြားတယ်။

ဒါဆို အခု သူဘယ်လိုလုပ်မလဲ၊ သူက ဘယ်မှ မရောက်ဖူးဘူး၊ မသွားတတ်မလာတတ်နဲ့ ဘယ်လိုလုပ်ကြမလဲ။ ပြောလို့သာပြောရသည်၊ ကျနော်ကိုယ်တိုင် လည်း ဒီအသက်အရွယ်ထိ ပြင်ဦးလွင်တောင် ရောက်ဖူးသူမဟုတ်။ ယခု နိုင်ငံရေးကာလမှသာ ရှမ်းမြောက်ကို အဆက်အသွယ်ကောင်းလို့ ရောက်လာခဲ့ဖူးခြင်း ဖြစ်သည်။ ကောင်လေးနေရာ ကိုယ်ချင်းစာမိပါသည်။

ကျနော်သည်သာဆိုလျှင်လည်း ဘယ်လိုများထွက်ပြေးရမလဲဟု တွေးနေမိမည်။ ကြောက်စိတ်များလည်း ဝင်ကောင်းဝင်လာနိုင်မည်။ မနှစ်မြို့သောတာဝန်ကို ကြီးလေးစွာ ထမ်းဆောင်နေရသလို ဖြစ်နေသည့်အတွက် စိတ်များ တက်ကြွမည်မဟုတ်ဘဲ ညှိုးငယ်နွမ်းလျနေမည်မှာ ပြေးကြည့်နေစရာမလိုပါ။ တာဝန်ဟုသာ သုံးနှုန်းခဲ့ရသော်လည်း တာဝန်လည်းမဟုတ်ပါ၊ အဓမ္မဖိနှိပ်ခိုင်းစေမှု၊ စစ်ကျွန်ပြုမှု တရပ်သာဖြစ်သည်။

သူ ဘယ်မှရောက်ဖူးတာ မဟုတ်ဘူး ညီ။ အကိုတို့ မြို့လေးထဲမှာပဲ အလုပ်လုပ်ရင်း ကျင်လည်နေတာ။ နောက်ပြီး သူ့အသက်က ၁၈ လောက်ပဲ ရှိဦးမယ်။ သူ့အတွက်နဲ့ သူ့အိမ်ကလည်း အတော်ကလေး ငွေကုန်​နေပြီပြောတယ်။ နောက်ပြီး သူတို့က အခြေခံလူတန်းစားတွေ၊ တနေ့လုပ်မှ တနေ့စားရတဲ့ ဘဝတွေ။ ညီလေးရာ … ရွာဘက်မှာရှိတဲ့ ဆံပင် ကျွတ်ရုံမှာ အလုပ်လုပ်​နေတဲ့ ဘဝတွေအကြောင်း မင်းသိမှာပါ။ “ဟုတ်” ဟုသာ ကျနော် ပြောလိုက်နိုင်သည်။

xxx xxx xxx

ပြန်လွတ်လာနိုး ပြန်လွတ်လာနိုးနဲ့ ငွေပေးရတာလည်း များပြီ။ မလွတ်လာတဲ့အဆုံး ရှေ့တန်းမထွက်ရဖို့အရေး ငွေပေးရပြန်တယ်။ ဒါလည်း အဆင်မပြေဘူး။အခု သူက ရှမ်းတောင်တောင် ရောက်လာပြီ။ ကရင်နီဘက်ကို ထပ်သွားရမယ်ပြောတယ်။ ရှမ်းတောင်ကို သူလာတုန်းကဆိုရင် သေနတ်ပေးမထားဘူးတဲ့၊ ကျည်ကာဝတ်ပေးထားတယ်၊ ကျည်ပေးထားတယ်၊ ဒီအတိုင်း လိုက်လာရတယ်လို့ပြောတယ်။ သူ ပေါ်တာအဆွဲခံလိုက်ရတုန်းက အကိုသတင်းကြားတော့ သူ့ဆီကို ဆက်သွယ်ကြည့်သေးတယ်၊ မရဘူး။ နောက်မှ အဆက်အသွယ်ပြန်ရတော့ ရှမ်းတောင်ရောက်နေပြီ။ စစ်သင်တန်းတက်နေရတုန်းက ဖုန်းတွေအသိမ်းခံထားရတာတဲ့၊ နောက် သူတို့ဖုန်းတွေ ပြန်ရတော့ ဖုန်းထဲမှာ ဘာမှမရှိတော့ဘူးတဲ့။ Reset ချခံလိုက်ရတယ် ထင်တယ်။ ဒီညဆက်သွယ်တော့ မရတော့ဘူးညီ မင်းမြင်တဲ့အတိုင်းပဲ။

