Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိထိရောက်ရောက် မတားရင် ရုရှားရဲ့ ကျူးကျော်မှုက ယူကရိန်းနဲ့တင် ရပ်မှာ မဟုတ်ဘူးလို့ ဇီလန်စကီးပြော

ထိထိရောက်ရောက်သာ မဟန့်တားနိုင်ဘူးဆိုရင် ရုရှားရဲ့ ကျူးကျော်မှုဟာ ယူကရိန်းနဲ့တင် ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက သတိပေး ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AP

ထိထိရောက်ရောက်သာ မဟန့်တားနိုင်ဘူးဆိုရင် ရုရှားရဲ့ ကျူးကျော်မှုဟာ ယူကရိန်းနဲ့တင် ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက သတိပေး ပြောကြားခဲ့ပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့တုန်းက ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ မိန့်ခွန်းမှာ ဇီလန်စကီးက ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ သူ့ရဲ့ ကျူးကျော်စစ်ကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်၊ နက်နက်ရှိုင်းရှိုင်း ချဲ့ထွင်ဖို့ ကြံစည်ထားပြီး ဖြစ်တယ်လို့ ထည့်သွင်း စွပ်စွဲသွားခဲ့ပါတယ်။

မဟာမိတ် နိုင်ငံတွေဖက်က ခိုင်မာတဲ့ စည်းလုံးညီညွတ်မှုကို ပြသပြီး ယူကရိန်းကို အစွမ်းကုန် ထောက်ပံ့ကူညီမှုတွေ တိုးမြှင့်ပေးတာမျိုး မရှိရင် ရုရှားရဲ့ ကျူးကျော်မှုကို နောက်ထပ် နိုင်ငံတွေပါ ကြုံတွေ့လာရလိမ့်မယ်လို့ ဇီလန်စကီးက ဆိုပါတယ်။

ရုရှားရဲ့ ကျူးကျော်မှုနဲ့အတူ ကမ္ဘာ့နိုင်ငံ အသီးသီးဟာ နိုင်ငံတကာ လက်နက် ပြိုင်ဆိုင်မှုတွေ အရှိန်မြင့်လာခြင်းရဲ့ ခြိမ်းခြောက်မှုကို ခံစားနေရပြီလို့လည်း သူက ပြောပါတယ်။ စစ်ရေး နည်းပညာတွေကလည်း အဆင့်မြင့်လာနေသလို နောက်ဆုံးမှာ ဘယ်သူ အသက်ရှင် ကျန်ခဲ့မလဲ ဆိုတာကို လက်နက် ပိုင်ဆိုင်မှုက အဆုံးအဖြတ်ပေးတဲ့ အခြေအနေမျိုး ရောက်လာနေကြောင်း ဇီလန်စကီးက ထောက်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုဖြစ်တဲ့ ယူကရိန်းရဲ့ လုံခြုံရေးကို အာမခံချက် ပေးရာမှာ အားနည်းလွန်းတဲ့ နိုင်ငံတကာ အင်အားစုတွေကိုလည်း သူက ဝေဖန်ခဲ့ပါတယ်။ ဇီလန်စကီးက နာမည်တပ် မပြောပေမယ့် NATO စစ်မဟာမိတ် အဖွဲ့ကို ရည်ညွှန်းခဲ့ဟန်ရှိပြီး လက်ရှိ မျိုးဆက်ဟာ ကမ္ဘာ့သမိုင်းမှာ ဖျက်ဆီးအား အပြင်းဆုံး ဖြစ်နိုင်တဲ့ လက်နက်အပြိုင် တပ်ဆင်မှုကို ကြုံတွေ့ ဖြတ်သန်းနေရကြောင်းလည်း သူက သတိပေးသွားပါတယ်။

သာမန် ရိုးရိုး ဒရုန်းလေး တစ်စီးက နျူကလီးယား ထိပ်ဖူး သယ်ဆောင်လာနိုင်တဲ့ နေ့မျိုးကို ဘယ်နိုင်ငံက အရင်ဖန်တီးနိုင်မလဲ ဆိုတာကို စောင့်ကြည့်နေခြင်းနဲ့ ယှဉ်ရင် မျက်မှောက်ကာလမှာ ရုရှားကို ထိထိရောက်ရောက် ရပ်တန့်တာက အများကြီး သက်သာရာ ရစေလိမ့်မယ်လို့လည်း ဇီလန်စကီးက ပြောကြားသွားပါတယ်။

