Connect with us

Hi, what are you looking for?

Short Story

“ကျနော်တို့ သူငယ်ချင်းတွေ”

အာဏာသိမ်းကာလမစခင် ကိုဗစ်ကာလထဲက ကျနော်တို့သူငယ်ချင်းတွေ ကွဲကွဲပြားပြား ဖြစ်ကုန်ကြတယ်။ ခု‌တော့ တချို့ကလည်း အလုပ်ခွင်ထဲမှာ မိန်းမတွေ ဘာတွေရ၊ တချို့ကလည်း မိသားစုကို ပြန်ထောက်ပ္ပံကြရ၊ တချို့ကတော့ ဘယ်တော့ပြန်လာရမယ် မသိတဲ့လမ်းကို လျှောက်ကုန်ကြရဲ့။

◼️မောင်သစ်အောင်

အာဏာသိမ်းကာလမစခင် ကိုဗစ်ကာလထဲက ကျနော်တို့သူငယ်ချင်းတွေ ကွဲကွဲပြားပြား ဖြစ်ကုန်ကြတယ်။ ခု‌တော့ တချို့ကလည်း အလုပ်ခွင်ထဲမှာ မိန်းမတွေ ဘာတွေရ၊ တချို့ကလည်း မိသားစုကို ပြန်ထောက်ပ္ပံကြရ၊ တချို့ကတော့ ဘယ်တော့ပြန်လာရမယ် မသိတဲ့လမ်းကို လျှောက်ကုန်ကြရဲ့။

အရင်က ဂိမ်း အတူတူဆော့ဖူးကြတဲ့ အချိန်တွေ၊ ထန်းရည် တူတူခိုးသောက်ကြတဲ့ အချိန်တွေ ၊ရန်ဖြစ်ခဲ့ကြတဲ့ အချိန်တွေ အကုန်လုံးဟာ အမှတ်ရစရာတွေချည်းပဲ။ သူငယ်ချင်းတွေထဲမှာ ခိုတဲ့ကပ်တဲ့ကောင် တချို့ကိုတော့ ကျနော်တို့ အပေါင်းအသင်း သိပ်မလုပ်ကြဘူး။

အာဏာသိမ်းလို့ ဆန္ဒပြတော့လည်း ကျနော်တို့ အတူတူပဲ။ ဆန္ဒပြပြီးပြန်လာရင် စကားတွေ ပေါက်ကရလေးဆယ် လျှောက်ပြောကြတယ်။ အဲဒီတုန်းက တယောက်က ကျနော်တို့ မြို့နယ်‌ကျောင်းသားသမဂ္ဂရဲ့ ပထမဆုံး အတွင်းရေးမှူး ဖြစ်နေပြီ။

Public Service Announcement

Public Service Announcement

ကျနော်လည်း သူ့ကိုယ်ကူပေးရင်း သမဂ္ဂထဲရောက်၊ နောက် အလုပ်ကြိုးစားလွန်းလို့ အိမ်ပြေးတွေ ဘာတွေတောင် ဖြစ်ကုန်ကြရဲ့။ ဒီကောင်ကတော့ တားရှာပါတယ်၊ ခဏငြိမ်နေလိုက်ဦး၊ နောက်မှ ဆက်လုပ်ကြမယ်တဲ့။

ခက်တာက ကျနော်ကလည်း အငြိမ်မနေတတ်တော့ လျှောက်လုပ်တော့တာပဲ။ အဲဒီလိုနဲ့ ကျနော့်ရဲ့ ကျောင်းထဲက သူငယ်ချင်းတယောက်နဲ့ ဆုံပြီး မြို့ပေါ်မှာ ပြောက်ကျား ဆန္ဒဖော်ထုတ်မှုတွေ လုပ်ကြတော့တယ်။

ကျနော်တို့ သူငယ်ချင်းတွေထဲမှာ လက်ရဲဇက်ရဲကောင် တချို့ပါတယ်။ အရင်‌တုန်းက တော်တော်ရင်းနှီးပါတယ်။ ဒါပေမယ့် လက်ရဲဇက်ရဲ လုပ်ရဲကိုင်ရဲဆိုတဲ့ကောင်တွေက အာဏာသိမ်းတော့ ဘာမှ မလုပ်ရဲမကိုင်ရဲတွေ ဖြစ်ကုန်တယ်။ ဒီကောင်တွေ ထူးထူးခြားခြားလည်း ခံစားရပုံ မပေါ်ပါဘူး။

