Connect with us

Hi, what are you looking for?

သတင်း

ပအိုဝ်းဒေသတွင် စစ်ကောင်စီက အဆိပ်ဗုံးအသုံးပြုတိုက်ခိုက်ဟု PNLA ပြော

တိုက်ပွဲပြင်းထန်နေသည့် ဆီဆိုင်မြို့နယ်ကို စစ်ကောင်စီ သုံးရက်ဆက်လေကြောင်းတိုက်ခိုက်

စစ်ကောင်စီတပ် ပစ်ခတ်သည့် မပေါက်ကွဲသေးသည့် ဗုံးစံကို တွေ့ရစဉ်။ ဓာတ်ပုံ − PNLA

ဟန်နွေ/People’s Spring

ပအိုဝ်းဒေသကို ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်က အဆိပ်ဗုံးအသုံးပြုတိုက်ခိုက်မှုများ ဆက်လက်ကျူးလွန်နေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် ဆီဆိုင်မြို့နယ်အရှေ့ဘက်ခြမ်းရှိ ပအိုဝ်းကျေးရွာများကို လက်နက်ကြီးများဖြင့် နေ့စဥ်ပစ်ခတ်ဖျက်ဆီးလျက်ရှိရာ သာမန်လက်နက်ကြီးကျည်များသာမက အဆိပ်ပါဝင်သည့် လက်နက်ကြီးကျည်များဖြင့်ပါ ကျေးရွာအတွင်းသို့ ပစ်ခတ်ဖျက်ဆီးနေခြင်းဟု PNLAက စစ်ကောင်စီ၏ မပေါက်ကွဲသေးသည့် ဗုံးစံကိုဖော်ပြ၍ သတင်းထုတ်ပြန်သည်။

“ဒါကတော့ ကျနော်တို့ တူးဖော်ရရှိတဲ့တစ်လုံးပေါ့လေ။ သူတို့ အဆိပ်သုံးလာတာကတော့ အလုံးပေါင်းများစွာ ရှိပါတယ်။ ဒါက မကွဲလို့ ကျနော်တို့ တူးဖော်ရရှိခဲ့တဲ့ တစ်လုံးပါ။ ကျနော်တို့ ရဲဘော်တွေ အဲဒီ အဆိပ်ငွေ့တွေ ရှူမိလို့ အပြင်းအထန် ဖျားနာတာတွေ ၊အရေပြား ယားယံတာစတဲ့ လက္ခဏာ ခံစားရတဲ့ ရဲဘော်တွေလည်း ရှိပါတယ်”ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါဗုံးကို ဇန်နဝါရီ ၂၄ ရက်တွင် စစ်ကောင်စီက ပစ်ခတ်လာခြင်းဖြစ်ပြီး လက်နက်ကြီးကျည် တစ်လုံးကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က တူးဖော်ရရှိခဲ့ဟု ဆိုသည်။

ယင်းလက်နက်ကြီးကျည်ပေါ်တွင် အဆိပ်ဟုရေးသားထားသည်ကို တွေ့ရှိရပြီး အဆိပ်ထွက်ပေါက်များပါ ပါဝင်သည်ကို တွေ့ရှိရကြောင်း၊ ယခင်တွင် ယင်းကျည်အမျိုးအစားများအား စစ်ကောင်စီက အသုံးပြုသည်ကို မတွေ့ရှိဖူးပဲ ယခုတွေ့ရှိမှုသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဖော်ပြသည်။

“အဆိပ်တော့ အဆိပ်ပဲ။ အဆိပ်အမျိုးအစား ဘယ်လိုမျိုးလဲ သေချာနားမလည်ဘူး။ တက်သိနားလည်တဲ့ အဖွဲ့တွေနဲ့ချိတ်ပြီးတော့ ဖွင့်ကြည့်ရမှာပဲ”ဟု ခွန်ရိန်းယံက ပြောသည်။

သို့သော် စစ်ကောင်စီတပ်၏ အဆိပ်ဗုံးဖြင့် ပစ်ခတ်မှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ကောင်စီသည် ကျင့်ဝတ်မဲ့စွာ စစ်ရာဇာဝတ်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေပြီး ပအိုဝ်းဒေသ ပအိုဝ်းလူမျိုးများအား အဆိပ်အသုံးပြုကာ တိုက်ခိုက်လာခြင်းဖြစ်ကြောင်း၊ ယခင်ရက်များတွင်လည်း စစ်ကောင်စီက ပစ်ခတ်သည့် အဆိပ်ကျည်သင့်မှုကြောင့် ရဲဘော်တချို့မှာ အရေပြားယားယံခြင်း ၊ အပြင်းအထန်ဖျားနာခြင်း၊ မူးဝေအော့အန်ခြင်း စသည်များ ခံစားခဲ့ရကြောင်း PNLAက ထုတ်ပြန်သည်။

