Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ရဲ့ အကြီးမားဆုံး စစ်ရေးပြ ချီတက်ပွဲမှာ နိုင်ငံရဲ့ ခေတ်အမီဆုံး စစ်လက်နက်တွေ ခင်းကျင်းပြသ

တရုတ်ရဲ့ အကြီးမားဆုံး စစ်ရေးပြ ချီတက်ပွဲ အစီအစဉ်မှာတော့ ကြိုတင် သတင်းတွေ ထွက်ပေါ်နေတဲ့အတိုင်း နိုင်ငံရဲ့ ခေတ်အမီဆုံး စစ်လက်နက်တွေ၊ အရင်က လူမြင်ကွင်းရှေ့ ထုတ်မပြဖူးတဲ့ စစ်လက်နက်တွေကို ခင်းကျင်း ပွဲထုတ်လာခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

တရုတ်ရဲ့ အကြီးမားဆုံး စစ်ရေးပြ ချီတက်ပွဲ အစီအစဉ်မှာတော့ ကြိုတင် သတင်းတွေ ထွက်ပေါ်နေတဲ့အတိုင်း နိုင်ငံရဲ့ ခေတ်အမီဆုံး စစ်လက်နက်တွေ၊ အရင်က လူမြင်ကွင်းရှေ့ ထုတ်မပြဖူးတဲ့ စစ်လက်နက်တွေကို ခင်းကျင်း ပွဲထုတ်လာခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ်မှာ ဂျပန်တပ်တွေ လက်နက်ချမှု နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် ဘေဂျင်းမြို့တော်၊ တီယန်နန်မင် ရင်ပြင်မှာ စက်တင်ဘာ ၃ ရက် မနက်ပိုင်းက ကျင်းပခဲ့တဲ့ အောင်ပွဲနေ့ စစ်ရေးပြ ချီတက်ပွဲ အခမ်းအနားမှာ တရုတ် သမ္မတ ရှီကျင့်ဖျင်က တရုတ်ရဲ့ စစ်အင်အားဟာ ရပ်တန့်တားဆီးလို့ မရနိုင်တဲ့ အဆင့်မျိုး ဖြစ်လာပြီလို့ ဂုဏ်ပြု ချီးကျူးသွားခဲ့ပါတယ်။

အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို တန်ပြန်စိန်ခေါ်မယ့် နိုင်ငံတကာ အင်အားစုသစ်တစ်ခု ဦးဆောင်တည်ထောင်ဖို့ ရှီရဲ့ အရေးပါတဲ့ ခြေလှမ်းတစ်ခုအဖြစ် သတ်မှတ်စောင့်ကြည့် ခံရတဲ့ အခမ်းအနားကို ရုရှား၊ မြောက်ကိုရီးယား၊ အီရန်တို့ အပါအဝင် နိုင်ငံပေါင်း ၂၆ ခုရဲ့ ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ပါတယ်။

ချီတက်ပွဲမှာ တရုတ်စစ်သား စစ်သမီး ထောင်နဲ့ချီ ပါဝင်ခဲ့သလို သံချပ်ကာယာဉ်တွေ၊ ဒုံးကျည်တင် ထရပ်ကားတွေလည်း အစုအဖွဲ့လိုက် ဖြတ်သန်း မောင်းနှင်ခဲ့ကြပါတယ်။ ကောင်းကင်မှာလည်း လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေက ဧည့်ပရိသတ်တွေရဲ့ အထက်ကနေ ဖြတ်ပြီး ပျံသန်းခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ်တွေထဲမှာတော့ တရုတ်လေတပ်ရဲ့ နည်းပညာပိုင်းအရ ခေတ်အမီဆုံး ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ် J-20တွေလည်း ပါဝင်ခဲ့တာ တွေ့ရပါတယ်။ ရဟတ်ယာဉ်တွေကလည်း ‘တရားမျှတမှု အဓွန့်ရှည်ရမည်၊ ငြိမ်းချမ်းရေး အဓွန့်ရှည်ရမည်၊ ပြည်သူလူထု အဓွန့်ရှည်ရမည်’ဆိုတဲ့ အနီရောင် စာတန်းတွေကို ချိတ်ဆွဲပြီး အုပ်စုဖွဲ့ ပျံသန်းပြခဲ့ပါတယ်။

