ဇူလိုင်-၁၁၊၂၀၂၅။ရဲခေါင်/People’s Spring
မြို့၏စစ်တပ်ကာကင်းစခန်းသိမ်းပိုက်ခံပြီးနောက်စစ်ကောင်စီက မြိုင်မြို့ပတ်ပတ်လည်ကိုလေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေကြောင်း ဒေသခံနှင့်စစ် ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။
ယနေ့(ဇူလိုင် ၁၁ ရက်)နေ့လယ် ၁၂ နာရီ ခွဲ ခန့်ကစ၍ မြို့ဝန်းကျင်အနှံ့ဂျက်ဖိုက်တာများနှင့် ဗုံးအကြိမ်ကြိမ် ကြဲချ တိုက်ခိုက်နေခြင်းဟုသိရသည်။
“တနေ့က မြိုင်မှာဖြစ်တဲ့ကိစ္စ(စစ်ကောင်စီအထိုင်စွဲ ထားသည့် မြိုင်မြို့စီမံကိန်းရုံးကို တော်လှန်ရေးတပ် များသိမ်းပိုက်)ကြောင့် အဓိကဖြစ်တယ်”ဟု မြိုင်မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement
စစ်ကောင်စီက ဆက်တိုက်ဗုံးကြဲနေသဖြင့် ပြည်သူများ ဂရုစိုက်ရန်လည်း အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ထားသည်။
“စိတ်ထင်သလိုကို ကြဲနေတာပါ။အခုကတော့ အကြိမ်ရေ တအားများတယ်။ဂျက်ဖိုက်တာ၊Y 12 နဲ့ပါရာမော်တာ အဲဒီသုံးမျိုးနဲ့လှည့်ကြဲနေတာ”ဟု အညာမြေတပ်ပေါင်းစု တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေမသိရသေးပေ။
“ဒီကောင်တွေကမြို့ကိုကျနော်တို့ဝိုင်းထားတယ်ထင်ပြီးပတ်ကြဲနေတာ”ဟုမြိုင်မြို့နယ်အခြေစိုက် နဂါးနီအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက ပြောသည်။
ဇူလိုင် ၉ ရက်နေ့ မနက် ၄ နာရီ မြိုင်မြို့ အရှေ့ပိုင်းရှိ မြို့ကိုကာထားသည့်မြိုင်-ပခုက္ကူသွားလမ်းပိုင်းတွင်ရှိသော စီမံကိန်းရုံးတွင် အထိုင်ချထားသော စစ်သားများကို PDF တပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး သုံ့ပန်း ၁၂ ဦး ၊လက်နက် မျိုးစုံ ၁၃ လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့သည်။
အဆိုပါစစ်ဆင်ရေးကိုမုံရွာခရိုင်တပ်ရင်း(၈)၊မြိုင်ညီညွတ်ရေးတပ်ပေါင်းစု (9+) ၊ ဇာမဏီပြောက်ကြားတပ်ဖွဲ့၊တပ်ပေါင်းစု(Good Brother)၊ အညာဟီးရိုး လက်နက်ကြီးအဖွဲ့၊ ဂျော်ကာပြောက်ကြားတပ်ဖွဲ့ (ဒရုန်း)၊ ကင်ဒို (ဒရုန်း) ပေါက်၊ အညာမြေပြောက်ကြားတပ်ဖွဲ့ (ဒရုန်း)၊ Burma Revolution Ranger (BRR)၊ NFTA(မြောက်ပိုင်းကျားငါးကောင်အဖွဲ့)၊အညာမုန်တိုင်းအဖွဲ့၊တော်လှန်ပြောက်ကျားအဖွဲ့၊ Scorpion People Denfece Force တို့ဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
ဇူလိုင် ၁၀ ရက်နေ့ကလည်းမြိုင်မြို့သနပ်ရင်းရွာကို စစ်ကောင်စီ ၏လေကြောင်းတိုက်ခိုက်မှုကြောင့်၂ နှစ်အရွယ် ကလေးတစ်ဦးနှင့် ၄၀ ကျော်အရွယ် အရပ်သား တစ်ဦး သေဆုံးခဲ့ရသည်။





















































