Connect with us

Hi, what are you looking for?

သတင်း

အကျဥ်းထောင်များ၌ ကျန်းမာရေးစောင့်ရှောက်မှုမရ၍ ၁၁လအတွင်း နိုင်ကျဥ်း ၂၀ဦး ကျဆုံး

ယခု ၂၀၂၄အတွင်း ကျဆုံးနိုင်ငံရေးအကျဥ်းသားများအနက် အသက် (၇၄)နှစ်အရွယ် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်လည်း ပါဝင်သည်။

(၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလက ပုသိမ်အကျဥ်းထောင်ရှိ အကျဥ်းသားများအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)
(၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလက ပုသိမ်အကျဥ်းထောင်ရှိ အကျဥ်းသားများအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)

ဇေအောင်/People’s Spring

နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရရှိ၍ ပြီးခဲ့သည့် ၁၁လအတွင်း နိုင်ငံရေးအကျဥ်းသား၂၀ ဦး ကျဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။

၂၀၂၄ ဇန်နဝါရီ ၁ရက်မှ နိုဝင်ဘာ ၃ဝရက်အထိ အကျဉ်းထောင်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ နိုင်ငံရေးအကျဉ်းသား (၁၈)ဦးနှင့် နိုင်ငံရေးအကျဉ်းသူ (၂)ဦး ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ ဒီဇင်ဘာ ၂ ရက်တွင် အသိပေးသည်။

“နဂိုရောဂါအခံနဲ့ ဆုံးတဲ့သူတွေက တစ်ဝက်လောက်ပါပါတယ်။ ကျန်တာက စစ်ကြောရေးကရခဲ့တဲ့ ဒဏ်တွေ၊ ထောင်တွင်းထဲမှာ အစားအသောက်အာဟာရ ပြည့်ဝစွာမရရှိဘဲ ရောဂါဝင်လာသူတွေ၊ သောက်‌သုံးရေမှာ ခဲဓာတ်ပါဝင်မှုများလို့ ကျောက်ကပ်ရောဂါဆိုရွားလာပြီး သေဆုံးခဲ့ရသူတွေပါဝင်ပါတယ်။”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

Public Service Announcement

Public Service Announcement

နိုင်ငံရေးအကျဉ်းသားများအပေါ် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မပေးခြင်းမှာ အကျဉ်းဦးစီးဌာနက တဖက်လှည့်ဖြင့် နိုင်ငံရေးအကျဉ်းသားများ၏ အသက်များကိုသတ်ဖြတ်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က မှတ်ချက်ပြုသည်။

ကျဆုံးနိုင်ကျဥ်းများမှာ အသည်းရောဂါ၊ အဆုတ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ လေထိုးလေအောင့်ရောဂါ၊သွေးတိုးရောဂါ၊ ရင်ကြပ်ရောဂါများဖြင့် ဆေးဝါးကုခွင့်မရခြင်း၊ ဆရာဝန်၏ ပေါ့လျော့ခြင်း၊ အချိန်မီမရောက်ခြင်းများကြောင့် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် စစ်ကြောရေးမှ ရရှိသည့် အတွင်း‌ဒဏ်ရာများလည်း ကောင်းစွာကုသခွင့်မရ၍ ကျဆုံးခဲ့ခြင်းများလည်း ရှိကြောင်း PPNMက ဆိုသည်။

ယခု ၂၀၂၄အတွင်း ကျဆုံးနိုင်ငံရေးအကျဥ်းသားများအနက် အသက် (၇၄)နှစ်အရွယ် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်လည်း ပါဝင်သည်။

၂၀၂၁ အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးခြင်းခံထားရသော ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာရောဂါဖြစ်နေရင်း ထောင်တွင်းအကျဥ်းချခံခဲ့ရသည်။ သို့သော် ထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု ကောင်းစွာမရရှိခဲ့သည့် ဒေါက်တာဇော်မြင့်မောင်သည် ပြီးခဲ့သည့် အောက်တိုဘာ ၇ရက် နံနက် ၃ နာရီခန့်တွင် ကွယ်လွန်သွားခဲ့သည်။

ဇန်နဝါရီက ကျိုက်မရောအကျဉ်းထောင်၌ ပုဒ်မ၅၄၊ ပုဒ်မ၅၂(က)တို့ဖြင့် ထောင်တသက်ချမှတ်ခံထားရသည့် (၄၃)နှစ်အရွယ် ကိုရာရှင်(ခ)ဟာရှင်၊ ပုဒ်မ၅၂(က)ဖြင့် ထောင်ဒဏ် ၇နှစ် ချမှတ်ခံထားရသည့် (၃၁)နှစ်အရွယ် ကိုပြည့်ဖြိုးအောင်၊ မကွေးထောင်၌ ပုဒ်မ ၅၀(ည)ဖြင့် ထောင်ဒဏ်၁၅နှစ် အမိန့်ချခံထားရသည့် (၂၂)နှစ်အရွယ် မစုမေအောင်၊ ကလေးအကျဉ်းထောင်မှ ပုဒ်မ ၅၀၅(က)၊၅၂(က)၊၅၀(ည)တို့ဖြင့် ထောင်ဒဏ်၁၄နှစ် ချမှတ်ခံထားရသည့် (၄၅)နှစ်အရွယ် ကိုကြည်ရအောင်တို့ ကျဆုံးခဲ့သည်။

