Connect with us

Hi, what are you looking for?

ကဗျာ

‘အိမ်တက်မင်္ဂလာ’

◼️နေဘုန်းလတ်

ကျောပိုးအိတ်ကိုလွယ်
ဘွတ်ဖိနပ်ကိုစီး
အမေ့ဖုန်းနံပါတ်ကိုအလွတ်ကျက်ပြီး
ဒီခရီးကို စခဲ့ကြ
အချို့ဆို …
နှုတ်ဆက်ချိန်တောင်မရခဲ့ဘူး။
ပန်းတိုင်လည်းရှိတယ်
လမ်းလည်းသိတယ်
ဒါပေမယ့် …
ပန်းတိုင်ကို ဘယ်အချိန်ရောက်မှာလဲ
ဒီလမ်းကို ဘယ်လောက်လျှောက်ရမလဲ
သိခြင်းတချို့နဲ့ မသိခြင်းတဝက်
ဒီလိုပဲ ငါတို့ ထွက်ခွာခဲ့ကြတယ်
… … …
အမေ့အိမ်ကနေ
မိသားစုတွေဆီကနေ
ပျော်စရာ အခိုက်အတန့်တွေကနေ …။
ပြန်တွေ့ကြတာပေါ့လို့တွေး
ကိုယ့်အသက်ကိုယ်မွေးကြရင်း
အပြီးအပိုင်ဝေးဝေးသွားကြတဲ့ ကြယ်တွေ
ပြန်ဆုံကြတဲ့အခါ …
အရင်လို လူစုံကြပါတော့မလား
အဲဒီ့လိုစိုးရိမ်စိတ်တွေနဲ့ပဲ …။
မပြီးသေးတဲ့ခရီး
ရေမြေအဆုံးစီးဆင်းကြရုံပေါ့
ငါတို့ပြန်လာခဲ့မှာပါ
… … … …
အဲဒီအချိန်အခါဟာ
ငါတို့ရဲ့ အိမ်တက်မင်္ဂလာ
တယောက်အမာရွတ်ကို
တယောက်ကပွတ်သပ်ရင်း
ပြန်မလာနိုင်တော့သူတွေအကြောင်း
နေစောင်းတဲ့အထိ ပြောကြရင်း
ဒဏ်ရာတွေနဲ့ တည်ခင်းမယ့်ညစာ
မင်းလဲ ငါ့ကိုဖိတ်ပါ
ငါလဲ မင်းကိုဖိတ်မှာ … ။ ။


The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​​နေဘုန်းလတ်’ ရေးဖွဲ့တဲ့ “အိမ်တက်မင်္ဂလာ” ကဗျာ ကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် Public Service Announcement ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...