Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးသင့် ဒေသတွေမှာ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ကြုံလာနိုင်ခြေကို WHO သတိပေး

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)ဟာ ငလျင်ဘေးသင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေမှာ နောက်ဆက်တွဲ ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေ ပေါ်ပေါက်လာနိုင်ခြေကို သတိပေး ပြောကြားလိုက်ပါတယ်။

AFP

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)ဟာ ငလျင်ဘေးသင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေမှာ နောက်ဆက်တွဲ ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေ ပေါ်ပေါက်လာနိုင်ခြေကို သတိပေး ပြောကြားလိုက်ပါတယ်။

မတ်လ ၂၈ ရက်နေ့တုန်းက စစ်ကိုင်းတိုင်းကို ဗဟိုပြု လှုပ်ခတ်သွားခဲ့တဲ့ မဂ္ဂနီကျု ၇.၇ အဆင့် ငလျင်ကြီးကြောင့် လူပေါင်း ၃၇၀၀ ကျော် သေဆုံးခဲ့ပြီး ၅၁၀၀ ကျော် ဒဏ်ရာရခဲ့သလို ပမာဏ ကြီးမား ကျယ်ပြန့်လှတဲ့ ထိခိုက် ပျက်စီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ငလျင်ကြီးရဲ့ နောက်ဆက်တွဲ ရာနဲ့ချီတဲ့ ငလျင်ငယ်တွေနဲ့ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေကလည်း ငလျင်ဘေးသင့် ပြည်သူတွေအတွက် ပိုပြီး ခက်ခဲကျပ်တည်းတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။

ငလျင်အပြီး လမ်းပေါ်မှာ ယာယီ နေထိုင်နေရတဲ့ ပြည်သူတွေဟာ မိုးတွေ ရွာတုန်းက အိပ်လို့ မရခဲ့ကြကြောင်း၊ မိုးတိတ်သွားတော့လည်း လေပြင်းကြောင့် ယာယီတဲတွေ လွင့်ထွက်သွားမှာ စိုးရိမ်ပြီး မအိပ်ရဲခဲ့ပြန်ကြောင်း WHOရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာ တူရာရှာ ဖာနန်ဒိုက ပြောပါတယ်။

AP

ငလျင်ဒဏ်ကို အဆိုးဆုံး ခံစားခဲ့ရတဲ့ မန္တလေးလို မြို့ကြီးမှာ ထောင်သောင်းချီတဲ့ အသက်ရှင် ကျန်ရစ်သူတွေဟာ ယာယီ ပလတ်စတစ် အမိုးအကာ တဲတွေနဲ့ နေထိုင်နေကြရပါတယ်။ အခုအခါမှာတော့ ငလျင်နောက်ဆက်တွဲ ပြဿနာ တစ်ခုအဖြစ် ရေမသန့်မှုကြောင့် ဖြစ်ပွားနိုင်တဲ့ ရောဂါတွေက စတင် ခြိမ်းခြောက်လာနေပြီလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးဟာ ငလျင်ကြီး မတိုင်ခင်မှာ ကာလဝမ်းရောဂါ ကူးစက်မှုတွေ ကြုံတွေ့ခဲ့ဖူးပြီး လောလောဆယ်မှာတော့ ငလျင်ဘေးသင့် ဇုန်နေရာ အနည်းဆုံး နှစ်ခုမှာ ရေမသန့်မှုကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ စတင် ကူးစက်နေပြီလို့ ဖာနန်ဒိုက ပြောကြားသွားပါတယ်။

ငလျင်ဘေးသင့် ပြည်သူတွေဟာ ကျဉ်းမြောင်းတဲ့ ယာယီတဲလေးတွေမှာပဲ ကလေးတွေကို နို့တိုက်ရာ၊ ထမင်းကျွေးရတာတွေ လုပ်နေရကြောင်း၊ အများအပြားမှာ အိပ်ဖို့ ခြင်ထောင်တွေတောင် မရှိကြောင်း သူက ရှင်းပြခဲ့ပြီး ငလျင်နောက်ဆုံးတွဲ ကျန်းမာရေး ပြဿနာတွေက လျှော့လျှော့ပေါ့ပေါ့ တွေးထားလို့ မရကြောင်း သတိပေးခဲ့ပါတယ်။

WHOဟာ မြန်မာနိုင်ငံမှာ ငလျင်ဘေးသင့် ပြည်သူတွေထဲက လူ ၄၅၀၀၀ စာကို သုံးလတာ အထောက်အပံ့ ပေးနိုင်မယ့် ဆေးဝါးပစ္စည်း တန်ချိန် ၁၇၀ ပေးပို့ထားပြီး ငလျင်ဒဏ်ခံ ဧရိယာတွေမှာ လှုပ်ရှားနေတဲ့ အရေးပေါ် ဆေးဝန်ထမ်းအဖွဲ့ ၂၂၀ ကျော်နဲ့ပါ ချိတ်ဆက် အလုပ်လုပ်နေတယ်လို့ သိရပါတယ်။

နောက်ပြီး သွေးလွန်တုပ်ကွေးရောဂါ တိုက်ဖျက်ရေး လှုပ်ရှားမှု တစ်ခုကိုလည်း စတင်နေပြီး အမြန် ဆေးစစ်နိုင်တဲ့ kitပေါင်း ၄၅၀၀၊ ရာနဲ့ချီတဲ့ ဆေးစိမ် ခြင်ထောင်တွေကို မန္တလေးရဲ့ အထိအခိုက် အများဆုံး ဇုန်တွေမှာ ဖြန့်ဝေပေးထားပါတယ်။

Photo by Sai Aung MAIN / AFP

ဒါပေမဲ့ ထိခိုက်ပျက်စီးမှု အတိုင်းအတာဟာ လက်ရှိ ထောက်ပံ့ ကူညီနေနိုင်တာတွေထက် အများကြီး ပိုမို ကျယ်ပြန့်နေပြီး ရေရှည် ထောက်ပံ့နိုင်တဲ့ အရေးပေါ် ရန်ပုံငွေတွေသာ မရှိဘူးဆိုရင် ကျန်းမာရေး အကျပ်အတည်းကြီးဟာ အပြင်းအထန် ပေါက်ကွဲထွက်လာနိုင်ကြောင်း သတိပေးထားပါတယ်။

WHOနည်းတူ ကုလသမဂ္ဂ လက်အောက်ခံ အေဂျင်စီ တစ်ခုဖြစ်တဲ့ ကုလသမဂ္ဂ ကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)ကလည်း ရေမသန့်မှုနဲ့ ဆက်စပ်တဲ့ ဝမ်းရောဂါတွေ ဖြစ်ပွားမှု ကနဦးအဆင့် အရိပ်လက္ခဏာတွေကို တွေ့မြင်လာရပြီလို့ ပြောပါတယ်။

ပိုးသတ် သန့်စင်နိုင်စွမ်းကို ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်သေးသလို မိုးရာသီလည်း နီးကပ်လာတဲ့အခါ သာမန်အားဖြင့် ကြိုတင် ကာကွယ်တားဆီးနိုင်မယ့် ရောဂါတွေ ကူးစက်မှုဟာ ခပ်မြန်မြန် မြင့်တက်လာနေကြောင်း၊ ဒီအတွက် အရေးပေါ် တုံ့ပြန် ဆောင်ရွက်မှုတွေ လိုအပ်လာကြောင်း ယူနီဆက်ဖ် အရာရှိ တစ်ဦးဖြစ်တဲ့ အယ်လီနာ ဒရာကိုပူးလော့စ်က သတိပေးသွားခဲ့ပါတယ်။

ကိုးကား: UN

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။