စက်တင်ဘာ-၃၀၊၂၀၂၅။တေဇ/People’s Spring
ထိုင်းနိုင်ငံ ဖစ်ဘူရီခရိုင်က လျှပ်စစ်ပစ္စည်းတွေထုတ်လုပ်တဲ့ စက်ရုံက မြန်မာလုပ်သား ၁,၀၀၀ ကျော်ကို အကြောင်းပြချက်မရှိပဲ အလုပ်ဖြုတ်လိုက်လို့ အဲဒီစက်ရုံမှာ ဆန္ဒပြတောင်းဆိုမှုတွေ ဖြစ်ပွားနေပါတယ်။
CD အခွေတွေ၊ ကွန်ပြူတာပစ္စည်းတွေနဲ့ ဖုန်းပစ္စည်းတွေထုတ်လုပ်တဲ့ စက်ရုံမှာ အလုပ်လုပ်ကိုင်တဲ့ မြန်မာလုပ်သား ၁,၄၀၀လောက်ကို ဒီကနေ့ စက်တင်ဘာ ၃၀ရက်မှာ အလုပ်ဖြုတ်လိုက်တာဖြစ်ပါတယ်။
“ဒီနေ့ပဲခေါ်ပြီး ဖြုတ်တဲ့ အကြောင်းပြောတာ။ အလုပ်သမားအများစုက လေးလမပြည့်သေးဘူးဆိုတော့ လျော်ကြေးလည်းမရဘူး။”လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေတဲ့ MHAC မဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။

Public Service Announcement
ဒီအလုပ်သမားတွေဟာ စက်ရုံမှာအလုပ်ရဖို့အတွက် စမတ်ခအဖြစ် ဘတ် ၁၉,၀၀၀ လောက်ပေးဆောင် အကုန်အကျခံထားရတယ်လို့ သိရပါတယ်။
“အလုပ်ရုံဘက်ကလုပ်တာမဟုတ်ဘူး။ ကြားထဲက ဆပ်ကုမ္ပဏီတွေကလုပ်နေတာ။ စမတ်ခတွေယူ ၊ လူသစ်ခေါ် ။ အဲဒီလိုပဲ အမြဲလုပ်နေတာ”လို့ ကိုရဲမင်းက ပြောပါတယ်။
အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားတွေက MHAC အဖွဲ့ကို အကူအညီတောင်းခံတာကြောင့် ထိုင်းဥပဒေအတိုင်း ကူညီပေးသွားမယ်လို့လည်း ဆိုပါတယ်။
အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားတွေအနေနဲ့ ညီညီညွှတ်ညွှတ်နဲ့ အလုပ်သမားအခွင့်အရေးရဖို့ တောင်းဆိုရမယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေတဲ့ အေအေစီမဟာမိတ်အဖွဲ့က ဦးခိုင်ကြီးက ပြောပါတယ်။
“ထိုင်းနိုင်ငံရဲ့ ဥပဒေအရ အလုပ်သမားတယောက်က အလုပ်ဝင်လို့ လေးလအတွင်းမှာ ငါးလအတွင်းမှာ အလုပ်ဖြုတ်ခံရရင် နစ်နာကြေး ငွေတစ်သောင်းပေးလိုက်ရင်ပြီးရောဆိုတာက ဥပဒေ။ ကျွန်တော်တို့ အလုပ်သမားအရေးလုပ်တော့ ဥပဒေတစ်ခုတည်းကြည့်လို့ မရဘူး။ အခွင့်အရေးကိုကြည့်ရတယ်။”လို့ ဦးခိုင်ကြီးက ပြောပါတယ်။
အလုပ်သမားတွေအနေနဲ့လည်း အားလုံး ညီညီညွှတ်ညွှတ်နဲ့ အလုပ်ရှင်ကို သူတို့နေရာအတွက် အလုပ်သမားသစ် ထပ်မံမခေါ်ယူဖို့ ၊ ခေါ်ယူရင် သူတို့နစ်နာမှုတွေအတွက် ပေးဆောင်ရမယ်ဆိုတဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်သင့်တယ်လို့ ၎င်းက အကြံပြုပါတယ်။
“အကုန်လုံးသာ စက်ရုံအပြင်ဘက်ကိုထွက်လိုက် ကျွန်တော်ရှင်းမယ်။ အဲဒီ့စက်ရုံထဲကို ကျွန်တော် ဝင်ရှင်းလို့မရဘူး။ အဲဒီ့ရုံးမှာလည်းမရှင်းဘူး။ ရှင်းရမယ့်နေရာရှိတယ်။ အလုပ်သမားတွေစည်းလုံးမယ်ဆို သွားစရာတောင်မလိုဘူး။ အုပ်လိုက်ကျွန်တော့်ဆီလာခဲ့” လို့ ဦးခိုင်ကြီးက ပြောပါတယ်။





















































