Connect with us

Hi, what are you looking for?

Short Story

“အမယ်အိုကြီးရဲ့ ခံတက်ချဥ်”

ခေါင်းခုပုဆိုးခွေကို ဖြည်ရင်း မောကြီးပန်းကြီးနဲ့ ချွေးသုတ်​နေတဲ့ အမယ်အိုကြီးရဲ့လက်ဟာ ဇရာရဲ့သဘောကို ဆောင်နေတယ်။ အကြောပြိုင်းပြိုင်း မြင်နေရတယ်။ နောက်ပြီး မဲသလဲနေတယ်။ ချွေးဝနေတဲ့ ညစ်ထေးထေး ဖျင်နီကြမ်းအင်္ကျီဟာ ချုပ်ရာကြောင်းတချို့ ရှိရဲ့။

◼️ရွယ်မိုး

ခေါင်းခုပုဆိုးခွေကို ဖြည်ရင်း မောကြီးပန်းကြီးနဲ့ ချွေးသုတ်​နေတဲ့ အမယ်အိုကြီးရဲ့လက်ဟာ ဇရာရဲ့သဘောကို ဆောင်နေတယ်။ အကြောပြိုင်းပြိုင်း မြင်နေရတယ်။ နောက်ပြီး မဲသလဲနေတယ်။ ချွေးဝနေတဲ့ ညစ်ထေးထေး ဖျင်နီကြမ်းအင်္ကျီဟာ ချုပ်ရာကြောင်းတချို့ ရှိရဲ့။

အောက်ချထားတဲ့ စျေးဗန်းကြီးထဲမှာက တိုလီထွာထီ စုံလှသားကလား။ ကန်စွန်း၊ မုန်လာ၊ ပဲသီး၊ သရက်ချဥ်၊ ကိုက်လန်၊ ဘူးသီး၊ ခဝဲညွန့်၊ ငရုတ်သီးစိမ်းကလေးတွေ၊ ချင်းတက်ကလေးတွေ စသဖြင့် တွေ့ရပါတယ်။ မြေအိုးငယ်လေးတလုံးလည်း တွေ့ရတယ်။

“ရေတပေါက်လောက် တော့ …”

Public Service Announcement

Public Service Announcement

ကျနော်က ရေအပြင် ရိုင်ရယ်ဒီအချိုရည်ဘူးလေး ပေးတဲ့အခါ …

” ငါ့မြေးလေး ဘုန်းကြီးပါစေ သက်ရှည်ပါစေ …” တဲ့။

“အရီးလေး မြေအိုးထဲက ခံတက်ချဥ်မို့လား”

“ဟုတ်တယ် မြေး အမေကြီး ကိုယ်တိုင်လုပ်ထားတာ”

နွေပေါက်လာတော့ ရာသီစာ ခံတက်ချဥ်သုပ် စားချင်တဲ့ အာသီသရှိတာမို့ တထောင်ကျပ်ဖိုး ဝယ်လိုက်တယ်။ အရီး ဘယ်က လာရောင်းတာလဲဆိုတော့ ဟိုးဘက်ရွာကပါတဲ့။ ရွာနာမည်တော့ မဖော်ပြတော့ပါဘူး။

ကျနော်တို့အညာရဲ့ စားဖွယ်တမျိုး၊ ခံတွင်းမြိန်စေ၊ ဝမ်းမီးကောင်းစေတဲ့အပြင် တပင်လုံးကလည်း ပစ်စရာ အလေအလွင့် ဘာမျှမရှိ၊ ဆေးဖက်ဝင်တယ်လို့ ဆိုတယ်။ လေထိုးလေအောင့် ပျောက်တယ်၊ ချွဲသလိပ် ကြေစေတယ်၊ ဆီးကျောက်တည် ဆီးအောင့် အကုန်ပျောက်ဆိုပဲ ထားပါ၊ ပျောက်တာမပျောက်တာထက် စားလို့ကောင်းတာကို ပြောချင်တာ။

သူ့အရသာက ခါးတယ် ဖန်တယ် ဒါကိုမှ မြေအိုးတွေထဲ အချဥ်သိပ်ထားပြီး စားကြတာ။ နွေပေါက်လာပြီ၊ လေရူးကလေးတွေ ဟိုမှသည် ရောက်တတ်ရာရာ ဆော့မြူကြပြီ၊ ရွက်ကြွေတွေ မမြဲခြင်းသဘောကို ဆောင်ကြပြီ၊ ရွက်နုတွေ ပုရစ်ဖူးတွေ အစီအရီ ကြွကြွရွရွ လှစ်ပြူကြပြီ ဆိုတဲ့အချိန်အခါ ရောက် လေတိုင်း အမေရေ ခံတက်ချဥ်ကလေး ဝယ်ခဲ့ပါ၊ ကြက်သွန်နီများများ မြေပဲထောင်းကလေး မှုန်နေအာင်ဖြူး ပုဇွန်ခြောက်နိုင်းချင်းနဲ့ ဆီစိမ်းကလေး ရွှဲရွှဲဆမ်းပြီး ထမင်းစားချင်လို့ဆိုကာ မှာရပြုရတာပဲ။