တကယ်တော့ ကျနော်လည်း ထူးထူးခြားခြား ခံစားရတဲ့ထဲမှာ မပါပါဘူး။ စစ်တပ်က ပစ်တာ၊ဖ မ်းတာ၊ သတ်တာတွေလုပ်တော့မှ ခံစားရပြီး တော်လှန်ရေး စလုပ်တာ‌ပါ။

အရင်ကဆို ကျနော်နဲ့ စာအုပ်တွေဆိုတာ ဝေးလွန်းတယ်။ အောင်ချိမ့်တို့၊ မြသန်းတင့်တို့၊ မောင်ချောနွယ်တို့ဆိုတာ ကြားတောင် မကြားဖူးတဲ့ နာမည်တွေ။ စာရေးဖြစ် ဖတ်ဖြစ်တော့ ကျနော် သူငယ်ချင်းတွေကြားမှာ ထူးဆန်းတဲ့ သတ္တဝါတကောင်လို ဖြစ်နေတယ်။ ကျနော်ကလည်း စာရေးချင် ဖတ်ချင်လို့မဟုတ်ဘူး။

ကျနော် သမဂ္ဂထဲရောက်တော့ ကျနော်တို့မြို့နယ်နဲ့နီးတဲ့ သမဂ္ဂတွေချင်း ချိတ်ဆက်‌ကြပြီး ဘဏ္ဍာငွေ အတူတူရှာကြ၊ အလုပ်အတူတူ ချိတ်ဆက်လုပ်ကြတယ်။ တာဝန်တွေခွဲတဲ့အခါမှာ ကျနော်က ဘာမှမလုပ်တတ်၊ နည်းပညာကလည်း ကျွမ်းကျင်မှု သိပ်မရှိ။ အဲဒီလိုနဲ့ စည်းရုံးရေးတာဝန် ပေးတာကနေ ဘဏ္ဍာငွေရှာဖို့ စာအုပ်ပုံစံ Ebook တွေ ရောင်းရတယ်။

ကျနော်လည်း ရဲဘော်တွေရေးတဲ့ စာတွေဖတ်၊ ကဗျာတွေဖတ်ရင်း ရေးချင်စိတ်ပေါ်လာတာနဲ့ စာတပုဒ်၊ ကဗျာတပုဒ် ကောက်ကာငင်ကာ ရေးဖြစ်တယ်။အဲဒီနောက် ဆက်တိုက်ဆိုသလိုပဲ စာတွေဖတ်လာလိုက်၊ ကဗျာရေးလိုက် အချိန်ကုန်နေခဲ့တော့တာပဲ။

ကျနော် အဲဒီလိုလုပ်တာတွေသိတော့ ဇေယျာဆိုတဲ့ကောင်က “ရှေ့ကလူတွေလည်း အဲဒီလို ရေးရင်းပြုရင်း စာရေးဆရာ ကဗျာဆရာ တချို့ဖြစ်ကုန်ကြတာပဲ” လို့ ဒီကောင်ကတောင် နိမိတ်ဖတ်ပေးလိုက်သေးတယ်။

ခုတော့ အဲဒီကောင်လည်း တော်လှန်ရေးနယ်မြေတခုမှာ ကျရာတာဝန်ထမ်းရင်း လူ့အဖွဲ့အစည်း အကျိုးစီးပွားကို တတ်နိုင်သလောက် ထမ်းရွက်နေလျက်။ ကျနော်တို့သူငယ်ချင်းတွေ အများကြီးထဲမှာမှ ခုထိ တော်လှန်ရေးထဲမှာ သူနဲ့ ကျနော်ပဲရှိတယ်။ ကျန်တဲ့လူတွေကတော့ အိမ်ထောင်ကျသွားတဲ့လူ များပါတယ်။ အလုပ်ခွင်ထဲ ရောက်တဲ့သူက ရောက်ပေါ့။

