Connect with us

Hi, what are you looking for?

Short Story

‘Soldier Coming Home’

တကယ့်စစ်သားတယောက်ရဲ့အိမ်အပြန်တိုင်းဟာ ကြည်နူးဝမ်းသာဖွယ်ရာချည်းပဲ မဟုတ်ဘူး။ မြေအိုးလေးထဲ အရိုးပြာထည့် သင့်အား ကျွန်ုပ်တို့တပ်မှ ထုတ်ပယ်သည်ဆိုတာမျိုးလည်းဖြစ်နိုင်တယ်။ အိမ်ပြန်ရောက်လာတာ ဓာတ်ပုံလေးတပုံ၊ ဖုန်းလေးတလုံး၊ အင်္ကျီလေးတထည်လည်း ဖြစ်နိုင်တယ်။

◼️မိုးမြင့်​ကျော်

စစ်ပွဲကပြန်လာတဲ့ ယောကျာ်းတယောက်ကို ခင်ဗျားတို့ပုံစံအမျိုးမျိုးနဲ့ မြင်ဖူးကြမှာပဲ။ ဝှီးချဲပေါ်ထိုင်နေတဲ့ အဖေရဲ့ရှေ့မှာ စက္ကူပုံးအကြီးကြီးထဲက ထွက်လာလို့ ဝမ်းသာသွားရတာမျိုး၊ ထမင်းဟင်းချက်နေတဲ့ အမေ့မီးဖိုခန်းထဲ နောက်ကနေ မသိအောင်ဝင်သွားပြီး ထင်မှတ်မထားဘဲ မြင်လိုက်ရလို့ အံ့သြဝမ်းသာငိုလိုက်တာမျိုး၊ ကျောင်းတက်နေတဲ့ သမီးငယ်ဆီ စာသင်ကျောင်းအထိလိုက်သွားပြီး ရုတ်တရက်အဖေကိုတွေ့လိုက်ရလို့ ပြေးဖက်ဝမ်းသာကြတာမျိုး၊ ချစ်သူရဲ့ အလုပ်အထိလိုက်သွားပြီး အပြေးအလွှားဖက်ပွေ့ကြည်နူးကြတာမျိုးပေါ့။ တကယ့်စစ်သားတယောက်ရဲ့အိမ်အပြန်တိုင်းဟာ ကြည်နူးဝမ်းသာဖွယ်ရာချည်းပဲ မဟုတ်ဘူး။ မြေအိုးလေးထဲ အရိုးပြာထည့် သင့်အား ကျွန်ုပ်တို့တပ်မှ ထုတ်ပယ်သည်ဆိုတာမျိုးလည်းဖြစ်နိုင်တယ်။ အိမ်ပြန်ရောက်လာတာ ဓာတ်ပုံလေးတပုံ၊ ဖုန်းလေးတလုံး၊ အင်္ကျီလေးတထည်လည်း ဖြစ်နိုင်တယ်။

တရက် ကျတော်တို့တဖွဲ့၊ တဖွဲ့ဆိုပေမယ့် သုံးယောက်တည်းပါ။ ရှေ့တန်းတပ်တွေနဲ့ မလှမ်းမကမ်းက ရွာတရွာကိုရောက်သွားတယ်။ စစ်သတင်း လွှာတွေ ရွာကလူစုလူဝေးရှိတတ်တဲ့ ဆိုင်လေးတွေ လိုက်ပို့ကြရင်း ဆိုင်တဆိုင်မှာ သတင်းလွှာဝင်ပေးရင်း ဝင်ထိုင်ကြတာပေါ့။ အဲ့ဒီအချိန်တိုက်ပွဲကလည်း ဖြစ်နေတာဆိုတော့ ရှေ့တန်းတပ်တွေဆီလည်း ရိက္ခာပို့တဲ့အဖွဲ့နဲ့ သတင်းလွှာကိုထည့်ပေးဖို့ လာခဲ့ကြတာ။ အင်တာနက်မရ၊ ဖုန်းလိုင်းမရ၊ တိုက်ပွဲရက်ကလည်းကြာနေပြီဆိုတော့ တချို့သတင်းတွေနဲ့ အချို့အရာတွေ ဖတ်နိုင်၊ သိနိုင်အောင်ပေါ့လေ။

