◼️ခွန်းနီ
စီးကရက်တစ်ဗူးဘယ်လောက်လဲ
အရက်တစ်ပုလင်းဘယ်လောက်လဲ
ဝက်ချိုချဥ်ကြော်တစ်ပွဲဘယ်လောက်လဲ
အာသာဖြေဖို့တစ်ညဘယ်လောက်လဲ
အားလုံးပေါပေါလောလောရတယ်။
အသက်တစ်ချောင်းဘယ်လောက်လဲ
ဘဝတစ်ခုဘယ်လောက်လဲ
အရှက်သိက္ခာနဲ့ကိုယ်ကျင့်တရားဘယ်လောက်လဲ
အားလုံးလွယ်လွယ်လေးလား
အေးဟုတ်တယ်
ငါတို့နိူင်ငံမှာအားလုံးလွယ်လွယ်လေးပဲ။
ကြက်ကလေးလို
ငှက်ကလေးလို
သေဖို့လွယ်လွယ်လေး
ကြက်ကလေးလို
ငှက်ကလေးလို
လွတ်လပ်မှုတောင်မရှိတဲ့အခါ
မွေးမြူရေးငါးကန်ထဲကငါးတွေလို
အစွမ်းကုန်ကြီးထွားပြကြရပေါ့။
အလောင်းချင်းထပ်နေတယ်
သွေးစသွေးနတွေပွက်နေတယ်
ကယ်ပါ ယူပါ
တဆာဆာပေါ့
ငါတို့မှာဒီလောက်တောင်စျေးပေါခဲ့ရတယ်။
သေဖို့အရေးလား
နေဖို့အရေးလား
အားလုံးဟာလွယ်လွယ်လေး
သေမလိုဖြစ်ခဲ့တဲ့ကောင်တွေလဲ
ဒုနဲ့ဒေးပါပဲ။
သေသူတွေရဲ့တန်ဖိုးကို
ဘယ်အရာတွေနဲ့ချိန်ထိုးမလဲ
စဥ်းစားလေလေ
ပေါက်ကွဲခံပြင်းဒေါသဖြစ်လေလေပဲ။
မခံနိူင်တော့ရင်လက်ညိုးလေးကွေးလိုက်ကြ
ပြေးထွက်စရာမှမရှိတော့တာ
သူသေကိုယ်သေပဲလေ
အားလုံးဟာလွယ်လွယ်လေး။
(The Call – ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ခွန်းနီ’ ရေးဖွဲ့တဲ့ “အားလုံးလွယ်လွယ်လေးပဲ” ကဗျာ ကို People’s Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)


















