ပြီးတော့ တရုတ် စစ်ရေးပြ ချီတက်ပွဲတွေမှာ ပထမဆုံး အကြိမ်အဖြစ် နျူကလီးယား တိုက်ခိုက်ရေး ဒုံးကျည် အစုအဖွဲ့တစ်ခု ပါဝင်လာခဲ့ပြီး Dongfeng-5 အမျိုးအစား မျိုးဆက်သစ် တိုက်ချင်းပစ် ဒုံးကျည်တင်ယာဉ် ထရပ်ကားတွေ အစီအရီ ဖြတ်သန်း မောင်းနှင်သွားခဲ့ကြပါတယ်။

အဲဒီဒုံးကျည်တွေဟာ လောင်စာအရည်ကို အသုံးပြုပြီး နျူကလီးယားထိပ်ဖူးတွေ တပ်ဆင် တိုက်ခိုက်နိုင်တဲ့ စစ်လက်နက် အမျီုးအစား ဖြစ်ပါတယ်။ တရုတ်မြောက်ပိုင်းကနေ ပစ်ခတ်မယ်ဆိုရင် အဲဒီဒုံးကျည်တွေဟာ အမေရိကန်နဲ့ ဥရောပထိ ခရီးရောက်နိုင်တယ်လို့ စစ်ရေးသုတေသီတွေက ယူဆထားပါတယ်။

နောက်ပြီး အသံထက် ၅ ဆမက ပိုမြန်တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်တွေ ပစ်ခတ်နိုင်တယ်လို့ ယုံကြည်ရတဲ့ Dongfeng-61 ဒုံးကျည်ပစ်စင်တွေကိုလည်း တွေ့ခဲ့ရပါတယ်။

ချီတက်ပွဲမှာတော့ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက်နည်းပညာသုံး ဒရုန်းတွေ၊ HQ-29 လေကြောင်းကာကွယ်ရေး စနစ်တွေ၊ ရေအောက်ဒရုန်းတွေ အပါအဝင် စစ်တပ်ရဲ့ စစ်လက်နက်နဲ့ စစ်ယန္တရား အမျိုးမျိုးကို အင်အားပြ ခင်းကျင်းသွားခဲ့ပါတယ်။

အခမ်းအနားမှာ သမ္မတကို ချီတက် အလေးပြုခဲ့တဲ့ ဂုဏ်ထူးဆောင် တပ်ဖွဲ့တွေဟာ တရုတ်စစ်တပ်ရဲ့ နောက်ဆုံး ထုတ်လုပ် တပ်ဆင်နေတဲ့ QBZ-191 ရိုင်ဖယ် အသစ်တွေကို ကိုင်တွယ်ထားကြတာ တွေ့ရပါတယ်။

ချီတက်ပွဲ အခမ်းအနား ပြီးခါနီးမှာတော့ မိုးပျံပူဖောင်းတွေ အများအပြားအပြင် ငြိမ်းချမ်းရေး သင်္ကေတ ချိုးငှက်တွေကို လွှတ်ပေးခဲ့ပါတယ်။

၅ နှစ်တစ်ကြိမ်လောက်ပဲ တရုတ်ရဲ့ နောက်ဆုံးပေါ် စစ်လက်နက်တွေကို ထုတ်ပြလေ့ရှိတဲ့ အခမ်းအနားမျိုး ဖြစ်တာကြောင့်လည်း ဒီနှစ် စစ်ရေးပြ ချီတက်ပွဲကို အနောက်နိုင်ငံတွေနဲ့ နိုင်ငံတကာ စစ်ရေးသုတေသီတွေကလည်း အထူးတလည် ဂရုပြု စောင့်ကြည့်ခဲ့ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။