နောက်ပြီး ဉာဏ်ရည်တု (AI) နည်းပညာနဲ့ ပတ်သက်လို့ နိုင်ငံတကာက အသိအမှတ်ပြု လက်ခံတဲ့ တိကျတဲ့ စည်းမျဉ်းတွေ ချမှတ်ဖို့၊ AIကို လက်နက်တွေအတွက် အသုံးပြုမှုမှာ ကျင့်ဝတ်စံနှုန်းတွေ ထားရှိဖို့လည်း နိုင်ငံတကာ အသိုက်အဝန်းကို သူက တိုက်တွန်းခဲ့ပါတယ်။

အလိုအလျောက် လမ်းကြောင်းရှာ ပျံသန်းတဲ့ ဒရုန်းတွေ၊ လူလိုက်ပါခြင်း မရှိတဲ့ တိုက်လေယာဉ်တွေဟာ သမားရိုးကျ စစ်လက်နက်တွေထက် အများကြီး အန္တရာယ် ပိုကြီးလာနိုင်တယ်လို့ ဇီလန်စကီးက သတိပေးခဲ့ပါတယ်။

ဇီလန်စကီးဟာ ကုသလမဂ္ဂမှာ မိန့်ခွန်းမပြောခင် တစ်ရက်အလို စက်တင်ဘာ ၂၃ ရက်နေ့တုန်းက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီ တွေ့ဆုံမှု အပြီးမှာတော့ ထရမ့်က သူသမ္မတဖြစ်လာပြီးနောက်ပိုင်း ယူကရိန်း အရေးနဲ့ ပတ်သက်လို့ ပထမဆုံး သိသာထင်ရှားတဲ့ မူဝါဒ အပြောင်းအလဲအဖြစ် ယူကရိန်းဟာ စစ်ပွဲ မတိုင်ခင်က ထိန်းချုပ် နယ်မြေတွေ အားလုံးကို ပြန်လည် ရယူပြီး စစ်ကို အဆုံးသတ်နိုင်တာမျိုး ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ အရင်ကတော့ ထရမ့်က စစ်ရပ်ဆိုင်းရေးအတွက် ယူကရိန်း အနေနဲ့ ပိုင်နက် တချို့ကို အဆုံးရှုံး ခံပေးရမယ်လို့ မှတ်ချက်ပေးခဲ့ဖူးပါတယ်။ ပြီးတော့ ရုရှားကို စက္ကူကျားလို့ ထရမ့်က ခိုင်းနှိုင်းသွားပြီး ယူကရိန်း စစ်မြေပြင်မှာ တိကျတဲ့ ရည်ရွယ်ချက် မရှိဘဲ ရန်လို တိုက်ခိုက်နေတာလို့လည်း ဝေဖန်သွားပါတယ်။

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဒီမစ်ထရီ ပက်စ်ကော့ဗ်ကတော့ ရုရှားကို ကျားနဲ့ နှိုင်းတာထက် ဝက်ဝံနဲ့ ခိုင်းနှိုင်းတာ ပိုသင့်တော်ကြောင်း၊ အနည်းဆုံးတော့ စက္ကူဝက်ဝံဆိုတာ မရှိကြောင်း ထရမ့်ရဲ့ စကားကို တုံ့ပြန်ခဲ့ပါတယ်။ သူက ထရမ့်ဟာ ဇီလန်စကီး လှည့်စားတဲ့ စကားတွေကြားမှာ မှိုင်းမိနေဟန် တူတယ်လို့လည်း သုံးသပ်ခဲ့ပါတယ်။ ထရမ့်က ရုရှားဟာ စီးပွားရေးအရ အကြီးအကျယ် အကျပ်အတည်း ရင်ဆိုင်နေရတယ်လို့ ထည့်သွင်း မှတ်ချက်ပေးခဲ့ပေမယ့် ပက်စ်ကော့ဗ်ကတော့ အဲဒီစကားဟာ ရုရှားဖက်က နားလည်ထားတဲ့ အခြေအနေမှန်တွေနဲ့ အရမ်းကြီး ဆန့်ကျင်နေတယ်လို့ ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးအတွက် ချီးမြှင့်ထားတဲ့ နိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ပြုဆုကို ပိုလန်က ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။