အောက်တိုဘာ-၁၂၊၂၀၂၅။လူအေး/People’s Spring
အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက် နေပြီး တိုက်ပွဲတွေပြင်းထန်နေတဲ့ လေးမျက် နှာမြို့နယ်ကို စစ်ကောင်စီတပ်က ရန်ကုန်နဲ့ ဧရာဝတီတိုင်းက စစ်မှုထမ်းသင်တန်းဆင်းတွေ ဆက်တိုက်ပို့ပြီး ခုခံနေပါတယ်။
အောက်တိုဘာ ၁၁ရက်မနက် ဝေလီဝေလင်းက အမိုးအုပ်စစ်ကားအစီး ၂၀ ကျော်ဟာ ဇလွန်နဲ့ ဟင်္သာတမြို့ကိုဖြတ်ပြီး လေးမျက်နှာမြို့ဘက်ကို မောင်းသွားပါတယ်။
” မိုးမလင်းခင် ဝေလီဝေလင်းမှာ ခပ်မြန်မြန်မောင်းသွားတာ။ ဟင်္သာတမှာ လမ်းမှားပြီး ဝင်သွားလို့ မြို့ထဲလမ်းမှာ ပိတ်ဆို့နေသေးတယ်။ ကားပေါ်မှာ စစ်သင်တန်းဆင်းတွေ အများကြီးပါလာတယ်”လို့ ဟင်္သာတမြို့ လယ်တော်ရပ်က ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်က ဆုံးရှုံးထားတဲ့ တပ်ရင်း၊ တပ်မဌာနချုပ်၊ တိုင်းဌာနချုပ်တွေ အပါအဝင် စစ်ရေး၊ နိုင်ငံရေးအရ အချက်အချာကျပြီး နေရာအချို့၊ မြို့၊ ရပ်ရွာတွေကို ပြန်လည် သိမ်းပိုက်ဖို့ နိုင်ငံအနှံ့ ထိုးစစ်တွေပြုလုပ်နေကြောင်းနဲ့ ဧရာဝတီတိုင်းထဲက လေးမျက်နှာမြို့နယ်၊ မကွေးတိုင်းထဲက နတ်ရေကန်ဗျူဟာ၊ပဲခူးတိုင်းထဲက ညောင်ကျိုးဗျူဟာကုန်းတွေမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ AA က အောက်တိုဘာ ၁၀ရက်ညမှာ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီနေ့ရာတွေမှာ စစ်ကောင်စီတပ်ရဲ့ တန်ပြန်ထိုးစစ်တွေကြောင့် နေတိုင်းနီးပါး တိုက်ပွဲတွေဖြစ်နေတယ်လို့ ဆိုပါတယ်။
လေးမျက်နှာမြို့နယ်ဟာ ဧရာဝတီတိုင်းထဲက ဟင်္သာတ၊ အင်္ဂပူ၊ ရေကြည်မြို့နယ်တွေအပြင် ရခိုင်ပြည်နယ်နဲ့လည်း ဆက်စပ်နေပါတယ်။ အဲ့ဒီက စစ်ကောင်စီစခန်းတွေကို ဇွန်လဆန်းမှာ AA နဲ့ ပူးပေါင်းတပ်တွေ စတင်တိုက်ခိုက်ခဲ့တာပါ။
လေးမျက်နှာမြို့နယ်ထဲက စက်စက်ယိုကျေးရွာအပါအဝင် စခန်းတချို့ကို AA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူထားတာပါ။
ပြီးခဲ့တဲ့သြဂုတ်လထဲမှာတော့ ဒေသခံစစ်ဘေးရှောင်တွေကို နေရပ်ကိုပြန်ဖို့ စစ်ကောင်စီကဖိအားပေးပြီး တချိန်တည်းမှာ မြေပြင်စစ်ကြောင်းတွေ၊ လေကြောင်းနဲ့လက်နက်ကြီး အင်အားတွေနဲ့ တန်ပြန်ထိုးစစ်စတင်ခဲ့တာပါ။ ဒါပေမယ့် စစ်ကောင်စီ သေဆုံးမှုများပြီး တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားခဲ့သလို လေကြောင်းကနေလည်းနေ့စဉ်နီးပါး ဗုံးကြဲနေခဲ့တာပါ။
