Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား-ယူကရိန်း ဒုတိယအကြိမ် ဆွေးနွေးမှု ရလဒ်ကောင်းတွေ ထွက်မလာဘဲ ပြီးဆုံး

ရုရှားနဲ့ ယူကရိန်းကြားက ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမှုဟာလည်း ထင်ရှားမြင်သာတဲ့ တိုးတက်မှုတွေ မရှိဘဲ ပြီးဆုံးခဲ့ပြန်ပါတယ်။

Getty Images

ရုရှားနဲ့ ယူကရိန်းကြားက ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမှုဟာလည်း ထင်ရှားမြင်သာတဲ့ တိုးတက်မှုတွေ မရှိဘဲ ပြီးဆုံးခဲ့ပြန်ပါတယ်။

ဇွန်လ ၂ ရက်နေ့က နှစ်နိုင်ငံ ကိုယ်စားလှယ်တွေဟာ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ ဒုတိယအကြိမ် တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ အခု ဆွေးနွေးပွဲမှာတော့ လောလောလတ်လတ်အဖြစ် ယူကရိန်း ရုရှားလေတပ်စခန်း တချို့ကို ဒရုန်းတွေ အသုံးပြု တိုက်ခိုက်ပြီး ဗုံးကြဲလေယာဉ်တွေကို ဖျက်ဆီးထားခဲ့တဲ့ စစ်ဆင်ရေးရဲ့ အငွေ့အသက်တွေ လွှမ်းမိုးသက်ရောက်နေခဲ့ပါတယ်။

မျှော်လင့်ထားတဲ့အတိုင်း ရုရှားဟာ ယူကရိန်း၊ အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေရဲ့ အဓိက တောင်းဆိုချက်ဖြစ်တဲ့ ခြွင်းချက်မရှိ အပစ်အခတ် ရပ်စဲရေးကို ငြင်းဆိုခဲ့တယ်လို့ ယူကရိန်း ကိုယ်စားလှယ် အဖွဲ့က ပြောပါတယ်။ အဲဒီအစား နောက်ထပ် စစ်သုံ့ပန်းတွေ နှစ်နိုင်ငံကြားမှာ လဲလှယ်ကြဖို့ပဲ ရုရှားက လက်ခံခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး နှစ်နိုင်ငံကြား သိမ်းဆည်းရမိထားတဲ့ စစ်သည် အလောင်း ၁၂၀၀၀ လောက်ကိုလည်း အပြန်အလှန် လဲလှယ်သွားမယ်လို့ ဆိုပါတယ်။

ရုရှားဖက်ကတော့ စစ်မြေပြင်ရဲ့ တချို့သော နေရာတွေမှာ ၂ ရက်ကနေ ၃ ရက်ထိ အပစ်ရပ်ထားဖို့ ကမ်းလှမ်းခဲ့တယ်လို့ ပြောပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ဆွေးနွေးပွဲဟာ တစ်နာရီလောက်သာ ကြာမြင့်ပြီး ခပ်မြန်မြန် ပြီးဆုံးသွားခဲ့တယ်လို့လည်း တူရကီ အစိုးက ပြောပါတယ်။ သုံ့ပန်းလဲလှယ်ရာမှာ နာမကျန်း ဖြစ်နေသူတွေ၊ ဒဏ်ရာအပြင်းအထန် ရထားသူတွေနဲ့ အသက် ၂၅ နှစ်အောက် အရွယ်တွေကို ဦးစားပေး ပြန်လွှတ်ပေးကြဖို့လည်း နှစ်ဖက်ကြားမှာ သဘောတူညီမှု ရရှိခဲ့ပါတယ်။

အမေရိကန် အစိုးရဟာ ၃ နှစ်ကျော် ကြာမြင့်လာပြီဖြစ်တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ရုရှားရော၊ ယူကရိန်းကိုပါ ဖိအားပေးနေပေမယ့် တူရကီမှာ ပြုလုပ်တဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်လို့ နိုင်ငံတကာ မျှော်လင့်ချက်ထားမှုကတော့ အားမကောင်းလှပါဘူး။

လက်ရှိ အခြေအနေမှာတော့ ရုရှားဟာ စစ်ပွဲမတိုင်ခင် ၂၀၁၄ ခုနှစ် ကတည်းက သိမ်းယူထားခဲ့တဲ့ ခရိုင်းမီးယား ကျွန်းဆွယ် အပါအဝင် ယူကရိန်း တစ်နိုင်ငံလုံးရဲ့ ငါးပုံတစ်ပုံလောက်ထိ ကျယ်ပြန့်တဲ့ နယ်မြေတွေကို ထိန်းချုပ်ထားပါတယ်။

ယူကရိန်း ကာကွယ်ရေး ဝန်ကြီး ရူစတမ် အူမာရော့ဗ်က ယူကရိန်းဟာ အနည်းဆုံး ရက် ၃၀ ခြွင်းချက်မရှိ အပစ်အခတ် ရပ်စဲရေး အပါအဝင် ငြိမ်းချမ်းရေး ဆွေးနွေးမှု အဆိုပြု လိုလားချက်တွေကို ရုရှားဆီ ပေးအပ်ထားပြီး ဖြစ်ပေမယ့် ရုရှားဖက်က တုံဏှိဘာဝေ ဖြစ်နေဆဲလို့ ပြောပါတယ်။

တစ်ဖက်မှာတော့ ရုရှား အစိုးရ မီဒီယာတွေက အစ္စတန်ဘူလ်မှာ ဒုတိယအကြိမ် ဆွေးနွေးမှုအပြီး ရုရှားဖက်ကလည်း လိုလားတဲ့ အချက်တွေကို အသိပေး တောင်းဆိုခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲဒီထဲမှာတော့ ရုရှားက တစိတ်တပိုင်း ထိန်းချုပ်ထားတဲ့ ပြည်နယ် ၄ ခုထဲက ယူကရိန်းတပ်တွေ အားလုံး ဆုတ်ခွာပေးပြီး အဲဒီပြည်နယ်တွေကို ရုရှားပိုင်နက်အဖြစ် အသိအမှတ် ပြုရမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ ဒီကိစ္စဟာ ယူကရိန်းအတွက် လိုက်လျော လက်ခံဖို့ ခဲယဉ်းလွန်းတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ဒါတင် မကသေးဘဲ ယူကရိန်းဟာ NATO အပါအဝင် ဘယ်စစ်မဟာမိတ် အင်အားစုနဲ့မှ မပူးပေါင်းဖို့၊ ယူကရိန်း စစ်အင်အားကို ကန့်သတ်ထားရှိဖို့၊ ရုရှားဘာသာစကားကို တရားဝင် ဘာသာစကားအဖြစ် သတ်မှတ်ဖို့၊ ရုရှားအပေါ် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေ ပယ်ဖျက်ပေးဖို့ ဆိုတာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ယူကရိန်းရဲ့ ညှိနှိုင်းရေး အရာရှိတွေကတော့ ရုရှားအနေနဲ့ ယူကရိန်းဖက်က ပို့ဆောင်ထားတဲ့ အဆိုပြုချက်တွေနဲ့ ပတ်သက်ရင် ဇွန်လကုန်လောက် နောက်ဆုံးထားပြီး အကြောင်းပြန်ဖို့ မျှော်လင့်ကြောင်း ပြောကြားထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက မဟာဗျူဟာအရ အထူးအရေးကြီးတဲ့ မြို့တစ်မြို့နားမှာ ရုရှားတပ်တွေ စုဝေးနေတဲ့နောက် ယူကရိန်းရဲ့ ဒေသတွင်း ထိန်းချုပ်နယ်မြေတွေ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။