■ပုဂံမြို့တောင်ဘက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့နေ
အောက်တိုဘာ-၁၁၊၂၀၂၅။ဇေအောင်/People’s Spring
စစ်ရေးလိုအပ်ချက်အရ ညောင်ဦး-ကျောက်ပန်းတောင်းလမ်းပိုင်းမှာ ခရီးသွားယာဥ်တွေ သတိပြုလိုက်နာရမယ့်အချက်တွေထုတ်ပြန်ထားတယ်လို့ ပုဂံဘီလူးတပ်လို့ခေါ်တဲ့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က လူထုနွေဦးကို ပြောပါတယ်။
ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းပိုင်းကို ည ၁၁နာရီမှ မနက် ၅နာရီအတွင်း ယာဥ်တွေ ဖြတ်သန်းသွားလာချိန်မှာ မှန်တံခါးတွေချပြီး မောင်းနှင်ပေးဖို့နဲ့ ယာဥ်တွေအားလုံး ပုံမှန်ထက်ပိုပြီး အရှိန်ပြင်းစွာ မောင်းနှင်ခြင်းမပြုကြဖို့အထူးဂရုပြု လိုက်နာဆောင်ရွက်ပေးစေလိုတဲ့အကြောင်း ညောင်ဦးပကဖက အောက်တိုဘာ ၉ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

Public Service Announcement
ညောင်ဦးမြို့နယ်အတွင်း စိုးမိုးမှုရရှိဖို့ ကြိုးစားနေတဲ့ ကာလဖြစ်လို့ ပြည်သူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ ယာဥ်တွေကို တားဆီးပြီး အခွန်ကောက်ခံတာ၊အလှူခံတာတွေလုံးဝမပြုလုပ်ကြောင်း ညောင်ဦးပကဖက အသိပေးပါတယ်။
စစ်ကောင်စီတပ်ဟာ လက်တလောအတွင်း ညောင်ဦးမြို့နယ်ကို စစ်အင်အားတွေ ပို့ဆောင်နေတယ်လို့ ညောင်ဦးပကဖ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“စစ်ရေးလိုအပ်ချက်အရပေါ့။အခုကသီတင်ကျွတ်ပွဲတော်ကာလလည်းပြီးပြီ။ ဘုရားဖူးတွေလည်း ပြန်ကြပြီဆိုတော့ ပုံမှန်ဖြစ်သွားပြီ။ ဒီအချိန်မှာ ပြည်သူတွေအနေနဲ့ ကားတွေကို သတိထားမောင်းနှင်ကြဖို့ အကြံပြုပါတယ်။ ဒီလမ်းပိုင်းအတွင်းမှာပေါ့”လို့ ညောင်ဦး ပကဖကပြောပါတယ်။
ဒီကနေ့ (အောက်တိုဘာ ၁၁ရက်) မနက်မှာ စစ်ကောင်စီတပ်က ပုဂံမြို့တောင်ဘက်က ကျေးရွာတွေကို အင်အား ၁၅၀လောက်နဲ့ စစ်ကြောင်းထိုးနေတယ်လို့ ညောင်ဦးပကဖက ပြောပါတယ်။
“ဒီမနက်မှာ ကန်နီပေါက်ရွာကို မီးရှို့နေတယ်ကြားတယ်။ ကျောက်ကန်ဘက်လည်းဆက်တိုးနေတယ်ကြားတယ်”လို့ ညောင်ဦးပကဖက ပြောပါတယ်။
ညောင်ဦး-ကျောက်ပန်းတောင်းလမ်းပေါ်နေရာတချို့နဲ့ ညောင်ဦးမြို့အဝင်မှာတော့ စစ်ကောင်စီတပ်က လူငယ်တွေပါတဲ့ ခရီးသွားကားတွေကိုတော့ စစ်ဆေးလေ့ရှိတယ်လို့ ခရီးသွားခဲ့သူတွေက ပြောပါတယ်။
ပုဂံကို သီတင်းကျွတ်ပိတ်ရက်က ရောက်ခဲ့တဲ့ ခရီးသွားခဲ့တဲ့ မန္တလေးမြို့ခံ အမျိုးသားတဦးက “မှတ်ပုံတင်အနောက်မှာ အသက်ဘယ်နှနှစ်ပြည့်လဲပါဆိုပြီး ပါနေလို့ အသက်ကျော်နေရင် စမတ်ကတ်ပြရတယ်။ မပါရင် ၃၀၀၀ ပေးရတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ညောင်ဦးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စု မီးရှို့လို့ ကျေးရွာ ၅ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေးတယ်။

















