ဒေါ်ရွှေမိဆိုင်လည်းရောက်ရော ထိုင်ပါရှင်ဆိုတဲ့ လောကွတ်စကားနဲ့အတူ တိုက်ပွဲအခြေနေနဲ့ ပါတ်ဝန်းကျင်က အကြောင်းတွေ သူကြားထားသမျှ ဒေါ်ရွှေမိက ဖောက်သည်ချတော့တာပဲ။ ကျနော်တို့ရဲ့ အခေါ်အရ BBCဒေါ်ရွှေမိ ပေါ့။ သူ့ဆီသွားရင် သတင်းကအစုံကြားရတာ။ ဘေးဝိုင်းတယောက်တည်းထိုင်နေတဲ့ လူကလည်း လေယာဉ်ဘယ်နှစ်ခေါက်လာပစ်တယ်၊ ဘယ်လိုဘယ်ညာပေါ့လေ။ သူ့ပုံစံကလည်း ပိန်ပြီး နေမကောင်းတဲ့ဟန်မျိုး ပြီးတော့ သူ့ပြောပုံဆိုပုံကြည့်ရတာ လက်နက်အကြောင်း တိုက်ပွဲအကြောင်းသိနေပုံပဲ။ ဒီဆိုင်မှာက ရိက္ခာထောက်ပို့သမားတွေအနေများတော့ သူလည်းအဲ့ဒီအဖွဲ့တွေထဲကဖြစ်မယ်ထင်လို့ မေးကြည့်လိုက်တော့။ ကျနော်က ဆေးခွင့်နဲ့နားနေတာဗျ လက်ပြင်ကို လက်နက်ကြီးထိထားလို့တဲ့။ တပ်ရင်းမေးကြည့်တော့ ဒီဘက်နယ်မြေက တပ်ရင်းမဟုတ်ဘူး။ ဒါနဲ့နေပါအုံး ခင်ဗျားက ဘယ်လိုဖြစ်လို့ ဒီမှာလာနားနေတာလဲ၊ ဒီမှာဆေးရုံဆေးခန်းလည်း ရှိတာမဟုတ်ဘူးဆိုတော့။ ကိုယ်နယ့်ကို မပြန်ချင်လို့ပါဗျာတဲ့။

Public Service Announcement

Public Service Announcement

အဲ့ဒီမှာဒေါ်ရွှေမိက ဝင်လာပြီး သူ့မိန်းမနောက်လင်ယူသွားလို့ ရှက်ပြီးမပြန်တော့တာဟေ့ ဆိုပြီး ထပြောပါလေရော။ အဲ့ဒီရဲဘော်ကလည်း ပြုံးစိစိနဲ့ အဲ့လိုမပြောပါနဲ့ ဒေါ်ရွှေမိရာ ကျနော့်မိန်းမက မိန်းမမြတ်ပါဗျာတဲ့။ ကျနော်လည်း တခြားတခုခုများပြောမလားလို့ ဘာမြတ်လို့လဲဗျာဆိုတော့။ သူ့ကို တောင်းယူပြီး မင်္ဂလာမဆောင်ဖြစ်သေးတော့ တင်တောင်းငွေ မပေးရသေးဘူးတဲ့။ အခုသူ နောက်လင်ယူသွားတော့ ကျနော့်ကို ကွာရှင်းစရိတ် သိန်းနှစ်ဆယ်ပေးတယ်တဲ့။ တကယ့်လူဗျာ။ အင်းပေါ့လေ သူ့လိုကြံဖန်တွေးရရင်တော့ တကယ့်မိန်းမမြတ်ပါပဲ။