ထမင်းစားပြီးရင်လည်း မယ်ဇယ်ပင်တွေအောက်၊ မန်ကျည်းပင်ရိပ်အောက် သင်ဖြူးခင်း တခေါခေါအိပ်သူက အိပ်၊ ရေနွေးပူပူကို မှုတ်သောက်ကြလို့ ရွှဲစိုနေတဲ့ ချွေးတွေ တိတ်၊ လေရဲ့အထိအတွေ့မှာ အေးကနဲဖြစ်ရပုံ၊ မယ်ကျော့ရေ အရီးကိုခေါ်စမ်းပါဦး၊ ဖိုးလှတို့ပါလား လာကြလာကြ၊ မင်းနွားတွေ ချောလိုက်လှလိုက်တာ၊ မောင်စံမတူရေ လှည်းဖြုတ်ပေးလိုက်ပါဦး။

ဒါတွေဟာ ကျနော်ရောက်နေတဲ့ အညာရဲ့ သရုပ်အဖုံဖုံပါ။

“ဘူးသီးရော တခြမ်းကျန်တယ် မြေး ယူဦးမလား”

“ခြံထွက်လား အရီး”

“တချို့ကုန်စိမ်းလေးတွေတော့ သွားယူရတာပေါ့ မြေးရယ်”

“သြော် အရီး တရက်ကို ဘယ်လောက်မြတ်လဲ”

“လေးငါးထောင်ပေါ့ မြေးရဲ့”

“သားသမီးတွေကရော အရီး”

အမယ်အိုကြီးရဲ့ အရေးအ​ကြောင်း များမြောင်လှတဲ့ မျက်ဝန်းတွေ မှုန်သီသွားတယ်။

“စံလှကတော့ ခွေးတွေသတ်လို့ သေရှာပြီကော … သမီးကလေးကတော့ ရာသီအလိုက် ကောက်စိုက် မြေပဲနုတ် အလုပ်ကလေးတွေ လုပ်နေတာ … သားမိနှစ်ယောက် နှစ်ဝမ်းနှစ်ခါး ဒီလိုပဲ ရုန်းကန် ရှာစားနေရတာပ”

နွေလေပူက ဝေ့ကနဲ ခတ်အပြီးမှာ ဖုန်လုံး အနည်းငယ် ထသွားတယ်။ ပူလိုက်ပုံများရယ်။

“ဘယ်လောက်ကျသင့်လဲ အရီး”

“ခံတက်ချဥ်က တထောင်၊ ဘူးသီးကတော့ မြေးကို အရီး လက်ဆောင်ပေးတာ”

“ဟာ အဲ့လိုမလုပ်ပါနဲ့ ပိုက်ဆံယူပါ”

အရီးက ဇွတ်ပေးနေတာနဲ့ မလွှဲမရှောင်သာ ဘူးသီးတစိတ် ယူထားလိုက်ရတယ်။ ငွေကန်တော့ချင်ပေမယ့်လည်း လက်ခံမယ့်ပုံမပေါ်တဲ့ မာကျောပြတ် သားမှုက မျက်နှာမှာ ထင်ဟပ်နေတယ်။

“ဒီလိုလုပ်လေ ကျနော် ထောက်ပို့ထီ ဆယ်စောင် လက်ဆောင်ပေးချင်တယ် ထီပေါက်ရင် အရီး လှူလို့တန်းလို့ရတာပေါ့”

ကျနော် အတန်တန်ပြောမှ အရီးက လက်ခံပါတယ်။

စျေးဗန်းကြီးကိုရွက်ရင်း ခပ်လေးလေး ခြေလှမ်းတွေနဲ့ ထွက်ခွာသွားတဲ့ အမယ်အိုရဲ့ စျေးရောင်းသံကို ဝိုးတဝါးသာ ကြားရတော့တဲ့အထိ ရပ်ကြည့်နေမိပါတယ်။

ပြီးတော့ ဝယ်ထားတဲ့ ခံတက်ချဥ်ဖတ်တွေကို ရေဆေးနေမိတယ်။ ကြက်သွန်လှီးပြီး ခံတက်ချဥ်ဇလုံထဲ ထည့်တယ်၊ ဆီစိမ်းဆမ်းတယ်၊ ဆား အနည်းငယ် ထည့်လိုက်တယ်။ ခံတက်ချဥ် သုပ်နေရင်းလည်း အတွေးတွေ များမိရဲ့။

