Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပင်လယ်ပြင်မှာ အပစ်ရပ်ရေး ရုရှားနဲ့ ယူကရိန်း သဘောတူ

ပင်လယ်ပြင်မှာ အပစ်အခတ် ရပ်စဲထားဖို့ အမေရိကန်ရဲ့ ကြားဝင် ညှိနှိုင်းပေးမှုနဲ့အတူ ရုရှားနဲ့ ယူကရိန်းတို့က သဘောတူညီခဲ့ကြကြောင်း သိရပါတယ်။

AFP

ပင်လယ်ပြင်မှာ အပစ်အခတ် ရပ်စဲထားဖို့ အမေရိကန်ရဲ့ ကြားဝင် ညှိနှိုင်းပေးမှုနဲ့အတူ ရုရှားနဲ့ ယူကရိန်းတို့က သဘောတူညီခဲ့ကြကြောင်း သိရပါတယ်။

ဆော်ဒီအာရေးဘီးယားနိုင်ငံ၊ ရီယတ်ဒ်မြို့မှာ အမေရိကန်ဟာ ယူကရိန်း၊ ရုရှား ကိုယ်စားလှယ် အဖွဲ့တွေနဲ့ သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ရက်ပိုင်းအကြာမှာ စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံကြား ရေတပ်တွေ အပစ်ရပ်ထားရေး သဘောတူညီမှု ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်က အခုညှိနှိုင်းမှုမှာ ပါဝင်နေသူ အသီးသီးဟာ အဓွန့်ရှည်ပြီး ခိုင်မာတဲ့ ငြိမ်းချမ်းရေးမျိုး တည်ဆောက်ယူနိုင်အောင် အားထုတ် လုပ်ဆောင်နေတယ်လို့ သဘောတူညီမှု အသစ်အကြောင်း ထုတ်ပြန်ချိန်မှာ ထည့်သွင်း ကြေညာခဲ့ပါတယ်။

ရုရှားထိန်းချုပ်ထားရာ ယူကရိန်း နယ်မြေတွေနဲ့ ယူကရိန်း ဆိပ်ကမ်းတွေ ထိစပ်နေရာ ပင်လယ်နက်မှာ တိုက်ပွဲတွေ ရပ်စဲသွားခြင်းဟာ အရေးပါတဲ့ ကုန်သွယ်ရေး ရေလမ်းကြောင်းတစ်ခုကို ပြန်ဖွင့်နိုင်မယ့် အဓိပ္ပါယ်လည်း ဖြစ်တယ်လို့ အမေရိကန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားနဲ့ ယူကရိန်းတို့ဟာ အရင်တစ်ကြိမ် ရရှိထားတဲ့ သဘောတူညီမှုဖြစ်တဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို အပြန်အလှန် တိုက်ခိုက်မှုကနေ ချုပ်ထိန်းဖို့ ကတိကိုလည်း ခိုင်မာအောင် စောင့်ထိန်းဖို့ အသီးသီး လက်ခံခဲ့တယ်လို့ အိမ်ဖြူတော် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရုရှားကတော့ နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ထားမှုတွေထဲက အစားအသောက်နဲ့ ဓာတ်မြေဩဇာ ကုန်သွယ်ခွင့်တွေကို ပြန်လည် လက်ခံ ခွင့်ပြုပေးမှသာ ပင်လယ်ပြင်မှာ အပစ်အခတ် ရပ်စဲရေး ကိစ္စက စတင် အသက်ဝင်လာမှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပင်လယ်နက်ထဲမှာ တိုက်ခိုက်မှုတွေ ရပ်တန့်သွားမယ်ဆိုရင် မှန်ကန်တဲ့ လမ်းကြောင်းပေါ်က နောက်ထပ် ခြေလှမ်းသစ် တစ်ခုလို့ သတ်မှတ်နိုင်မယ်လို့ ဆိုပါတယ်။ ဒီသဘောတူညီမှုဟာ တကယ်ပဲ အလုပ်ဖြစ်မလား ဆိုတာကို အတပ်ပြောဖို့တော့ စောလွန်းသေးကြောင်း၊ ဒါပေမဲ့ မှန်ကန်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ၊ မှန်ကန်တဲ့ ခြေလှမ်းတွေ ရှိနေကြောင်း ဇီလန်စကီးက မှတ်ချက်ပေးခဲ့ပါတယ်။

ယူကရိန်းဟာ အဓွန့်ရှည် တည်မြဲတဲ့ ငြိမ်းချမ်းရေးမျိုးဆီ ဦးတည်မနေပါဘူးလို့ ဘယ်သူကမှ စွပ်စွဲလို့ မရကြောင်းလည်း သူက ဆိုပါတယ်။ အရင်က အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဇီလန်စကီးဟာ ငြိမ်းချမ်းရေး သဘောတူညီမှုမျိုး တည်ဆောက်လို့ မရအောင် ပိတ်ပင်ကာဆီးနေတယ်လို့ စွပ်စွဲခဲ့ဖူးပါတယ်။

အမေရိကန်ရဲ့ ကြေညာချက်မှာတော့ ရုရှားကို စိုက်ပျိုးရေး ထုတ်ကုန်တွေနဲ့ ဓာတ်မြေဩဇာ ကမ္ဘာ့စျေးကွက်မှာ ပြန်လည် ချိတ်ဆက်နိုင်အောင် အမေရိကန်က ကူညီပေးဖို့ သဘောတူခဲ့ကြောင်း ဖော်ပြထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။