ယခင်က စစ်ကောင်စီသည် ပအိုဝ်းဒေသကို လေကြောင်း တိုက်ခိုက်ရာ၌လည်း ဓာတုအဆိပ်ဗုံးများအသုံးပြု၍ PNLA ရဲဘော်များ အဆိပ်ဒဏ်သင့် ဝေဒနာများခံစားခဲ့ရကြောင်း PNLAက ထုတ်ပြန်ထားဖူးသည်။ ၂၀၂၄ မတ်လ ဆီဆိုင်တိုက်ပွဲတွင် စစ်ကောင်စီက ဓာတုအဆိပ်ဗုံးသုံး၍ PNLA ရဲဘော် ၈ဦး ထိခိုက်ခဲ့ရသည်ဟု ဆိုသည်။

စစ်ကောင်စီသည် ယခု ဇန်နဝါရီလတွင် ပအိုဝ်းဒေသသို့ စစ်အင်အားအများအပြားဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ PNLA၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီနှင့် PNO အင်အား ၇၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာ၍ ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အင်အား ၂၀၀ ထက်မနည်းကိုချေမှုန်းတိုက်ခိုက်နိုင်ခဲ့ဟု ဆိုသည်။

စစ်ကောင်စီသည် ပအိုဝ်းပြည်သူများအား ပေါ်တာဆွဲပြီး လူသားဒိုင်းပြုလုပ်ကာ အင်အားဖြည့်တင်းပြီး ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်းလည်းထုတ်ပြန်သည်။

ထို့အပြင် စစ်ကောင်စီသည် နေ့စဥ် ပအိုဝ်းဒေသကို တိုက်လေယာဥ်ဖြင့် ဗုံးကြဲကာ တိုက်ခိုက်ဖျက်ဆီးနေကြောင်း၊ ဆီဆိုင်မြို့နယ်ကို သုံးရက်ဆက် လေကြောင်း တိုက်ခိုက်ခဲ့ရာ ဇန်နဝါရီ ၂၂ ရက်နေ့တွင် ၄ ကြိမ် ၊ ၂၃ ရက်တွင် ၂ ကြိမ် ၊ ၂၄ ရက်တွက် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ဟု ဖော်ပြသည်။

စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်တို့၏ တိုက်ခိုက်မှုကြောင့် ပအိုဝ်းကျေးရွာများမှ ပြည်သူလူထု ၄ ထောင်ကျော်မှာ တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုအသိပေးသည်။

“ပြည်သူလူထုတွေနေထိုင်တဲ့ဒေသ ပြည်သူလူထုတွေ နေထိုင်တဲ့ ကျေးရွာတွေကို မီးလောင်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်တာ အဆိပ်နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကို စစ်ကောင်စီနဲ့ စစ်ကောင်စီ လက်ပါးစေ ပြည်သူ့စစ်တွေကပြောင်ပြောင်းတင်းတင်း လူသားအပေါ် ရာဇဝတ်မှုများစွာ ကျူးလွန်နေတာကို နိုင်ငံတကာ အဖွဲ့အစည်းတွေ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ဒီအတိုင်း မျက်စိပိတ်နားပိတ်နေနေတာ တွေ့ရတာလည်း အင်မတန်မှ အံ့ဩရပါတယ်”ဟု ခွန်ရိန်းယံက ပြောသည်။

စစ်ကောင်စီက လက်နက်ကြီးများ ၊ ဒရုန်းများ ၊ မီးလောင်ဗုံးများ၊ တိုက်လေယာဥ်များဖြင့် တိုက်ခိုက်မှုကြောင့် ပအိုဝ်းပြည်သူလူထု၏ အိုးအိမ်စည်းစိမ်များစွာ ဆုံးရှုံးပျက်စီးခဲ့ရပြီး ဆီဆိုင်မြို့နယ် ထီစုံကျေးရွာသည် နေအိမ် ၆၀ကျော် မီးလောင်ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။