Connect with us

Hi, what are you looking for?

သတင်း

ကမ္မမြို့ပေါ်မှ စစ်ကောင်စီစစ်ကြောင်း ပေါက်မြို့ဘက်သို့ ထွက်ခွာနေ

မကွေးတိုင်း၊ ကမ္မမြို့သို့ တစ်လနီးပါးကြာရောက်ရှိနေသော စစ်ကောင်စီတပ်ရင်းများသည် အင်အား ၁၀၀ ကျော်ရှိသော စစ်ကြောင်းတစ်ကြောင်းချန်ထားခဲ့ပြီး ပေါက်မြို့သို့ ဆက်လက်ထွက်ခွာသွားသည်။

စစ်ကောင်စီ စစ်ကြောင်းကြောင့် ကမ္မမြို့မှ စစ်ရှောင်အချို့ကို တွေ့ရစဥ်

ဇူလိုင်-၃၊ ၂၀၂၅။ ‌ဇော်ရမ်း/People’s Spring

မကွေးတိုင်း၊ ကမ္မမြို့သို့ တစ်လနီးပါးကြာရောက်ရှိနေသော စစ်ကောင်စီတပ်ရင်းများသည် အင်အား ၁၀၀ ကျော်ရှိသော စစ်ကြောင်းတစ်ကြောင်းချန်ထားခဲ့ပြီး ပေါက်မြို့သို့ ဆက်လက်ထွက်ခွာသွားသည်။

ပခုက္ကူမြို့၊ အမှတ်(၁၀၁)‌ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ ခြေလျင်တပ်ရင်းများဖြစ်သည့် ခလရ(၂၅၁၊ ၁၅၂၊၂၅၄၊၂၅၇၊၂၅၈၊၂၅၉၊ ၂၃၅)၊ ပြည်သူ့စစ်သင်တန်းအပတ်စဉ် ၅၊၆၊၇၊၈၊၉မှ သင်တန်းဆင်းများလည်းပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းများသည် မေလ ၂၉ရက်မှစ၍ ကမ္မမြို့သို့ ဝင်ရောက်လာခြင်းဖြစ်ပြီး ယခုရက်ပိုင်းတွင် ပေါက်မြို့သို့ဆက်လက်ထွက်ခွာသွားခြင်းဖြစ်သည်။

“ပေါက်နဲ့ ကမ္မကြားက တပ်မတောင်ပေါ်ကို ရောက်သွားပြီး။ မြို့ထဲမှာစစ်ကြောင်းတစ်ကြောင်းချန်ခဲ့တယ်။ မြို့ခံတွေ ပြန်ဝင်ဖို့တော့ စိတ်ချလို့မရသေးဘူး”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

တက်မတောင်သည် ကမ္မနှင့် ပေါက်မြို့ကြား၌တည်ရှိပြီး သာကြီး‌တောင်နှင့်လည်း နီးသည်။ စစ်ကောင်စီယာဉ်တန်းသည် တက်မတောင်သည် သာကြီး‌တောင်ကြား၌ ရပ်တန့်ထားကြောင်းသတင်းရရှိသည်။

“စစ်ကောင်စီစစ်ကြောင်းက နောက်ကပို့မယ့် စစ်ကူတွေကို မျှော်ပြီး တဖြေးဖြေး ခရီးဆက်နေတာ။ ကမ္မထဲကိုလည်း နောက်ထပ် အင်အားဖြည့်နိုင်တဲ့အခြေအနေရှိတော့ စစ်ရှောင်နေရတဲ့ဒေသခံတွေအတွက်က အကူအညီတွေလိုအပ်နေတုန်းပါ”ဟု ကျောင်းသားတပ်မတော်ရဲ့(ABSDF)တပ်ရင်း(၃) ပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးကျော်ကပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ပေါက်နှင့် ထီးလင်းမြို့ကြားရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ(၂၄)ကို ဦးတည်နေသည်ဟု ကာကွယ်ရေးရဲဘော်များကပြောသည်။ ကပစ(၂၄)ကို တော်လှန်ရေးအင်အားစုများက လျှပ်စစ်မီးနှင့် ရိက္ခာဖြတ်တောက်ထား၍ စစ်ကောင်စီက ရိက္ခာ၊ လူအင်အားဖြည့်တင်းရန် ကြိုးပမ်းနေသည်ဟု သတင်းရရှိသည်။ ကပစ(၂၄)သည် လက်နက်ကြီးကျည် ၆၀ မမ၊၈၀ မမ နှင့် ၁၂၀ မမ တို့ကို အဓိကထုတ်လုပ်နေကြောင်း စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက်အချို့တွင် ဖော်ပြထားသည်။

