Connect with us

Hi, what are you looking for?

သတင်း

စစ်သင်္ဘော ၁၀ စီး​ကျော် ဗန်းမော်ဘက်သို့ ဦးတည်လာနေသည့် သတင်းကြားရဟု KIAပြော

ဗန်းမော်တွင်လက်နက်ကြီးအပြန်အလှန် တိုက်ခိုက်၊ ဖားကန့်လမ်းတွင်လည်း စစ်ကောင်စီတပ်များကို KIA ပူးပေါင်းတပ် တိုက်ခိုက်

ဇွန် ၂၄ရက်တွင် စလင်းနယ်သို့ ဖြတ်သန်းသွားသည့် စစ်ကောင်စီ သင်္ဘောများ နှင့် ၂၀၂၄ သြဂုတ်လတွင် စစ်တပ်​ရေယာဥ်များကို KIA ကတိုက်ခိုက်ဖျက်ဆီးခဲ့စဥ်။ဓါတ်ပုံ-CJ

ဇွန်-၂၅၊၂၀၂၅။ထားမြတ်/People’s Spring

စစ်ကောင်စီ သင်္ဘောများ ကချင်ပြည်နယ် ဗန်းမော်ဘက်သို့ ဦးတည်လာနေသည့် သတင်းများ ကြားသိရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယ​နေ့ပြောကြားသည်။

စစ်ကောင်စီ၏ စစ်အင်အား၊ လက်နက်ခဲယမ်း ရိက္ခာများ တင်ဆောင်လာသည့် သင်္ဘော ၁၂စီးခန့်ပါ ရေယာဉ်အုပ်စုသည် ဇွန်လ ၂၄ရက်တွင် မကွေးတိုင်း အတွင်း ဧရာ၀တီမြစ်ကြောင်းအတိုင်း အထက်သို့ဆန်တက်သွားနေသည့် ဆိုသည့်သတင်းနှင့်ပတ်သက်၍ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားခြင်းဖြစ်သည်။ အသေးစိတ်အခြေအနေများကို ဆက်လက်မေးမြန်းထားဆဲဖြစ်သည်။

အဆိုပါ စစ်ကောင်စီသင်္ဘောများသည် KIAက မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေသည့် ဗန်းမော်သို့ ဦးတည်လာခြင်းဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ခန့်မှန်းထားသကဲ့သို့ မကွေးတိုင်း ဒေသခံ အချို့ကလည်း ဗန်းမော်သို့ ဦးတည်ခြင်းဖြစ်နိုင်ကြောင်း ပြောသည်။

Public Service Announcement

Public Service Announcement

ယင်းသင်္ဘောများသည် ဇွန်လ ၂၁ရက်က ဧရာ၀တီတိုင်း ဝါးခယ်မမြို့မှ စတင်ထွက်ခွာလာခြင်းဖြစ်ပြီး ဇွန်လ ၂၃ရက်တွင် ရေနံချောင်း၊ ဇွန်လ ၂၄ ရက်တွင် စလင်းနယ်သို့ ဖြတ်သန်းသွားဟု သတင်းရင်းမြစ်အချို့က အသိပေးထားသည်။

“ ဗန်းမော်ဘက်လို့ ကြားထားတာ” ဟု စလင်းဒေသရှိ ဒေသခံများ၊ ကာကွယ်ရေးရဲဘော်များနှင့် သိရှိသည့် သတင်းရင်းမြစ်တဦးက ပြောပြသည်။

အဆိုပါ သင်္ဘောများ ဖြတ်သန်းစဉ် စစ်ကောင်စီဘက်က ဒရုန်းဖြင့် ပစ်ခတ်မှု အချို့ရှိခဲ့သည်ဟု ပြောပြသည်။

“ ဒရုန်းနဲ့ချတာ ပခန်းငယ်တဲ့။ ချောက်နယ်က ပခန်းငယ်။ နွားတကောင်ပဲ သေ လူအထိအခိုက်မရှိ။ ညက သင်္ဘောတွေက စလေဘက်ကို ရောက်တာ အခု ဘယ်ရောက်ပြီလဲတော့ မသိဘူး”ဟု အထက်ပါ သတင်းရင်းမြစ်က ပြောပြသည်။