ဖေဖော်ဝါရီတွင်လည်း မန္တလေးအိုးဘိုအကျဉ်းထောင်မှ ပုဒ်မ ၅၀၅(က)၊၅၀၅(က)နှစ်မှုဖြင့် ထောင်ဒဏ် ၆နှစ်အမိန့်ချခံထားရသည့် (၃၅)နှစ်အရွယ် မယဥ်မိုး၊ ဒိုက်ဦးအကျဉ်းထောင်မှ ပုဒ်မ ၅၀၅၊၁၂၄ဖြင့် ထောင်ဒဏ် ၈နှစ်ကျခံနေရသူ (၆၈)နှစ်အရွယ် ဦးအေးဝင်းတို့ ကျဆုံးခဲ့သည်။

မတ်လတွင် ဒိုက်ဦးအကျဉ်းထောင်မှ ပုဒ်မ၅၂(က)၊၅၀(ည)ဖြင့် ထောင်၁၄နှစ် ချမှတ်ခံရသည့် (၆၄)နှစ်အရွယ် ဦးခင်စိုး၊ မေလတွင် ဒိုက်ဦးအကျဉ်းထောင်မှပင် ၅၀ (ည) ဖြင့် အကျဉ်းကျနေသည့် (၃၂)နှစ်အရွယ် ကိုလင်းလင်းထွန်း(ခ) လယ်ဝေးတို့ ကျဆုံးခဲ့သည်။

ဇူလိုင်တွင် သရက်ထောင်မှ ပုဒ်မ၅၂(က)/ ၅၁(ဂ) ဖြင့် မတရားဖမ်းဆီးခံထားရသည့် (၃၉)နှစ်အရွယ် ကိုညီညီ၊ အင်းစိန်ထောင်၌ ပုဒ်မ ၅၀၅(က)/၅၂(က) တို့ဖြင့် အကျဉ်းချခံထားရသည့် (၄၅)နှစ်အရွယ် ကိုနေလင်းထိုက် တို့ ကျဆုံးခဲ့သည်။

ဩဂုတ်တွင်လည်း ပြည်အကျဉ်းထောင်၌ ရဲစည်းကမ်းဖြင့် အဖမ်းခံထားရသည့် CDMရဲဝန်ထမ်း ကိုမျိုးသူ၊ အောက်တိုဘာ ၁ ရက်တွင် သထုံအကျဉ်းထောင်၌ (၅၇)နှစ်အရွယ် ဦးသန့်ဇင်တို့ ကျဆုံးခဲ့ကြောင်း PPNM က အသိပေးသည်။

အောက်တိုဘာတွင် ထားဝယ်အကျဉ်းထောင်၌ ပုဒ်မ ၅၀(ည) နှင့်ပုဒ်မ ၅၂တို့ဖြင့် မတရားဖမ်းဆီးခံထားရသည့် အသက် (၆၂)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဦးရဲအောင်(ခေါ်) ကိုချင်း၊ သာယာဝတီထောင်မှ ပုဒ်မ၅၀(ဂ)၊၅၀(ည)တို့ဖြင့် ဖမ်းဆီးခံထားရသည့် အသက် ၄၁ နှစ်အရွယ် ကိုဌေးအောင်ကျော်တို့ ကျဆုံးခဲ့ကြောင်း PPNMက ထုတ်ပြန်ထားသည်။

ကျန်ရှိနေသော သေဆုံးနိုင်ကျဥ်းများ၏ အချက်အလက်များကိုမူ PPNMက လက်တလောထုတ်ပြန်ခြင်း မရှိသေးပေ။

မြန်မာပြည်အကျဉ်းထောင်များသည် ရှေ့တန်းစစ်မြေပြင်သဖွယ်ဖြစ်နေပြီး ခေါင်းစဉ်အမျိုးမျိုးဖြင့် နိုင်ကျဥ်းများအား သတ်ဖြတ်ခံနေရကြောင်း၊ ဆေးဝါးလုံလောက်မှုနှင့် ဆရာဝန်လုံလောက်မှုမရှိသည့် ထောင်ဆေးရုံများသည်လည်း နိုင်ငံရေးအကျဉ်းသားများ မသေဆုံးခင် ယာယီထားသည့် နေရာများသာဖြစ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က အသိပေးထားသည်။

ယမန်နှစ် ၂၀၂၃အတွင်းက နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်များအတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ နိုင်ငံရေးအကျဥ်းသား ၁၇ဦး ကျဆုံးခဲ့ကြောင်း PPNMထံမှ သတင်းရရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စင်ကာပူ နိုင်ငံရဲ့ ပျမ်းမျှ လူ့သက်တမ်း ပိုရှည်လာကြောင်း အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဆောင်းပါး

"ခန္ဓာကိုယ်ခုခံအားဆဲလ်များဖြင့် ကင်ဆာကို တိုက်ဖျက်မည့် ကမ္ဘာ့ပထမဆုံး တွေ့ရှိချက်"

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံတောင်ပိုင်းမှာ အခုနှစ် နွေရာသီအတွင်း အပူလျှပ်လို့ သေဆုံးသူ ၁၆ ဦးထက်မနည်း ရှိခဲ့ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

အတွေးအမြင်

တဖြည်းဖြည်းနဲ့ပိုပြီးမငြိမ်းချမ်းလာတဲ့ကမ္ဘာကြီးကိုသရုပ်ဖေါ်ပြတဲ့ဝေါဟာရတစ်ခုပေါ်ထွက်လာခဲ့ ပါတယ်။ဒီဘန်းစကားဟာ၂၀၂၅ ခုနှစ်မှာစတင်ပေါ်ပေါက်လာတာဖြစ်ပြီးလန်ဒန်အခြေစိုက်BMJ Global Health Journal မှာစတင်သုံးစွဲခဲ့တာပါ။