စစ်တပ်အတွက် ဒရုန်းဝယ်ယူမှုတွေမှာ ဆိုးဆိုးရွားရွား အဂတိ လိုက်စားပြီး ကိုယ်ကျိုးရှာထားတဲ့ ကိစ္စတွေကို စုံစမ်းတွေ့ရှိထားကြောင်း ယူကရိန်း အဂတိ တိုက်ဖျက်ရေး အေဂျင်စီတွေက ပြောပါတယ်။
စစ်ကာလအတွင်း အဲဒီအေဂျင်စီတွေရဲ့ လုပ်ပိုင်ခွင့်မှာ ကန့်သတ်ခံထားရတာတွေ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ လုပ်ပိုင်ခွင့် အားလုံးကို ပြန်လည် ပေးအပ်ဖို့ ယူကရိန်း လွှတ်တော်က မဲခွဲ ဆုံးဖြတ်ခဲ့ပါတယ်။ နှစ်ရက်အကြာ၊ ဩဂုတ် ၃ ရက်နေ့မှာတော့ ယူကရိန်း အမျိုးသား အဂတိ တိုက်ဖျက်ရေး ဗျူရို (NABU)နဲ့ အဂတိတိုက်ဖျက်မှု စုံစမ်းရေး အစိုးရရှေ့နေများရုံး (SAPO)တို့က ယူကရိန်း စစ်တပ်ထဲမှာ ဒရုန်းတွေနဲ့ တခြား စစ်အသုံးအဆောင် ပစ္စည်းတချို့ကို စျေးတင်ပြီး ဝယ်ယူထားတဲ့ ကိစ္စတွေကို ထောက်လှမ်း တွေ့ရှိထားကြောင်း ကြေညာခဲ့တာပါ။
အစိုးရက ဝယ်ယူတဲ့ စစ်လက်နက် စာချုပ်တွေမှာ စျေးတွေကို ပိုတင်ထားတာ ဖြစ်ကြောင်း၊ တချို့စာချုပ်တွေမှာဆို ရှိရင်းစွဲ တန်ဖိုးထက် ၃၀ ရာခိုင်နှုန်းလောက်ထိ စျေးပိုတင်ထားတာကို တွေ့ရှိရကြောင်း အေဂျင်စီ နှစ်ခုက ဆိုပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပါဝင်ဆက်နွှယ် ပတ်သက်သူတွေကို ဖမ်းဆီးထားတယ်လို့ အတည်ပြုပေမယ့် ဘယ်သူဘယ်ဝါတွေ ဆိုတာကိုတော့ အေဂျင်စီတွေဖက်က မကြေညာပါဘူး။ ဒါပေမဲ့ ယူကရိန်း လွှတ်တော်အမတ် တစ်ဦး၊ မြို့တော်နဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိတွေ၊ အမျိုးသား အစောင့်တပ်ဖွဲ့ရဲ့ လက်နက်ကိုင် အဖွဲ့ဝင်တွေ ပါဝင်နေတယ်လို့ သိရပါတယ်။

Public Service Announcement
ပြည်ထဲရေး ဝန်ကြီးဌာနကတော့ စစ်လက်နက် ဝယ်ယူမှုဆိုင်ရာ အဂတိ ကိစ္စတွေမှာ ဇာတ်လမ်းရှုပ်ထားတဲ့ လက်အောက်ခံ အမှုထမ်းတွေကို ရာထူးက ထုတ်ပယ်ထားပြီး ဖြစ်တယ်လို့ ကြေညာပါတယ်။
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ နိုင်ငံကို လိပ်မူတဲ့ မိန့်ခွန်းတစ်ခုမှာ အဲဒီကိစ္စကို ထည့်သွင်း ရည်ညွှန်းသွားပြီး လက်မခံနိုင်စရာ ကျင့်ဝတ်ချိုးဖောက်မှု တစ်ခုလို့ ရှုတ်ချသွားပါတယ်။
ဒရုန်းတွေဟာ ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲမှာ နှစ်ဖက်စလုံးအတွက် အထူးအသုံးဝင်တဲ့ စစ်လက်နက် အမျိုးအစားတစ်ခု ဖြစ်လာပါတယ်။ ယူကရိန်း စစ်တပ်ဟာလည်း တိုက်ခိုက်ရေး၊ ထောက်လှမ်းရေး၊ ပစ်မှတ် အတိအကျ ချိန်ရွယ် လုပ်ကြံရေးစတဲ့ မစ်ရှင်တွေအတွက် ဒရုန်းတွေ အများအပြားကို ကျယ်ကျယ်ပြန့်ပြန့် ဝယ်ယူနေပါတယ်။
အခု စုံစမ်းတွေ့ရှိခဲ့တဲ့ အဂတိ ကိစ္စကြောင့် ယူကရိန်း စစ်တပ်မှာ ငွေကြေးပမာဏ ဘယ်လောက်များများ နစ်နာ ဆုံးရှုံးခဲ့သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ ဇီလန်စကီးကတော့ အခု အရှုပ်တော်ပုံဟာ အီလက်ထရောနစ် စစ်ဆင်ရေး စနစ်မှာ အသုံးပြုတဲ့ ဒရုန်းတွေ၊ ကာမီကာဇီ ဖောက်ခွဲရေး ဒရုန်းတွေ ဝယ်ယူမှုတွေမှာ ဆက်နွှယ်နေပြီး ပြည့်စုံမျှတတဲ့ စုံစမ်းစစ်ဆေးမှုတွေ လိုအပ်နေကြောင်း ပြောပါတယ်။
အစောပိုင်းတုန်းက စစ်လက်နက် ဝယ်ယူမှုတွေ ပိုမိုမြန်ဆန် ချောမွေ့စေရေးအတွက် အဂတိ တိုက်ဖျက်ရေး အေဂျင်စီတွေရဲ့ စွက်ဖက် လုပ်ပိုင်ခွင့်ကို ဇီလန်စကီးကပဲ လျှော့ချထားခဲ့တာပါ။ ဒါပေမဲ့လည်း လက်နက် ဝယ်ယူရေးမှာ မရိုးမသား ဖြစ်ရပ်တွေ ရှိနေကြောင်း စွပ်စွဲမှုတွေ ထွက်ပေါ်လာတဲ့နောက် ဇီလန်စကီးကပဲ အဲဒီ ကန့်သတ်ချက်တွေကို ပယ်ဖျက်ဖို့ လွှတ်တော်ဆီ အဆိုတင်ခဲ့ပြီး လွှတ်တော်က တခဲနက် ထောက်ခံ မဲပေးခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: AP


















