တော်လှန်ရေးထဲမှာ သူတို့ပါဝင်ဖို့ အားမရှိဘူး။ ဒါပေမယ့် ကျနော်တို့ကိုတော့ အားပေးရှာပါတယ်။ဘို ကစ်ဆိုတဲ့ တကောင်က ကျနော်တို့နဲ့အတူ ဆိုးဖော်ဆိုးဖက်။ ကျနော်က ဒီကောင်ရယ် ဇေယျာရယ်ကို အခင်ဆုံးလို့ ပြောလို့ရပါတယ်။ ကျနော်နဲ့ ဇေယျာ ပထမဆုံး ရှောင်ရတိမ်းရတော့လည်း ဘိုကစ် က အကုန် ကူညီပေးခဲ့တာပါ။

အဲဒီတုန်းက ကျနော် အသက် ၁၆ နှစ် ပြည့်ပြီးခါစ ရှိသေးတာ။ ဆေးလိပ်၊ အရက် နည်းနည်းပါးပါး သောက်တတ်နေပြီ။ လူကြီးတွေကတော့ ခုလိုကျနော်တို့ ဆေးလိပ်တွေ အရက်တွေသောက်တာ ခွင့်မပြုဘူး။

အဲဒီတော့ ဘိုကစ်ကပဲ သူ့ရှိတဲ့ ပိုက်ဆံလေးနဲ့ ဆေးလိပ်အဖြူတွေ၊ အကြမ်းတွေ ဝယ်ထည့်ပေးတော့တာပဲ။ ဒီကောင့်မျက်နှာကလည်း မကောင်း။ မင်းတို့အားမငယ်ကြနဲ့နော် တဲ့ ဒီကောင်ကတောင် ပြန်အားပေးနေသေးတယ်။

အဲဒီတုန်းက ရှောင်ရတာ တော်တော် အဆင်ပြေပါတယ်။ အဲဒီအိမ်က အန်တီကြီးတွေကလည်း ထမင်းချက်ကျွေး၊ ဟင်းကောင်းချက်ကျွေးနဲ့ ကျနော်တို့နှစ်ကောင်ကတော့ ဇိမ်ကြနေတာပဲ။

အိမ်ကလူတွေကတော့‌ တော်တော်စိတ်ပူတာပေါ့။ အဲဒီမှာ တပတ်လောက်ရှောင်ပြီး ကျနော်လည်း ဇေယျာနဲ့ လမ်းခွဲလိုက်တယ်။ ဇေယျာကလည်း တနေရာရောက် ကျနော်ကလည်း တနေရာပေါ့။

ဒါပေမယ့်လည်း မကြာပါဘူး၊ မြို့ထဲပြန်ဝင် အိမ်ပေါ်ပြန်တက်ပြီး လှုပ်ရှားမှုတွေ လုပ်လိုက်သေးတယ်။ နေစရာကလည်း မရှိဘဲကို။ UG စည်းတွေလည်း အဲဒီအချိန်မှာ မလိုက်နာနိုင်သေးဘူး။

အဲဒီလိုလုပ်တာလည်း ဘယ် ကြာရှည်ခံခံ လုပ်နိုင်မလဲ။ လုပ်တဲ့သူကလည်း နှစ်ယောက် သုံးယောက် ရှိတာ။စ ကောက်လည်း မချထားနိုင်။ ရဲလာရင်လည်း ပြောမယ့်သူကမရှိ။ တခါကဆို စာရွက်လိုက်ဝေနေတုန်း ရဲကားတွေနဲ့တိုးတာ ဟိုကမမြင်လို့ တော်သေးတယ်၊ မြင်ရင် အဲဒီထဲက နားကားပြီ။

