သုည/People’s Spring
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် မှော်လှည့်သပိတ်စစ်ကြောင်းက ဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှုတရပ်ကို ယနေ့ (ဖေဖော်ဝါရီ ၂၈) နံနက်က ပြုလုပ်ခဲ့သည်။
ဆန္ဒပြပြည်သူများက “ILO Implement Article 33 on Myanmar Now 2025” ၊ “၂၀၂၅ ILO ပုဒ်မ ၃၃ အရ ချက်ချင်းအရေးယူပေး” စသည့် စာသားများကို ကိုင်ဆောင်ပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ပုဒ်မ ၃၃ အရ စစ်ကောင်စီအား ချက်ချင်းအရေးယူပေးရန် တောင်းဆိုခဲ့ကြသည်။
လာမည့် ဇွန်လတွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ်-ILO ညီလာခံမှ စစ်ကောင်စီကို အရေးယူရန် ၂၀၂၄ နိုဝင်ဘာတွင်ကျင်းပခဲ့သော ILO အုပ်ချုပ်မှုကော်မတီ အစည်းအဝေးက အတည်ပြုခဲ့သည်။ မြန်မာစစ်တပ်ကို အရေးယူရန် ၂၀၂၁ ခုနှစ်ကတည်းက တောင်းဆိုထားခြင်းဖြစ်ပြီး ၂၀၂၄ နိုဝင်ဘာတွင် ILO က အတည်ပြုခဲ့ခြင်းဖြစ်သည်။

Public Service Announcement
မြန်မာ စစ်အုပ်စုသည် ILO သတ်မှတ်ချက် ၈၇ နဲ့ ၂၉ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းမှုနဲ့ အဓမ္မ လုပ်အားခိုင်းစေမှုနှင့်ပတ်သက်၍ မလိုက်နာသောကြောင့် ILO အခြေခံဥပဒေ အပိုဒ် ၃၃ (Article 33)အရ စစ်ကောင်စီအား အလုံးစုံစီးပွား၇ေးပိတ်ဆို့အရေးယူချမှတ်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)က တောင်းဆိုထားသည်။
စစ်ကောင်စီကို ILO ၏ အလုံးစုံ စီးပွားရေးပိတ်ဆို့မှု အောင်မြင်ခဲ့လျှင် နိုင်ငံတွင်းသို့ စီးဆင်းနေသော နိုင်ငံခြားငွေကြေးအားလုံးကို ဖြတ်တောက်နိုင်မည်ဟု CTUM ဆိုသည်။
ILO သည် ပြီးခဲ့သည့် စစ်အုပ်ချုပ်ရေးကာလ၂၀၀၀ ခုနှစ်တွင် မြန်မာနိုင်ငံအား Article-33 အရ ပထမဆုံးအကြိမ် အရေးယူခဲ့ဖူးကြောင်း သိရသည်။




















