ဆေးလိပ်မီးတောင်းညှိရင်း စကားစပြတ်သွားတာနဲ့ အဲ့ဒီအကြောင်းပြန်ဆက်ရင်း ဘယ်အချိန်တည်းက ယူလိုက်ကြတာလဲဆိုတော့၊ ရည်းစားဖြစ်တာတော့ကြာပြီ ယူဖြစ်တာတော့တော်လှန်ရေးကာလအစ အာဏာသိမ်းပြီးစပေါ့ဗျာ။ ယူပြီး လေးငါးလနေတော့ ကျနော်စစ်သင်တန်းတက်ပြီး ရှေ့တန်းမှာကြာနေတာနဲ့ အိမ်ကိုပြန်မရောက်တာ တနှစ်လောက်ကြာသွားတယ်။ အဆက်သွယ်ရပေမယ့် တခါတလေပဲ။ နောက်ပိုင်း မရသလောက်ဖြစ်သွားတယ်။ အဲ့ဒါ ရှေ့တန်းကပြန်တော့ ဒါဏ်ရာလည်းရထားတော့ တပ်ရင်းမှူးဆီခွင့်တောင်းပြီး တလလောက်အိမ်ပြန်ဖို့ ခွင့်ရတာနဲ့ ဆိုင်ကယ်ငှားပြီး ပြန်ခဲ့တာ။ မိန်းမအိမ်ရောက်တော့ ဘယ်သူမှလည်းမရှိကြဘူး။ လယ်တောမှာ ရောက်နေကြတာထင်တယ်။ ကျနော်လည်း အိမ်အောက်ထပ် စားပွဲခုံဘေးမှာ ကျောပိုးအိတ်ကလေးအသာချ ခဏထိုင်နေတာ။ အဲ့ဒီမှာ ကျနော်နဲ့မတိမ်းမယိမ်းကောင်လေး တယောက်ရောက်လာပြီး အပေါ်တက်လိုက် အ​အောက်ဆင်းလိုက်နဲ့။ သူ့ကိုကြည့်လိုက်တော့ ကျနော့်ယောက်ဖလည်း မဟုတ်ဘူး။ သူက ကျနော်နဲ့ ကျနော့်မိန်းမအိပ်တဲ့ အခန်းထဲ ဝင်ချည်ထွက်ချည်လုပ်နေတာ။ သူလည်း ကျနော့်ကို ဘာလာလုပ်တဲ့ကောင်လဲဆိုတဲ့အထာနဲ့ ကြည့်သွားလိုက်ပြန်ဝင်လာလိုက်နဲ့။

ခဏနေတော့ ကျနော်လည်း မနေနိုင်လို့ မေးကြည့်လိုက်တယ်။ ညီလေး ဒီကအိမ်သားတွေ ဘယ်သွားကြလဲဆိုတော့၊ လယ်တောတဲမှာတဲ့။ ညီလေးကဘယ်ကလဲဆိုတော့ ကျနော်က ဒီအိမ်ကတယောက်နဲ့ အိမ်ထောင်ကျတာလေတဲ့။ စဥ်းစားကြည့်တော့ ဒီအိမ်မှာ ညီအမနှစ်ယောက်ပဲရှိတာဗျာ။ အကြီးမက အိမ်ထောင်ကျပြီးသား။ အငယ်မက ကျနော်နဲ့။ အဲ့ဒါနဲ့ ဘယ်သူနဲ့လဲဆိုတော့ အငယ်မနဲ့တဲ့။ ကျနော်လည်း ရုတ်တရက်ဘာပြောရမှန်းမသိဘူး။ ထူပူပြီးအ,သွားတယ်။ သူက အကိုဘယ်သူနဲ့တွေ့မလို့လဲ ခေါ်ပေးရမလားတဲ့။ ကျနော်လည်း ရှက်တာရယ် ဖြစ်​ပြီးတာလည်း ဖြစ်သွားပြီဆိုတော့ ရတယ်ညီလေး၊ အကိုအရင်က ဒီအိမ်မှာ သူရင်းငှား(လယ်ယာအလုပ်အငှားလုပ်ပေးသူ) လုပ်ဖူးတယ်။ လမ်းကြုံတာနဲ့ ဝင်ခဲ့လိုက်တာ။ သွားလိုက်အုံးမယ်ဆိုပြီး ကျောပိုးအိတ်ဆွဲ တလမ်းလုံးငိုပြီး ပြန်လာခဲ့တာ။ အလာတုန်းကပါခဲ့တဲ့ ဆိုင်ကယ်တောင် မေ့ပြီးကျန်ခဲ့တယ်။ အဲ့ဒီနေ့က မူးနေအောင်သောက်ပြီး တနေကုန်ငိုရတယ်ဗျာ။ အခုတော့လည်း ဘာမှမဟုတ်တော့ပါဘူးဆိုပြီး ရယ်နေပေမယ့်သူ့ပုံစံက သိပ်တော့လည်း ဟက်ဟက်ပက်ပက်မရှိဘူး။

ကျနော်လည်း အဲ့ဒီခဏသူနဲ့အတူ ရောယောင်ရယ်လိုက်မိပေမယ့် ဒေါသဟာပုံမှန်ထက် ပိုဆူလွယ်ပွက်လွယ်ပြီး ကြမ်းကြမ်းတမ်းတမ်းနေနေတဲ့ လက်နက်ကိုင်ထားသူတယောက် သူသာမဆင်မခြင်လုပ်ချင်ရင် ဘာမဆိုဖြစ်သွားနိုင်တယ်။ အဲဲဒီအခြေနေမျိုးမှာ ကိုယ့်မိန်းမရဲ့နောက်ယောကျာ်းရှေ့ရပ်ပြီး သူရင်းငှားလုပ်ခဲ့ဖူးတဲ့သူပါ၊ လမ်းကြုံဝင်တာ သွားလိုက်အုံးမယ်လို့ အေးအေးဆေးဆေး ပြောခဲ့သတဲ့လေ။ အိမ်ဆိုတာ ပြန်လို့ရတဲ့အရာမှန်း သိလေ ပိုနာကျင်လေ

