အိမ်နီးချင်း ပြိုင်ဘက် တောင်ကိုရီးယား နိုင်ငံမှာ သက်တမ်းတိုတောင်းတဲ့ စစ်အုပ်ချုပ်ရေး ကြေညာမှုနဲ့ နောက်ဆက်တွဲ အရှုပ်အထွေး ကိစ္စတွေကို မြောက်ကိုရီးယား အစိုးရ မီဒီယာက ပထမဆုံးအကြိမ် သတင်းဖော်ပြခဲ့ပါတယ်။
သမ္မတ ယွန်ဆွတ်ခ်ယောဟာ ဒီဇင်ဘာ ၃ ရက်နေ့ ညပိုင်းတုန်းက စစ်အုပ်ချုပ်ရေး အမိန့်ကြေညာခဲ့ပြီး လွှတ်တော် နိုင်ငံရေးကို ရပ်စဲဖို့ အားထုတ်ခဲ့ပေမယ့်လည်း ပြည်သူလူထုရဲ့ ဆန့်ကျင်မှု၊ လွှတ်တော် အမတ်တွေက အဲဒီ အမိန့်ကို မဲခွဲဆုံးဖြတ်ချက်နဲ့ ဖယ်ရှားစေခဲ့မှုတွေကြောင့် ၆ နာရီကျော် အကြာမှာ ပြန်လည် ရုပ်သိမ်းခဲ့ရပါတယ်။
အဲဒီနောက်ပိုင်း ယွန်နဲ့ အစိုးရ အဖွဲ့ဟာ ကြီးမားတဲ့ ဖိအားတွေ ရင်ဆိုင်နေရသလို အတိုက်အခံတွေက ဦးဆောင်ပြီး ယွန်ကို ရာထူးကနေ ဖယ်ရှားဖို့ ကြိုးစားနေပါတယ်။ တစ်ဖက်မှာလည်း အာဏာရ ပါတီက ယွန်ကို ကိုယ့်သဘောဆန္ဒနဲ့ ရာထူးက နုတ်ထွက်ပေးဖို့ ဖိအားပေးနေပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့ နောက်ပိုင်းကစလို့ တောင်ကိုရီးယားမှာ အခြေအနေတွေ တောက်လျှောက် ရှုပ်ထွေးနေပေမယ့် မြောက်ကိုရီးယားဖက်ကတော့ အဲဒီ အကြောင်းအရာနဲ့ ပတ်သက်ရင် တောက်လျှောက် နှုတ်ဆိတ်နေခဲ့ပါတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့ ရောက်မှသာ အစိုးရပိုင် KCNA သတင်းဌာနက အိမ်နီးချင်းတွေရဲ့ နိုင်ငံရေး အခြေအနေတွေ ယောက်ယက်ခတ်နေတာကို ပထမဆုံး အကြိမ်အနေနဲ့ သတင်းဖော်ပြခဲ့ပါတယ်။

Public Service Announcement
KCNAရဲ့ သတင်းမှာတော့ စစ်အုပ်ချုပ်ရေး နောက်ဆက်တွဲ အရှုပ်အထွေးတွေကြောင့် တောင်ပိုင်းသားတွေကြားမှာ အုံကြွမှုတွေ ပိုဆိုးလာနေတယ်လို့ ရေးသားထားခဲ့ပါတယ်။ KCNAရဲ့ သတင်းဟာ တောင်ကိုရီးယားနဲ့ နိုင်ငံတကာ မီဒီယာတွေက ဖော်ပြထားတဲ့ အချက်အလက် အတော်များများကိုသာ ပြန်လည် ကိုးကားထားပြီး ကိုယ်ပိုင် သဘောထား အမြင်မျိုး ထည့်သွင်းထားတာမျိုးတော့ သိပ်မရှိပါဘူး။
အမေရိကန်ရဲ့ ရုပ်သေးအဆင့်သာ ဖြစ်တဲ့ ယွန်ဆွတ်ခ်ယောဟာ အခုဆိုရင် အစိုးရ စီမံခန့်ခွဲပိုင်ခွင့်နဲ့ ပတ်သက်ရင် အကြီးအကျယ် အကျပ်ရိုက်နေပြီး လွှတ်တော်မှာ စွပ်စွဲပြစ်တင်မှုနဲ့ ရင်ဆိုင်ရဖို့လည်း နီးစပ်နေကြောင်း၊ ဒါဟာ မျှော်လင့်မထားတဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကို ကြေညာပြီး ဖက်ဆစ် အာဏာရှင်ဆန်ဆန် ပုံစံမျိုးနဲ့ ပြည်သူလူထုဖက် သေနတ်နဲ့ လှည့်ချိန်ခဲ့တဲ့ အကျိုးဆက်ကြောင့်ဖြစ်ကြောင်း KCNAက ဆိုပါတယ်။
ယွန်ရဲ့ လုပ်ရပ်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက တောင်ကိုရီးယားမှာ စစ်အာဏာရှင်စနစ် ကြီးစိုးခဲ့ချိန်တွေမှာ ကြုံခဲ့တဲ့ အာဏာသိမ်းမှုမျိုးနဲ့ ဆင်တူကြောင်း၊ ဒါကြောင့်လည်း အတိုက်အခံ ပါတီတွေတင် မကဘဲ ပြည်သူလူထု အလွှာ အသီးသီးဆီက ပြင်းပြင်းထန်ထန် ရှုတ်ချမှုတွေ ပေါ်ပေါက်နေပြီး ယွန်ဟာ အရမ်းလူမုန်းများနေပြီဖြစ်ကြောင်း KCကေ ဖော်ပြသွားပါတယ်။
ကိုးကား: Reuters


















