AAနဲ့ပူးပေါင်းတပ်တွေသိမ်းယူထားတဲ့ နေရာတွေက ဟင်္သာတခရိုင်၊ ကွင်းကောက်မြို့မှာရှ်ိတဲ့ စစ်ကောင်စီတန်းမြင့်လေ့ကျင်းရေးကျောင်း တတက(၅)နဲ့လည်း မိုင်အနည်းငယ်သာဝေးပါတယ်။
စစ်မှုထမ်းသင်တန်းဆင်းတွေကို တတက(၅)ဆီပို့ပြီး စစ်ကောင်စီက အင်အားဖြည့်နေတာပါ။
ယခင်ကလည်း စစ်ကောင်စီတပ်က တခြားတိုင်းနဲ့ပြည်နယ်ကတော့ စစ်မှုထမ်းအင်အားတွေကို ရန်ကုန်နဲ့ ဧရာဝတီတိုင်းကတဆင့် ရခိုင်နယ်စပ်ကို ပို့ခဲ့ဖူးပါတယ်။
” တခါတလေမှာဗျာ။ စစ်ကားတွေကိုမှာပါလာတဲ့ စစ်မှုထမ်းတွေက အမိုးအုပ်ထားတဲ့ကားတွေပေါ်ကနေ ပြူပြီးကြည့်နေတာ မျက်နှာငယ်လေးတွေနဲ့။ တခါတလေကျတော့ စိတ်လွတ်နေသူတွေလိုပဲ စစ်သီချင်းတွေ အော်ပြီး မြို့ကို ဖြတ်သွားကြတာ”လို့ ဇလွန်မြို့ခံတစ်ဦးက ပြောပါတယ်။
စစ်မှုထမ်းသင်တန်းဆင်းတွေဟာ တိုက်ပွဲတွေမှာသေဆုံးမှုတွေများပြီး ထွက်ပြေးတာတွေ၊ ဖမ်းမိတာတွေရှိတယ်လို့ AAနဲ့ ပူးပေါင်းတပ်တွေကထုတ်ပြန်ထားပါတယ်။ စစ်မှုထမ်းသင်တန်းဆင်းတွေအနေနဲ့ လက်နက်ချအလင်းဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
လေးမျက်နှာမြို့နယ်ကတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူငါးထောင်ကျော်ရှိနေပြီး အကူအညီတွေပေးကြဖို့အတွက် ဧရာဝတီတိုင်းထဲက အရပ်ဖက်လှုမှုကူညီရေးလုပ်ဆောင်သူတွေက တောင်းဆိုထားပါတယ်။
လက်ရှိမှာ လေးမျက်မြို့နယ်အပြင် နတ်ရေကန်ဗျူဟာနဲ့ညောင်ကျိုးဗျူဟာကုန်းတွေမှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး မြေပြင်တိုက်ပွဲတွေမှာ AAနဲ့ ပူးပေါင်းတပ်တွေ အသာစီးရနေတယ်လို့သိရပါတယ်။ အမြောက်နဲ့လေကြောင်းရန် ကာကွယ်ရေးစခန်းရှိတဲ့ နတ်ရေကန်ဗျူဟာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စတင်ဆုတ်ခွာနေပြီလို့ တချို့ကပြောသလို ဗျူဟာဘေးက အဓိကစခန်းတွေကိုလည်း AAနဲ့ ပူးပေါင်းတပ်တွေ ဆက်တိုက် သိမ်းယူနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
လေးမျက်နှာမြိုနယ်၊ နတ်ရေကန်ဗျူဟာနဲ့ညောင်ကျိုးဗျူဟာကုန်းတွေမှာ တိုက်ပွဲတွေပြင်းထန်နေကြောင်းသာ AAက အသိပေးထားပြီး အသေးစိတ် ထုတ်ပြန်ခြင်းမရှိသေးပါဘူး။


















