ယခုတက်လာသော စစ်ကောင်စီစစ်ကြောင်းတွင် စစ်မှုထမ်းဥပဒေဖြင့် စစ်သင်တန်းဆင်းအများအပြား ပါဝင်သည်ဟု ပခုက္ကူမြို့နယ်ပကဖတာဝန်ခံ ကိုဇင်ယော်ကပြောသည်။ ကပစ(၂၄)ကို အင်အားဖြည့်နိုင်သည့်အပြင် ယောနယ်အထိလည်း ဆက်လက်စစ်ကြောင်းထိုးနိုင်၍ လမ်းတလျှောက် အရပ်သားပြည်သူများလုံခြုံရေးအထူးသတိပြုကြရန် ၎င်းက သတိပေးသည်။

ကမ္မမြို့သည် မကွေးတိုင်းအတွင်း လက်ရှိ၌ အင်အားအများဆုံးဖြင့် စစ်ကြောင်းထိုးခံနေရသော မြို့ဖြစ်သည်။ မြို့ပေါ်နေလူဦးရေ ၉၀ ရာခိုင်နှုန်းခန့်သည် စစ်ဘေးရှောင်နေရပြီး အကူအညီများပေးကြရန် ပခုက္ကူမြို့နယ်လူသားချင်းစာနာထောက်ထားရေးတာဝန်ခံက အကူအညီတောင်းထားသည်။

စစ်ကောင်စီစစ်ကြောင်းကို တပ်မ(၁၀၁) ဒုတပ်မမှူးဦးဆောင်နေခြင်းဟု တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

စစ်ကောင်စီစစ်ကြောင်းကို ဇွန်လ ၂၆ရက်‌ နေ့တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကလည်း တိုက်ခိုက်ခဲ့ကြသည်။ ABSDF အမှတ် ၃ စစ်ကြောင်း ၊ အောင်ကျော် (RG) ၊ မြို့နယ် ပလဖ ၊ Tiger Warrior Force (TWF) ၊ အညာမြေပြောက် ကျားတပ် ဖွဲ့ (ကိုဇော်မိုက်) ၊ ကိုရေခဲနှင့် ကိုဗလဦးဆောင်သော လူငယ်ပြောက်ကျားတပ်ဖွဲ့ (YGF) တို့နှင့်အတူ ပူး ပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်၇ဦးသေဆုံးခဲ့သည်ဟု Pakokku People Defense Force (PPDF) က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဧပြီလကလည်း ကားအစီးရေ ၇၀ ကျော်အသုံးပြု၍ ပခုက္ကူ-ကမ္မ-ပေါက်လမ်းအတိုင်း ယောနယ်သို့စစ်ကြောင်းထိုးရန်ကြိုးစားစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကပိတ်ဆို့တိုက်ခိုက်ရာ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်က စစ်ဘေးရှောင် စာသင်ကျောင်း သုံးကျောင်းမှာ အမိုးအကာနဲ့ ကျောင်းဆောင်တွေ အရေးပေါ် လိုအပ်နေကြောင်း မြို့နယ်လူသားစာနာဌာန တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-)က စစ်ကြောင်းထိုးပြီး ဂျက်ဖိုက်တာနဲ့ပါ ပစ်ခတ်နေလို့ ကျေးရွာ ၆ရွာက ဒေသခံပြည်သူ ၅၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပေါက်မြို့နယ် လူသားစာနာဌာနရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့မှာ စစ်တပ်က မြို့ပေါ်ရပ်ကွက်တချို့နဲ့ ကျေးရွာတွေကို မီးပတ်ရှို့နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားရဲစခန်းကနေ မြောက်ဘက်ကို စစ်တပ်စစ်ကြောင်းထိုးလာပြီး ဒေသခံ ၁၀၀နီးပါးကို ဖမ်းဆီးထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။