နိုဝင်ဘာ ၂၇၊ ၂၀၂၆။ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်ကို အထိနာအောင်တိုက်ခိုက်ထားနိုင်ပြီး ထိန်းချုပ်နယ်မြေ ပိုကျယ်ပြန့်လာတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)က တပ်မဟာ အသစ်တစ်ခုတိုးချဲ့ဖွဲ့စည်းလိုက်ပြီး တပ်မဟာ(၉)အဖြစ် အမည်ပေးထားကြောင်း KNU သတင်းရင်းမြစ်က ပြောပါတယ်။
KNU မှာ ခရိုင် ၇ခု၊ တပ်မဟာ ၇ခု ရှိရာ လက်ရှိ အသစ်ဖွဲ့လိုက်တဲ့ တပ်မဟာ(၉)ကို KNU မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)လက်အောက်ရှိ တပ်ရင်းအချို့၊ KNU ဒူးပလာယာခရိုင် တပ်မဟာ(၆) လက်အောက်ရှိ တပ်ရင်းအချို့နဲ့ အသစ်ဖွဲ့စည်းလိုက်တာလို့ဆိုပါတယ်။
“ တပ်မဟာ(၈) မရှိသေးဘူး။ တာဝန်ခံတဲ့သူက နံပါတ်(၈) မကြိုက်လို့ နံပါတ်(၉)ထည့်လိုက်တာ။ တပ်မဟာ(၉) ဖွဲ့ထားတာတော့ သုံးလေးငါးလရှိပြီ။ သူတို့က တပ်မဟာ(၄)တပ်ရင်းအချို့ရယ် တပ်မဟာ(၆) တပ်ရင်းအချို့ရယ်။ တပ်မဟာမှူးကျတော့ ဗိုလ်ရန်နိုင်လေ။” လို့ KNU သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
လက်ရှိမှာ တပ်မဟာမှူးဟာ ဗိုလ်မှူးကြီးအဆင့် ဖြစ်ပြီး သတ်မှတ်ကာလမှာတော့ ဗိုလ်မှူးချုပ်အဆင့် ရာထူးတိုးမြှင့်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
တပ်မဟာ(၉)ဟာ လတ်တလောမှာ KNU မြိတ်ထားဝယ်ခရိုင်အောက်က တပ်မဟာတခုအဖြစ် တည်ရှိမှာဖြစ်ပြီး နောက်ပိုင်းမှာ ခရိုင်သစ်ထပ်မံ တိုးချဲ့ဖွဲ့စည်းသွားဖို့လည်းရှိတယ်လို့ အသိပေးပါတယ်။ ခရိုင်၊ တပ်မဟာ အသစ်ထပ်မံတိုးချဲ့ဖို့လျာထားတာရှိတယ်လို့ ဆိုပါတယ်။
KNU မှာ ခရိုင်နဲ့တ ပ်မဟာ ၇ခုရှိရာ တပ်မဟာ(၁) သထုံခရိုင်၊ တပ်မဟာ(၁) တောင်ငူခရိုင်၊ တပ်မဟာ(၃)ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင်၊ တပ်မဟာ(၅)ဖာပွန်ခရိုင်၊ တပ်မဟာ(၆) ဒူးပလာယာခရိုင်၊ တပ်မဟာ(၇) ဖားအံခရိုင်တို့ဖြစ်ပြီး အဲဒီ ခရိုင် ခုနစ်ခုအောက်မှာ မြို့နယ်ပေါင်း ၂၈မြို့နယ်ရှိပါတယ်။ KNU အနေနဲ့ မြို့နယ်တိုးချဲ့ဖွဲ့စည်းတာတွေလည်း ပြုလုပ်ခဲ့တာရှိပါတယ်။
KNUဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ-ထိုင်းနယ်စပ် နယ်စပ်ဒေသ အပါအဝင် ခရိုင်တပ်မဟာ အသီးသီးအတွင်းရှိ စစ်တပ်စခန်း ရာချီကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အပါအဝင် မဟာမိတ်ပူးပေါင်းတပ်တွေနဲ့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာရှိခဲ့ပါတယ်။ လက်ရှိမှာလည်း KNU၊ KIO၊ KNPP၊ CNF၊ NUG၊ CRPH တို့ပါဝင်စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်ရေးကော်မတီ မှာလည်း KNU ဟာ စစ်ရေးပိုင်းကို KIOနဲ့အတူ ပူးတွဲ ဦးဆောင်လျက်ရှိပါတယ်။
တပ်မဟာ(၉)အဖြစ်စုဖွဲ့မှုမှာ ပါဝင်တဲ့ တပ်ရင်းအချို့ဟာ အခုနှစ်မတ်လက စစ်သင်တန်းဆင်းပွဲတရပ်ကို အင်အား ၄၅၀ ကျော်နဲ့ ပြုလုပ်ကာ လက်နက်တပ်ဆင်မှု ပြုလုပ်ခဲံပါတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ ၆ ဗျူဟာမှူး ဗိုလ်မှူးကြီးစောရန်နိုင်(ခ) စောနယ်ဒါးထူး ဦးဆောင်တဲ့ KNLA အထူးဗျူဟာ အမှတ်(၂)ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို မတ်လ တတိယပတ်မှာ ပြုလုပ်ခဲ့တာပါ။ အဲဒီ အခြေခံ စစ်သင်တန်းဆင်းပွဲကို KNLA -အထူးဗျူဟာအမှတ်(၂) မှ KNLA တပ်ရင်း ၂၇၊ တပ်ရင်း ၁၂၊ တပ်ရင်း ၁၀မှ ရဲဘော် ၄၅၃ ဦး သင်တန်းဆင်းခဲ့တာဖြစ်ပြီး လက်နက်တပ်ဆင်နိုင်ခဲ့တယ်လို့ KNLA တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောထားပါတယ်။
“စစ်ရေးမြှင့်တင်ဖို့အတွက် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်း အားလုံး တစုတစည်း ညီညီညွတ်ညွတ်နဲ့ စစ်တိုက်ပါ။ ဒီစစ်အာဏာရှင် မပြုတ်မချင်း တော်လှန်ရေးတပ်ဖွဲ့အသီးသီးမှာ အောင်ပွဲယူပြီး ပန်းတိုင်ရောက်ဖို့ ဆက်သွားပါ။” လို့လည်း တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောမူးဂေက အဲဒီတုန်းက ပြောကြားခဲ့ပါတယ်။























































