ဇူလိုင်-၃၁ရက်၊၂၀၂၅။ရဲခေါင် /People’s Spring
ကရင်ပြည််နယ်၊ မြဝတီမြို့တောင်ဘက်က ဝေါလေဗျူဟာကုန်းစခန်းကို စစ်ကောင်စီကလေကြောင်းကနေ ပေးပို့တဲ့ ကျည်နဲ့ခဲယမ်းရိက္ခာထုပ် နှစ်ထုပ်ကို ဒီကနေ့(ဇူလိုင် ၃၁ ရက်)မှာတော်လှန်ရေးတပ်တွေ ထပ်မံရရှိခဲ့ပါတယ်။
“Airdrop ထုပ်ချလို့ ကျွန်တော်တို့လာကောက်တာပါ။ဘဘကြီးက လှူဒါန်းနေတာ။ဘဘကြီးကိုချစ်သွားပြီ”လို့ ရိက္ခာထုပ်တွေကို သွားကောက်တဲ့ ရဲဘော်က ပြောပါတယ်။
လူထုနွေဦးကရရှိထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ ၅ ဒသမ၅၆နဲ့ ၈၁ ERလို့ ရေးထားတဲ့ အထုပ်ကြီးနှစ်ထုပ်ကို တော်လှန်ရေးတပ်တွေက ရရှိခဲ့တာ တွေ့ရပါတယ်။

Public Service Announcement
ဒီဖြစ်စဥ်မတိုင်ခင် ဇူလိုင်၂၆ ရက်ကလည်း ဝေါလေဗျူဟာကုန်းစခန်းကို လေကြောင်းကနေ ချပေးတဲ့ ဒရုန်းနဲ့ ရိက္ခာထုပ်အချို့ကို တော်လှန်ရေးတပ်တွေရရှိခဲ့ပါသေးတယ်။
ဝေါလေဗျူဟာကုန်းစခန်းမှာ အင်အား ၅၀၀ ဝန်းကျင်နဲ့ စခန်းကုန်းနှစ်ခု၊ ကာကင်းစခန်းငါးခု ပြုလုပ်ပြီး စစ်ကောင်စီတပ်က ခုခံနေတယ်လို့လည်းသိရပါတယ်။
ဝေါလေဗျူဟာကုန်းစခန်းကို တော်လှန်ရေးတပ်တွေက ဇူလိုင် ၂ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်အနီးက စစ်ကောင်စီရဲ့ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊တာလယ်စခန်း များ၊ မယ်လ၊ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးစခန်း၊ ရွှေအေးမြိုင်တပ်စခန်း၊ ဇွန်လ ၃ရက်က သေ့ဘောဘိုးစခန်း၊ ဇွန်လ ၂၂ရက်မှာ ထီးကပလယ်စခန်း၊ ဇူလိုင် ၁၂ ရက်မှာ ဥကရစ်ထစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ရရှိထားပါတယ်။
မြဝတီမြို့တောင်ဘက်က မြန်မာ-ထိုင်းနယ်စပ်မှာ တော်လှန်ရေးတပ်တွေသိမ်းပိုက်ဖို့ ဝေါလေဗျူဟာနဲ့ တီသဲလယ် ကာကင်းစခန်းသာ ကျန်နေတာဖြစ်ပြီး စစ်ကောင်စီက လေကြောင်းက နေ ဗုံးကြဲတာ ၊ရိက္ခာပို့တာတွေအပြင် ကာမီကာဇေအသေခံဒရုန်းတွေ အသုံးပြုနေပါတယ်။
ဇူလိုင် ၂၂ရက်က စစ်ကောင်စီရဲ့ ကာမီကာဇေဒရုန်းတစ်စီး ထိုင်းနိုင်ငံဘက်ကိုကျလို့ မြန်မာဘက်ကို တရားဝင်ကန့်ကွက်စာပေးပို့ခဲ့တယ်လို့ အာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။


















