ခံတက်ပင်နဲ့ပတ်သက်ပြီး ပုံပြင်တွေ ဇာတ်လမ်းတွေ ဝတ္ထုတွေလည်း အသောင်းအပြောင်း များမြောင်လှရဲ့။ ကျနော်မှတ်မိတာဆို မူလတန်းမှာ သင်ရတဲ့ ပုဇွန်လုံးနဲ့ ဗျိုင်းပုံပြင်ပေါ့။ ဗျိုင်းက ရေနည်းလာတဲ့ အိုင်ကနေ ငါးပုဇွန်တွေ ရွှေ့ပြောင်းကြပါ လိုက်ပို့ပါ့မယ် ကူညီပါ့မယ်နဲ့ အယုံသွင်း တကောင်ပြီးတကောင် ချီယူပြီး ခံတက်ပင် ခွကြားမှာ စားသောက်ပစ်ရာကနေ နောက်ဆုံး ပုဇွန်လုံးပဲ ကျန်ခဲ့ရော။ ပုဇွန်လုံးက ပညာရှိဆိုတော့ ရိုးရိုးမလိုက် သင့်လည်ကို ညှပ်ပြီးလိုက်မယ်ဆိုတာ ဗျိုင်းက သဘောတူလေရဲ့၊ သည်လိုနဲ့ ဗျိုင်းဟာ ပုဇွန်လုံး ညှပ်တဲ့ဒဏ်ကြောင့် သေပွဲဝင်ရတယ်။

နောက် စာရေးဆရာမ မိုးမိုး (အင်းလျား) ရဲ့ ၁၉၈၀ ခုနှစ်ဝန်းကျင် သကြားစက်ရုံ လုပ်သားတွေအကြောင်း ရေးဖွဲ့ထားတဲ့ “ခံတက်နုလေးတွေ ညှိုးချိန်တန်တော့” ဆိုတဲ့ ဝတ္ထုကလေးလည်း ပြန်ဖတ်ချင်တယ်။

သြော် မေ့လို့ … အခု အမယ်အိုကြီးဆီက ခံတက်ချဥ် ဝယ်တဲ့အကြောင်းလည်း စာလေးဘာလေး ပြန်ရေးကြည့်ရမယ်။ သည်ဝတ္ထုတိုလေး မဂ္ဂဇင်းကိုပို့လို့ ဖော်ပြခံရတဲ့အခါ စာမူခရရင် ကုန်စိမ်းသည် အမယ်အိုကြီးကို ကန်တော့ဦးမှပါလေ။ ။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ရွယ်မိိုး’

​ရေးသားတဲ့ “အမယ်အိုကြီးရဲ့ ခံတက်ချဥ်”

ဝတ္ထုတိုကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ဝတ္ထုတို

ရာမွန် “မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ” ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။ အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို...

ကဗျာ

အခုတလော ဖတ်ဖြစ်တဲ့စာတွေထဲမှာ ကျော်ကြားတဲ့ အစ္စရေးကဗျာဆရာကြီး ရဟူဒါ အမိခီး (Yehuda Amichai (1924-2000)) ရဲ့ ကဗျာတချို့လည်းပါပါတယ်။ အစ္စရေးလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ကဗျာတွေမှာစစ်ရဲ့ အငွေ့အသက်တွေရယ် ဘာသာရေး အငွေ့အသက်တွေရယ် လွှမ်းခြုံနေမယ်ဆိုတာ ခန့်မှန်းလို့ ရမယ် ထင်ပါရဲ့။ဟီးဘရူးဘာသာစကားနဲ့ ရေးခဲ့တဲ့ သူ့ကဗျာတွေဟာ အံ့သြစရာကောင်းအောင်...

ဝတ္ထုတို

ဆရာမကြီးရဲ့အိမ် မီးမလောင်ခင်ညက ဆရာမကြီး အိပ်မက်တခု မက်တယ်။ နွယ်ပင်တွေ ဆရာမကြီးရဲ့ အိမ်ကို တစစ ဝါးမြိုနေတဲ့ မြင်ကွင်းပဲ။ အိမ်တခုလုံးဟာ နွယ်ပင်တွေ ဖုံးလွှမ်းခံရပြီး စိမ်းညို့နေတာပဲတဲ့။

ကဗျာ

Miroslav Holuv A tree enters and say with a bow:I am a tree.A black tear falls from the sky and says:I am a bird.Down...