အမြဲတမ်းခေါ်နေတော့သူအဆင်ပြေပါ့မလားဗျာ။ သူ့ဘေးမှာ ဘယ်လိုလူတွေ ရှိနေသလဲဆိုတာ အကိုလည်း သိရတာမဟုတ်ဘူး၊ သတိထားပြီး ဆက်သွယ်ဦးဗျာ။ဒါနဲ့သူက ဘယ်လိုဖြစ်ပြီး ပါသွားရတာလဲ။

ဆံပင်ကျွတ်ရုံကနေ ညနေပြန်လာတဲ့အခိုက် ဖမ်းခေါ်သွားကြတာတဲ့။ အကို သတင်းကြားကြားခြင်း ဆက်သွယ်ကြည့်တော့ ဆက်သွယ်လို့မရဘူး။ အင်း … နောက်ပြီး သူပြောရှာသေးတယ်။ တိုက်ပွဲထဲရောက်သွားရင်တောင် ဘယ်သူ့ကိုမှ မပစ်ဘူးတဲ့။ သူသေရင်သေပါစေတဲ့ တော်လှန်ရေးဘက်ကသူတွေကို မထိအောင်ပစ်မယ်တဲ့၊ အခုလောလောဆယ်တော့ သူ့ကို သေနတ်ပေးမကိုင်သေးဘူး၊ ကျည်ကာနဲ့ ကျည်တော့ ပေးထားတယ်တဲ့။

အကို ဒီဘက်ကိုခေါ်တာတော့ ဟုတ်ပါပြီ၊ သူမှ ဘယ်လိုလာရမလဲမသိတာ ဘယ်လိုလုပ်မတုန်း။ အကိုလည်း သူ့ကို ပြောပြထားသင့်သလောက် ပြောပြထားပြီးပြီ၊ သူ့အတွက် အကို အရမ်းစိတ်ပူတယ် ညီလေးရယ်။

အဲဒီညက CDM အကို၏ မျက််နှာသည်ကားလုံးဝ သာယာခြင်းမရှိခဲ့။ ကျနော်နှင့် စကားပြောပြီးသည့်နောက်တွင်ကို သူ ဖုန်းထပ်ခေါ်ကြည့်နေသေး၏။ တဘက်မှ ဖုန်းကိုင် ဖြေကြားခြင်းမရှိ၊ ကျနော် အကို့အား ထပ်မခေါ်ဖို့ ဟန့်တားလိုက်ရသည်။ တောက်လျှောက်ကြီး မဆက်နဲ့အကို၊ သူ့အတွက် အန္တရာယ်ရှိဦးမယ်။

ထိုညက ကျနော့်အခန်းတွင်ဧည့်သည်တချို့လည်း ရှိနေသည့်အတွက် ကျနော်တို့ မိသားစုသုံးဦးအိပ်သော ခုတင်တဘက်တွင် ဝင်ရောက်အိပ်ရှာသည်။

ကျနော်သည်ကား အကိုပြောပြခဲ့သော တပိုင်းတစဖြစ်နေသည့် အကြောင်းအရာများကိုတွေးရင်း … အော် … အမှောင်ထုအောက်မှာ အတိဒုက္ခ ရောက်နေကြရသော ကျနော်တို့လို ပြည်သူများစွာအကြောင်း တွေးမိရင်း၊ ခေတ်ကောင်းလာတဲ့အချိန် ဒီပြည်ထောင်တွင် နေထိုင်ကြတဲ့ မိသားစုဝင်တွေ စုံစုံညီညီ မရှိနိုင်တော့မည့် ပုံရိပ်တွေ၊ အသက်ကို အလကား ထိုးကျွေးခံလိုက်ရသည့် ကလေးလေးတွေ အာဏာရှင်ဟာ လူထုတ်စက်ရုံ တည်ထားသည့်အလား အသက်တွေကိုမငဲ့ကွက်၊ မိသားစုဝင်တွေ၏ သောကကို နားမလည် သူ့တွင်သာကိုယ်ပိုင်မိသားစုရှိသည်ဟုခံယူထားပုံရသည်။