အဲဒီတော့ ၂၀၂၂ နှစ်ဦးပိုင်းထဲမှာ အိမ်က နောက်တကြိမ်ထွက်ပြီး ပြန်မလာတော့တဲ့လမ်းကို လျှောက်သွားရတော့တယ်။ ကျနော် အဲဒီလိုထွက်သွားတာ တချို့မသိကြဘူး။ တချို့တော့ သိကြပါတယ်။ ခုတော့ လေးနှစ်ကြာပြီလေ၊ တရွာလုံးလည်း သိရောပေါ့။ အရင်က ဆိုးဖော်ဆိုးဖက် သူငယ်ချင်းတွေကို သတိတရရှိသလို ဘယ်တော့ ပြန်လာရမယ်မှန်း မသိတဲ့လမ်းကို ကျနော် ရင်ကော့ပြီး လျှောက်ခဲ့ပြီ။

မကြာပါဘူး နောက်ကနေ ဇေယျာလိုက်လာပြီ။ ကျ‌နော်တို့ ဘာမှ ပူပင်နေစရာ မလိုပါဘူး။ ကျနော်တို့နောက်မှာ ဘိုကစ်က အားပေးလျက် ရှိနေပါသည်။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘သစ်​အောင်’ရေးသားတဲ့ “”ကျနော်တို့ သူငယ်ချင်းတွေ”ဝတ္ထုတိုကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...

ရသစာတမ်းငယ်

အသက် အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။ မတတ်နိုင်တော့… ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား...

ဝတ္ထုတို

လမ်းတံတားတွေပြုပြင် တိုးချဲ့တာက ကောင်းတော့ကောင်းပါရဲ့။ ဒါပေမဲ့ လမ်းဘေးအရိပ်ရပင်တွေ လုံးပါးပါးကုန်ပြီး ခုလိုနွေနေ့လယ်မျိုးဆို မြင်မြင်ရာဝန်းကျင်က ကွန်ကရစ်ပင်လယ်ပြင်ကြီးလို ဖြစ်နေသည်။ အရင်ကဆို ဒီလမ်းမကြီးက မဟော်ဂနီပင်ညိုရိပ်တွေအောက်မှာ လျောင်းစက်နေတဲ့ လမ်းမကြီးပေပဲ။

သတင်း

ခွန်းနီ ဒီနေ့ပြီးရင်ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာညဆိုရင်လည်းလကတစ်ခြမ်းပဲ သာတော့တယ်အဝေးကြီးကနေရာကိုအဝေးကကြည့်နေရတာဘယ်သူပျော်မလဲ။ အမှောင်ထုထဲအရောင်တွေကလည်း ဖျော့နေလိုက်တာစိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူးငါဟာညတိုင်း အိမ်ပြန်လာနေကျအိမ်ရှေ့က သရက်ပင်ကြီးအောက်အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။ အမေ့ရဲ့ဆူငေါက်သံအဖေ့ရဲ့ကြိမ်းဝါးသံနောက်ပြီး တံခါးထဖွင့်ပေးသံအဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေအခုတော့အရိပ်ယောင်ဆောင်ထားတဲ့အတိတ်တွေပဲ ငါပြန်ရတော့တယ်။ Public Service Announcement စောက်စနစ်ကဆိုးဝါးတော့ငါတို့လူငယ်တွေဟာစစ်ကြီးထဲလုံးလားထွေးလားပေါ့။ ပင်ပင်ပန်းပန်းသင်ယူရကျိုးကျိုးနွံနွံဆည်းပူးရခက်ခက်ခဲခဲတည်ဆောက်ရအပူတပြင်းအသားကျရမောကြီးပန်းကြီးရှေ့ဆက်ရမနိူင်မနင်းထမ်းပိုးခဲ့ရစနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရအတူတူချီတက်ရင်းတချို့သူငယ်ချင်းတွေလွယ်လွယ်ကူကူသေပေးလိုက်ရ။ ဒီစစ်ကြီးထဲမယ်ရှင်ကျန်နေတဲ့ကောင်တွေအဖို့နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။ ဆိုလိုရင်းကိုပြန်ဆက်ရရင်အိမ်ပြန်ဖို့ဆိုတဲ့အသိကလူငယ်တွေအားလုံးမှာရှိတယ်။ အတွေးတွေနဲ့ပိလာတဲ့ညဟာမိုးလင်းသွားပေမဲ့အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။ အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာနေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိငါနဲ့အတူရှိနေတယ်...

Facebook