Connect with us

Hi, what are you looking for?

သတင်း

၂၀၂၅အတွင်း ကရင်နီပြည်ရှိ စစ်ကောင်စီတပ်စခန်းအားလုံး သိမ်းပိုက်ရန်လုပ်ဆောင်မည်ဟု KNDFဥက္ကဌ ပြော

ယခုနှစ်သစ်တွင်အောင်ပွဲများရယူရန်ပြင်ဆင်နေပြီး ယုံကြည်မှုများရှိကာ စခန်းများ အပြီးသတ်သိမ်းနိုင်ရန် ကြိုးစားမည်ဟုလည်း KNDF ဥက္ကဌက ဆိုသည်။

(KNDF ဥက္ကဋ္ဌ ခွန်းဘီထူး။ ဓာတ်ပုံ - KNDF)
(KNDF ဥက္ကဋ္ဌ ခွန်းဘီထူး။ ဓာတ်ပုံ - KNDF)

ရဲခေါင်/People’s Spring

၂၀၂၅အတွင်း ကရင်နီပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ရန်လုပ်ဆောင်မည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဥက္ကဌခွန်းဘီထူးက နှစ်သစ်ကူးမိန့်ခွန်းတွင် ပြောကြားလိုက်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးရဲဘော်တစ်သောင်းကျော်ဖြင့် ဖွဲ့စည်းထားသည့် KNDF နှင့်ကရင်နီတပ်ပေါင်းစုက ၂၀၂၃တွင် ၁၁၁၁ စစ်ဆင်ရေးဖြင့် ကရင်နီပြည်နယ်၏ မြို့တော်လွိုင်ကော်မြို့ကို ထိန်းချုပ်နိုင်ခဲ့ဖူးသည်။

“၂၀၂၄ ခုနှစ်ကို ပြန်ကြည့်မယ်ဆိုရင် စည်းလုံးမှုတွေရှိလာတယ်။သင်ခန်းစာတွေလည်းရှိခဲ့တယ်။၂၀၂၃ ခုနှစ်က ၁၁၁၁ ဒါမှမဟုတ် ၁၀၂၇ စစ်ဆင်ရေးတွေမှာ ကျွန်တော်တို့ အားတက်သရောပါဝင်ခဲ့ပေမယ့် ၂၀၂၄ မှာ အသင့်အတင့်လေး တိုက်ပွဲအရှိန် အနည်းယ်လျော့သွားတာ ရှိခဲ့ပါတယ်။ဒါပေမယ့် ဒါကလည်း တော်လှန်ရေးရဲ့ အခက်အခဲတွေကြောင့်မလို့ ဖြစ်ပါတယ်။ဒါကို အကျယ့်တဝင့်ပြောစရာတော့မလိုဘူး”ဟု ခွန်းဘီထူးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ၎င်းက ဆက်ပြီး “၂၀၂၅ ထဲမှာ ကရင်နီပြည်နယ်မှာဆိုရင် စစ်ကောင်စီစခန်းတွေကို အပြတ်သိမ်းနိုင်ဖို့ လုပ်ပါ့မယ်။ဒီ့အတွက် ကို ပြည်သူတွေက စောင့်ကြည့်ပေးပြီးတော့မှ အားပေးကြဖို့ပြောလိုပါတယ်”ဟု ပြောသည်။

ယခုနှစ်သစ်တွင်အောင်ပွဲများရယူရန်ပြင်ဆင်နေပြီး ယုံကြည်မှုများရှိကာ စခန်းများ အပြီးသတ်သိမ်းနိုင်ရန် ကြိုးစားမည်ဟုလည်း KNDF ဥက္ကဌက ဆိုသည်။

လက်ရှိ ကရင်နီပြည်နယ်သို့ စစ်ကောင်စီ၏ ထိုးစစ်စောင့်ကြည့်မှုတွင် စစ်ကောင်စီ ထိုးစစ်နှင့် ပြင်ဆင်မှုသည် အစွမ်းကုန် အခြေအနေဖြစ်သည်ကိုတွေ့ရှိရကြောင်းလည်း ၎င်းက အသိပေးသည်။

“အပတ်စဥ်အလိုက် လူတွေအဓမ္မစုဆောင်းနေတာတွေလုပ်ပြီးမှ ကျွန်တော်တို့ဆီကို တော်လှန်ရေးနယ်မြေ၊ထိန်းချုပ်နယ်မြေတွေကို ပြန်ပြီးမှတိုက်ယူဖို့သူတို့လာတဲ့အခုချိန်ထိ တိုးတက်အောင်မြင်မှု မတွေ့ရတဲ့အတွက် ဒါ အားလုံးရဲ့ ဝမ်းသာစရာဖြစ်ပါတယ်။နောက်ပြီးရင်တော့ စစ်ကောင်စီရဲ့ စစ်မှုမထမ်း မနေရတာ ကြောင့်စစ်မှုထမ်းတဲ့ရဲဘော်တွေအားလုံးက အခုဆိုရင် KNDF မှာ လူဦးရေ ၅၀ လောက်ပေါ့ ဘက်ပြောင်းလာတဲ့အတွက် ဝမ်းသာတယ်”ဟု ခွန်းဘီထူးက ပြောသည်။