ဒါကြောင့်မို့မြစ်တွေဟာ သွယ်ဝိုက်စီးဆင်းတာ ဆိုတဲ့ ဝင်းမြင့်ရဲ့ကဗျာစာသားလိုပဲပေါ့ဗျာ။ အိမ်ဆိုတာ ချစ်တဲ့သူတွေမရှိရင် ကျောပိုးအိတ်ကလေးဆွဲ တလမ်းလုံးငိုပြီးပြန်လာတဲ့ အသည်းကွဲနေတဲ့ တော်လှန်ရေးစစ်သားလေးလို ငိုပြီးလှည့်ထွက်လာကြရမယ့် နေရာပါပဲ။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘မိုးမြင့်​ကျော်’​ရေးဖွဲ့တဲ့ “Soldier Coming Home” ဝတ္ထုတိုကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...

ရသစာတမ်းငယ်

အသက် အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။ မတတ်နိုင်တော့… ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား...

ဝတ္ထုတို

လမ်းတံတားတွေပြုပြင် တိုးချဲ့တာက ကောင်းတော့ကောင်းပါရဲ့။ ဒါပေမဲ့ လမ်းဘေးအရိပ်ရပင်တွေ လုံးပါးပါးကုန်ပြီး ခုလိုနွေနေ့လယ်မျိုးဆို မြင်မြင်ရာဝန်းကျင်က ကွန်ကရစ်ပင်လယ်ပြင်ကြီးလို ဖြစ်နေသည်။ အရင်ကဆို ဒီလမ်းမကြီးက မဟော်ဂနီပင်ညိုရိပ်တွေအောက်မှာ လျောင်းစက်နေတဲ့ လမ်းမကြီးပေပဲ။

သတင်း

ခွန်းနီ ဒီနေ့ပြီးရင်ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာညဆိုရင်လည်းလကတစ်ခြမ်းပဲ သာတော့တယ်အဝေးကြီးကနေရာကိုအဝေးကကြည့်နေရတာဘယ်သူပျော်မလဲ။ အမှောင်ထုထဲအရောင်တွေကလည်း ဖျော့နေလိုက်တာစိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူးငါဟာညတိုင်း အိမ်ပြန်လာနေကျအိမ်ရှေ့က သရက်ပင်ကြီးအောက်အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။ အမေ့ရဲ့ဆူငေါက်သံအဖေ့ရဲ့ကြိမ်းဝါးသံနောက်ပြီး တံခါးထဖွင့်ပေးသံအဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေအခုတော့အရိပ်ယောင်ဆောင်ထားတဲ့အတိတ်တွေပဲ ငါပြန်ရတော့တယ်။ Public Service Announcement စောက်စနစ်ကဆိုးဝါးတော့ငါတို့လူငယ်တွေဟာစစ်ကြီးထဲလုံးလားထွေးလားပေါ့။ ပင်ပင်ပန်းပန်းသင်ယူရကျိုးကျိုးနွံနွံဆည်းပူးရခက်ခက်ခဲခဲတည်ဆောက်ရအပူတပြင်းအသားကျရမောကြီးပန်းကြီးရှေ့ဆက်ရမနိူင်မနင်းထမ်းပိုးခဲ့ရစနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရအတူတူချီတက်ရင်းတချို့သူငယ်ချင်းတွေလွယ်လွယ်ကူကူသေပေးလိုက်ရ။ ဒီစစ်ကြီးထဲမယ်ရှင်ကျန်နေတဲ့ကောင်တွေအဖို့နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။ ဆိုလိုရင်းကိုပြန်ဆက်ရရင်အိမ်ပြန်ဖို့ဆိုတဲ့အသိကလူငယ်တွေအားလုံးမှာရှိတယ်။ အတွေးတွေနဲ့ပိလာတဲ့ညဟာမိုးလင်းသွားပေမဲ့အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။ အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာနေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိငါနဲ့အတူရှိနေတယ်...