စစ်တွေတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ဓညဝတီရေတပ်စခန်းကို AA က လက်နက်ကြီးဖြင့် ပစ်ခတ်မှုနှင့်အတူ ကျောက်ဖြူမြို့နယ်တွင်လည်း တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီအခိုင်အမာတပ်စွဲထားသည့် ရွှေမင်းဂံ၊ ပါဒလိတ် ၊ အမြင့်ကျွန်းစခန်းများကို AA က ဖေဖော်ဝါရီလဆန်းပိုင်းကစ၍ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပစ်ခတ်သံများ ကြားနေရဆဲဟု မြို့ခံတစ်ဦးကပြောသည်။ ဖေဖော်ဝါရီလ ၁၇ ရက်က လက်နက်ကြီးပစ်ခတ်မှုများသည် စစ်တွေမြို့ရှိ ရဲတပ်ရင်း(၁၂)အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သတင်းရင်းမြစ်အချို့က ပြောသည်။
“စစ်တွေဆေးရုံမှာ ပြင်ပလူနာတွေဖယ်ခိုင်းပြီး စစ်တပ်က ဒဏ်ရာရတွေ လာထားတယ်။ အပြင်ဆေးရုံတချို့မှာလည်း တက်နေတာရှိတယ်။ သေဆုံးတွေများတယ်လို့စစ်တပ်ဘက်က သတင်း အစအနထွက်လာတယ်” ဟု ဒေသခံတဦးက ပြောသည်။

Public Service Announcement
စစ်တွေ၌တိုက်ပွဲပိုမိုပြင်းထန်နေစဉ် စစ်ကောင်စီက ပေါက်တောမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ပေါက်တောမြို့နယ် သဲခုံရွာ၊မညှင်းကိုင်း၊ ပြင်မ၊ကျောက်တောင်၊ ဆင်တက်မော်တောတန်းရွာ၊ဆင်တက်မော်ဘောဒလီရွာ၊ဆင်တက်မော်၊ အနောက်ရဲရွာတို့ကို ဖေဖော်ဝါရီ ၂၀ ရက် နေ့လယ်တွင်Y-12
လေယာဉ်ဖြင့် ဗုံးအလုံး ၄၀ ခန့်ကြဲချရာ ကလေးငယ်နှစ်ဦး အပါအဝင် ၄ဦး ဒေသခံပြည်သူသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့သည်။
စစ်တွေတိုက်ပွဲဆက်ဖြစ်နေစဉ် ကျောက်ဖြူမြို့နယ်၊သစ်ပုတ်တောင်ကျေးရွာအနီးရှိ ဓညဝတီရေတပ်စခန်းကို ဖေဖော်ဝါရီလ၂၁ရက်နေ့ညတွင် AAက လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။ ဓညဝတီရေတပ်စခန်းနှင့် မိုင်အနည်းငယ်အကွာရှိ ရွာတစ်ရွာတွင် စစ်ကောင်စီမြေပြင်စစ်ကြောင်း နှင့် AA တိုက်ပွဲလည်းဖြစ်ပွားခဲ့ကြောင်း မြို့ခံတဦးကပြောသည်။
ကျောက်ဖြူမြို့နယ်တွင် ဓညဝတီရေတပ်စခန်းအပြင် တောင်မော်ကြီးရေတပ်စခန်းနှင့် အုန်းကျွိန်ရေတပ် စခန်းတို့ရှိသည်။ ပြီးခဲ့သည့်ဖေဖော်ဝါရီလဆန်းမှစ၍ စစ်ကောင်စီက ရေတပ်စခန်းသုံးခုမှ ဘေးပတ်ဝန်းကျင်ရွာများကိုလက်နက်ကြီးများဖြင့်ပစ်ခတ်နေသောကြောင့် ကာပီချောင်း၊ ပေါင်းနက်ချေ၊ ကြက်တောပြင်ရွာအပါအဝင် ဆယ်ရွာထက်မနည်းမှဒေသခံများ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသည်ဟု ကျောက်ဖြူမြို့ခံများထံမှသိရသည်။ တိုက်ပွဲများဖြစ်လာနိုင်၍ ကျောက်ဖြူမြို့ပေါ်တွင်လည်း တိမ်း ရှောင်သူများရှိလာကြောင်း ဒေသခံအချို့ကပြောသည်။
AAသည် ရခိုင်ပြည်နယ်တွင် ၂၀၂၃ခုနှစ် နိုဝင်ဘာလ လ၁၃ရက်နေ့မှစ၍ မြို့သိမ်းတိုက်ပွဲများတိုက်ခိုက်ခဲ့ပြီး ၂၀၂၄ ဒီဇင်ဘာလအထိ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့မှလွဲ၍ ကျန် ၁၄ မြို့နယ်လုံးကို သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်သည်။
အဆိုပါမြို့သုံးမြို့နယ်မှစစ်ကောင်စီတပ်ဖွဲ့ဝင်များ ကိုလည်း AAမတိုက်ခိုက်မီလက်နက်ချကြရန် အမ်းမြို့ရှိ အနောက်ပိုင်းအတိုင်းစစ်ဌာနချုပ် သိမ်းတိုက်ပွဲတွင်အဖမ်းခံခဲ့ရသည့်တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက တိုက်တွန်းခဲ့သည်။
ထို့နောက်စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီအခိုင်အမာတပ်စွဲထားသည့် စခန်းများကို AA က ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းဖြင့် တိုက်ပွဲကိုစတင်ပုံဖော်နေကြောင်း တိုင်းရင်းသား အရေးကျွမ်းကျင်သူတစ်ဦးကပြောသည်။
စစ်တွေမြို့တွင် အိန္ဒိယအစိုးရက ရင်းနှီးမြှုပ်နှံထားသည့် ကုလားတန်ရေနက်ဆိပ်ကမ်းစီမံကိန်းရှိသည်။ကျောက်ဖြူမြို့တွင် တရုတ်အစိုးရရင်းနှီးမြှုပ်နှံထားသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း မြေနေရာများရှိနေသည်။
ဓညဝတီရေတပ်စခန်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ စစ်တပ်ထောက်ခံသူတစ်ဦးက ဓညဝတီရေတပ်စခန်းမှာ ရခိုင်ကမ်းရိုးတန်း၌ အင်အားအတောင့်တင်းဆုံး ရေတပ်စခန်းကြီးဖြစ်သော်လည်း AAက သံတွဲမြို့သိမ်းတိုက်ပွဲနှင့်အတူ သံတွဲရှိတဲ့ မောင်ရွှေလေးရေတပ်စခန်းကိုပါသိမ်းယူသွာသောကြောင့် စိုးရိမ်စရာအခြေအနေဖြစ်ကြောင်း ရေးသားထားသည်။

















