စစ်ကောင်စီက ဗန်းမော်သို့ စစ်သင်္ဘောများ ဦးတည်လာသည့် သတင်းများ ရှိနေသည့် အခြေအနေတွင် ဧရာ၀တီမြစ်ဘေးရှိ ထီးချိုင့်၊ ကသာ၊ ရွှေကူ မြို့နယ်များတွင် စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုများ ရှိနေသည်ဟု ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

ထို့ကြောင့် မြစ်ကမ်းဘေးနေပြည်သူများ သတိထားကြရန် သတိပေးမှုအချို့လည်းတွေ့ရသည်။ အဆိုပါ မြို့နယ်များသည် တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းစွာ လှုပ်ရှားနိုင်သည့် ဒေသများဖြစ်ပြီး အကယ်၍ စစ်ကောင်စီသင်္ဘောများ လာပါက ဗန်းမော်သို့ ရောက်ရှိနိုင်မည်မဟုတ်ဟု ကချင်သတင်းရင်းမြစ်တဦးက ပြောသည်။

KIAက မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေသည့် ဗန်းမော်တွင် တိုက်ပွဲများ ဆက်ရှိနေသည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။

“လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်တာ၊ လေကြောင်း တိုက်ခိုက်တာတွေနေ့တိုင်းရှိတယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

KIAသည် ဗန်းမော်မြို့ အား အပြီးသတ် သိမ်းနိုင်ရေး ကြိုးပမ်းနေသည်မှာ နှစ်ဝက်ကျော်ကြာပြီဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေး ခုခံမှုများ ပြုလုပ်လျက်ရှိသည်။

KIA ပူးပေါင်းတပ်သည် ဗန်းမော် မြို့သိမ်း စစ်ဆင်ရေး မစမီ ၂၀၂၄ သြ​ဂုတ်လအတွင်းက ဗန်းမော်သို့ စစ်အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီ၏ သင်္ဘောများကို တိုက်ခိုက်နှစ်မြုပ်ခဲ့ဖူးသည်။၂၀၂၄ ခုနှစ် ကဗန်းမော်သို့ စစ်ကူနှင့် ခဲယမ်းများ ပို့ဆောင်ရန် စစ်ကောင်စီဘက်က စစ်သင်္ဘောများ အပါအဝင် သင်္ဘော ၈စီးဖြင့် ဆန်တက်လာရာ KIA ပူးပေါင်းတပ်က ထီးချိုင့်၊ ကသာ မြို့နယ်အတွင်း စစ်ကောင်စီ သင်္ဘောများကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ မြစ်ကြောင်းအတိုင်း လေကြောင်းအကာအကွယ်ယူဆန်တက်လာသည့် စစ်ကောင်စီသင်္ဘောများကို ထီးချိုင့်မြို့နယ်အရောက်တွင် KIA ၊ PDF ပူးပေါင်းတပ်က စတင် တိုက်ခိုက်ခဲ့ရာ သင်္ဘော ၈စီးအနက် ၁စီးသာဗန်းမော်သို့ ရောက်ရှိခဲ့ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

မြစ်ကြောင်းတလျှောက် တော်လှန်ရေးပူးပေါင်းတပ်များက စစ်ကောင်စီ၏ ရေယာဉ်များကို တိုက်ခိုက်ဖျက်ဆီးခဲ့သည်။

ထို့အပြင်ကချင်ပြည်နယ်ဖားကန့်မြိ့နယ်တွင်လည်း KIAပူးပေါင်းတပ်နှင့် စစ်ကောင်စီအကြား တိုက်ပွဲများဆက်ရှိနေကြောင်း ကချင်သတင်းရင်းမြစ်တဦးက ပြောပြသည်။

“၁၈ရက်နေ့ကတည်းက လဝါးဘက်ကနေစပြီး ဖားကန့်လမ်းဘက် စထိုးနေတာ။ ၂၂ရက်နေ့ကလည်း တိုက်ပွဲစဖြစ်တယ်။ အဓိက ထိတွေ့နေတာ မအူကျေးရွာနားတ၀ိုက်ပါ”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်များ ဖားကန့်ဘက် ဆက်လက်စစ်ကြောင်းထိုးနေ၍ KIA ပူးပေါင်းတပ်က ဖြတ်တောက် တိုက်ခိုက်နေခြင်းဖြစ်ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။