Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နှင့် ရွှေဘိုမြို့နယ်ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်ရာ ဒေသခံ နှစ်ဦးသေဆုံး၊ ခုနစ်ဦးခန့် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းနှင့် ရွှေဘိုမြို့နယ် အရှေ့တောင်ခြမ်း ကျေရွာများကို စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံနှစ်ဦး သေဆုံးပြီး ခုနစ်ဦးခန့် ဒဏ်ရာရရှိကြောင်း ဝက်လက်မြို့နယ်သတင်းအချက်အလက်ကွန်ရက်တာဝန်ခံတစ်ဦးက လူထုနွေဦးသို့​ ပြောသည်။

မေ ၁၃၊၂၀၂၅။ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းနှင့် ရွှေဘိုမြို့နယ် အရှေ့တောင်ခြမ်း ကျေရွာများကို စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံနှစ်ဦး သေဆုံးပြီး ခုနစ်ဦးခန့် ဒဏ်ရာရရှိကြောင်း ဝက်လက်မြို့နယ်သတင်းအချက်အလက်ကွန်ရက်တာဝန်ခံတစ်ဦးက လူထုနွေဦးသို့​ ပြောသည်။

ယနေ့ (မေလ ၁၃ရက်) ညနေပိုင်း ၃နာရီ ၅၉မိနစ် နှင့် ၄ နာရီ ၁မိနစ်တို့တွင် ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်း စခန်းသာကျေးရွာနှင့် ရွှေဘိုမြို့နယ် အရှေ့တောင်ခြမ်း ငါးပိအိုးကျေးရွာအား တံတားဦးလေတပ်မှတက်လာသည့် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“အသက် ၂၀ ကျော်အမျိုးသားတစ်ဦးနဲ့ အသက် ၃၅ နှစ်အရွယ်အမျိုးသမီးတစ်ဦး သေဆုံးသွားပါတယ်။ယောကျာ်းလေးနာမည်က ကိုအောင်လှိုင်ဝင်း ၊အမျိုးသမီးနာမည်က ဒေါ်ရင်ရင်ပါ။ရွှေဘိုမြို့နယ်ဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်”ဟု အထက်ပါတာဝန်ရှိသူက စစ်ကောင်စီ၏ ယနေ့ လေကြောင်းတိုက်ခိုက်မှုအပေါ် ရှင်းပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

မေလ ၁၀ရက်ကလည်း ဝက်လက်မြို့နယ် အနောက်ခြမ်း ရွာတော်ကုန်းကျေးရွာအား လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုခဲ့ရာ ဒေသခံပြည်သူ ၈ဦးသေဆုံးခဲ့ပြီ ၁၀ ဦးထက်မနည်းဒဏ်ရာရခဲ့သည်။

မေလ ၁၁ရက်တွင် ဝက်လက်မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ ငါးဦးထိခိုက်ခဲ့ပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်းလည်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့(မေလ ၁၂ ရက်)နှင့် ယနေ့(မေလ ၁၃ ရက်)တို့တွင် ဒီပဲယင်း၊ရသေ့တောင်၊ချောင်းဦးနှင့် မော်လူးမြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့သည်။

ယမန်နေ့(မေလ ၁၂ရက်)က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာ စာသင်ကျောင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျောင်းသား၊ကျောင်းသူ ကလေးငယ် ၂၀ဦးနှင့် ဆရာမ ၂ဦး သေဆုံးကာ ၁၀၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(မေလ ၁၃ရက်)တွင် ထုတ်ပြန်သည်။

စာသင်ကျောင်းအတွင်း ပညာသင်ကြားနေသော ကလေးငယ်များအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ရာဇဝတ်မှုမြောက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့ ပြောကြားသည်။

ထိုသို့ အစုလိုက်၊အပြုံလိုက် ဗုံးကြဲသတ်ဖြတ်နေသည့် စစ်ကောင်စီတပ်သည် ယနေ့(မေလ ၁၃ရက်)တွင်လည်း ရက္ခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ထွန်းရဝေရွာဟောင်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ပြည်သူ ၁၃ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီသည် ငလျင်ဘေးအကြောင်းပြုပြီးအပစ်ရပ်စဲမည်ဟု ကြေညာခဲ့သော်လည်း ငလျင်ဘေးကြုံရသည့် မတ်လ ၂၈ရက်မှ မေလ ၉ရက်အထိ တစ်လခွဲအတွင်း နိုင်ငံတဝန်း လေကြောင်း တိုက်ခိုက်မှု အကြိမ် ၃၇၀ ကျော်ပြုလုပ်ခဲ့ရာ ပြည်သူ ၃၃၄ ဦးသေဆုံးပြီး ၅၅၂ဦးဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

(ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်း စခန်းသာကျေးရွာအား လေကြောင်းမှ ဗုံးကြဲသည့် ဗုံးအပိုင်းအစအား တွေ့ရစဉ်။ ဓာတ်ပုံ – Wetlet Informational Network)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။