◼️နေဘုန်းလတ်
ကျောပိုးအိတ်ကိုလွယ်
ဘွတ်ဖိနပ်ကိုစီး
အမေ့ဖုန်းနံပါတ်ကိုအလွတ်ကျက်ပြီး
ဒီခရီးကို စခဲ့ကြ
အချို့ဆို …
နှုတ်ဆက်ချိန်တောင်မရခဲ့ဘူး။
ပန်းတိုင်လည်းရှိတယ်
လမ်းလည်းသိတယ်
ဒါပေမယ့် …
ပန်းတိုင်ကို ဘယ်အချိန်ရောက်မှာလဲ
ဒီလမ်းကို ဘယ်လောက်လျှောက်ရမလဲ
သိခြင်းတချို့နဲ့ မသိခြင်းတဝက်
ဒီလိုပဲ ငါတို့ ထွက်ခွာခဲ့ကြတယ်
… … …
အမေ့အိမ်ကနေ
မိသားစုတွေဆီကနေ
ပျော်စရာ အခိုက်အတန့်တွေကနေ …။
ပြန်တွေ့ကြတာပေါ့လို့တွေး
ကိုယ့်အသက်ကိုယ်မွေးကြရင်း
အပြီးအပိုင်ဝေးဝေးသွားကြတဲ့ ကြယ်တွေ
ပြန်ဆုံကြတဲ့အခါ …
အရင်လို လူစုံကြပါတော့မလား
အဲဒီ့လိုစိုးရိမ်စိတ်တွေနဲ့ပဲ …။
မပြီးသေးတဲ့ခရီး
ရေမြေအဆုံးစီးဆင်းကြရုံပေါ့
ငါတို့ပြန်လာခဲ့မှာပါ
… … … …
အဲဒီအချိန်အခါဟာ
ငါတို့ရဲ့ အိမ်တက်မင်္ဂလာ
တယောက်အမာရွတ်ကို
တယောက်ကပွတ်သပ်ရင်း
ပြန်မလာနိုင်တော့သူတွေအကြောင်း
နေစောင်းတဲ့အထိ ပြောကြရင်း
ဒဏ်ရာတွေနဲ့ တည်ခင်းမယ့်ညစာ
မင်းလဲ ငါ့ကိုဖိတ်ပါ
ငါလဲ မင်းကိုဖိတ်မှာ … ။ ။
The Call – ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘နေဘုန်းလတ်’ ရေးဖွဲ့တဲ့ “အိမ်တက်မင်္ဂလာ” ကဗျာ ကို People’s Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)


















