မြန်မာပြည်မှာ လူထုတ်စက်ရုံ ထောင်ထားသည့်သဖွယ် အာဏာရှင်ဟာ ထင်ရာစိုင်းနေပုံ။ ကျနော်တို့တိုင်းထဲက မြို့လေးတမြို့မှာလည်း ပန်းရံသွားလုပ်တဲ့ပန်းရန်ဆရာလေးသုံးဦး အဖမ်းခံလိုက်ရတဲ့သတင်းတွေ၊ မင်းဆိုးမင်းညစ်အောက်မှာ ပြည်သူတွေသည်သာ သောကဗရပွနှင့် ခါးကော့အောင် ခံနေကြရရှာသည်။ အာဏာရှင်အတွက် ပြည်သူဆိုတာ မရှိသလို လိုအပ်လာရင် အဏာအတွက် အားလုံးရဲ့အသက်ကို စတေးဖို့ အဆင်သင့်။

“အရေးတော်ပုံအောင်ပါစေ” ။ ။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’မြရဲလွင်(ဝေးလွင့်ငှက်)’ ​ရေးသားတဲ့ “ကြားနေမရှိ”သလို ပြည်မက အမှောင်ညများလွန်ပါစေ”ဝတ္ထုတို ကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

အေးစက်စက်ရာသီဥတုထဲ တယောက်တည်းလျှောက်သွားမိတိုင်း အမလက်ဖဝါးနွေးနွေးကိုသတိရတယ်။ အမကြိုက်တဲ့ မြက်ရိုင်းပန်းဖြူတွေ၊ အမ မကြိုက်တဲ့စစ်ပွဲတွေ။

ဝတ္ထုတို

■ နွေဦးနေ (၁) အခါတိုင်းဆို ဘွားဆယ်မိက နံနက်ငါးနာရီလောက်ထပြီး ဆွမ်းချက်နေကျ။ ဆွမ်းကျက်ပြီဆိုတာနဲ့ ဘုရားဆွမ်းတော်ကပ်၊ မေတ္တာပို့ဆုတောင်း၊ အမျှဝေလိုက်ရမှာ သူ့တနေ့တာလုံး စိတ်ချမ်းသာတတ်တာ။ ဒီအကျင့်က ကိုယ့်တိုင်းကိုယ့်ပြည်မှာကတည်းက အရိုးစွဲနေတဲ့အဖြစ်ရယ်။ ထိုင်းကိုရောက်တော့လည်း ဝတ်မပျက်အောင် အားထုတ်ခဲ့တယ်။ လှေဟောင်းတွေပြင်ပြီး အသစ်ပြန်ဆောက်တဲ့လှေကျင်း(လှေဒေါက်)က အလုပ်သမားတွေဆို ဘွားဆယ်မိ မေတ္တာပို့သံလေးကို...

ဝတ္ထုတို

ရာမွန် “မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ” ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။ အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို...

ကဗျာ

အခုတလော ဖတ်ဖြစ်တဲ့စာတွေထဲမှာ ကျော်ကြားတဲ့ အစ္စရေးကဗျာဆရာကြီး ရဟူဒါ အမိခီး (Yehuda Amichai (1924-2000)) ရဲ့ ကဗျာတချို့လည်းပါပါတယ်။ အစ္စရေးလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ကဗျာတွေမှာစစ်ရဲ့ အငွေ့အသက်တွေရယ် ဘာသာရေး အငွေ့အသက်တွေရယ် လွှမ်းခြုံနေမယ်ဆိုတာ ခန့်မှန်းလို့ ရမယ် ထင်ပါရဲ့။ဟီးဘရူးဘာသာစကားနဲ့ ရေးခဲ့တဲ့ သူ့ကဗျာတွေဟာ အံ့သြစရာကောင်းအောင်...