ခွန်းဘီထူးက ဆက်လက်၍ “ကျွန်တော်တို့ယုံကြည်တာကတော့ ဒီကနေ့ စစ်ကောင်စီ ဘက်မှာရောက်နေတဲ့ လူတွေအားလုံးကလည်း နည်းလမ်းပေါင်းစုံနဲ့ရှာဖွေပြီးတော့ ကျွန်တော်တို့ဆီ ဘက်ပြောင်းလာလိမ့်မယ်။၂၀၂၅ မှာ ပိုပြီးတော့ ဘက်ပြောင်းလာလိမ့်မယ်။တပ်ရင်းလိုက်ဘက်ပြောင်းလာဖို့မျှော်လင့်တယ်။အဲဒီအတွက်ကိုလည်း အဲဒီမှာရောက်နေတဲ့ တပ်သားတွေအားလုံးကိုလည်း ဒီကနေ ထပ်ဆင့်ပြီးမှ ပြည်သူတွေနဲ့အတူ တိုက်တွန်းလိုတယ်”ဟု ပြောသည်။

၂၀၂၅တွင် စစ်ရေးအောင်မြင်မှုများနှင့် အုပ်ချုပ်ရေးအောင်မြင်မှုများကိုလုပ်ဆောင်ကာ အာဏာရှင်မင်းအောင်လှိုင်၏ ရက်စက်ယုတ်မာမှုများ၊မတရာအာဏာသိမ်းမှုများချေဖျက်ပြီး အောင်မြင်တဲ့နှစ်သစ် ဖြစ်လာမည်ဟုလည်း ၎င်းက သတင်းစကားပါးသည်။

ဖယ်ခုံနှင့် မိုးဗြဲမြို့အပါအဝင် ကရင်နီ ပြည်နယ်တွင် စစ်ကောင်စီ၏ခြေမြန်တပ်ရင်း ၁၀ရင်းနှင့် ခြေလျင်တပ်ရင်းခုနစ်ခုရှိပြီး လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့ရှိ အမြောက်တပ်ရင်း ၃ခုအပါအဝင် တပ်ရင်းပေါင်း ၂၀ ရှိသည်။

ထို့အပြင် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်အမှတ်-၇ ဖယ်ခုံမြို့၊ လွိုင်ကော်မြို့တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်နှင့် ဘောလခဲမြို့တွင်လည်း စစ်ကောင်စီက စစ်ဗျူဟာတစ်ခု အခြေစိုက်ထားသည်။

လွိုင်ကော်အခြေစိုက် ဆောက်လုပ်ရေးနှင့် အင်ဂျင်နီယာတပ်ခွဲ၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲ၊ စစ်လက်နက်ရေးတပ်စု၊ အလုပ်ရုံတပ်စု၊ ကုတင် (၁၀၀)ဆံ့ တပ်မတော်ဆေးရုံအပါအဝင် ဖရူဆိုရှိ အမှတ် (၁၄)တန်းမြင့်စစ်ရေးလေ့ကျင့်ရေးကျောင်းလည်း ရှိသည်။

ကရင်နီစစ်ဘက်အချက်အလက်များအရ စစ်ကောင်စီ၏ ခြေလျင်၊ခြေမြန် နှင့် အမြောက်တပ်ရှိ အမာခံစစ်အင်အားကို မှန်းဆပါက တပ်ရင်း ၂၀တွင် အင်အား ၂,၀၀၀ ခန့်ရှိနိုင်ပြီး အခြားတပ်များကိုပါ ထည့်သွင်းတွက်ချက်ပါက အင်အား ၃,၀၀၀ ထက်မနည်းရှိနိုင်ကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ခန့်မှန်းထားသည်။

ထို့အပြင် ကရင်နီတပ်ပေါင်းစု၏ ၁၁၁၁ စစ်ဆင်ရေးကြောင့် ၂၀၂၄ နှစ်လယ်ပိုင်းကစ၍ စစ်ကောင်စီသည် အင်အား ၂,၀၀၀ ကျော် ၃,၀၀၀ခန့်ကို ကရင်နီပြည်နယ်တွင် ထပ်မံ ဖြည့်တင်းထားကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook